သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ကူညီမှု ထိုင်းအာဏာပိုင်တွေကို ကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်


Thailand Myanmar
Thailand Myanmar

ထိုင်းနယ်စပ် မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲရောက်လာတဲ့ ဒုက္ခသည်တွေအခြေအနေနဲ့ အရေအတွက်တိုးလာမှုကို စောင့်ကြည့်ဖို့ ထိုင်းကျန်းမာရေးဌာန အထူးစုံစမ်းရေးမှူး Dr. Sopon Eiamsiritaworn ကို တာဝန်ပေးထားတယ်လို့ ထိုင်းနိုင်ငံထုတ် the Nations သတင်းမှာ ကိုးကားဖော်ပြပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာကူညီမှု စံနှုန်းစံထားအတိုင်း စောင့်ရှောက်သွားမှာဖြစ်တယ်လို့ Dr Sopon က the Nations သတင်းစာကြီးကို ပြောပါတယ်။ လက်ရှိအားဖြင့်တော့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံရေးနဲ့ အစာ ရေစာ ထောက်ပံ့ဖို့ Tak ခရိုင် ဒေသတာဝန်ရှိသူတွေနဲ့ လုံခြုံရေးအာဏာပိုင်တွေ စောင့်ရှောင်နေကြတယ်လို့လည်း Dr. Sopon က ပြောပါတယ်။

လတ်တလော မြန်မာဘက်ကတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ကို ခုံလှုံလာသူ မြန်မာဒုက္ခသည် သုံးထောင်လောက်ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ပြောသလို ထိုင်းကာကွယ်ရေးဝန်ကြီးကလည်း လုံခြုံရေးအခြေအနေတွေအတွက်အနီးကပ်ကြည့်ရှုဖို့ မဲဆောက်မြို့ကို ဒီရက်ပိုင်းအတွင်း သွားရောက်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကလည်း နယ်စပ်အခြေအနေကို မျက်မြင်ကြည့်ရှုစစ်ဆေးဖို့ လာမယ့် အင်္ဂါနေ့ မဲဆောက်မြို့ကို သွားရောက်မယ်လို့ X လူမှုကွန်ယက်မှာရေးထားပါတယ်။

NUG နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် စစ်ဘေးရှောင် အရေအတွက် ပိုများပြားလာနိုင်ပြီး ထိုင်းနိုင်ငံအနေနဲ့ ဆက်လက်ကူညီဖို့နဲ့ NUG ကလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း ဖော်ပြပါတယ်။ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရယ်ဆိုင်ရာ ဝန်ကြီးဌာနကလည်း စစ်ရှောင် အိမ်ထောင်စု ၂၅၀ အတွက် ဧပြီ ၂၁ ရက်နေ့က ထောက်ပံ့ကူညီခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ မြန်မာစစ်ကောင်စီထုတ်ပြန်ချက်မှာတော့ မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် (၂) မှာ လုံခြုံရေးဆောင်ရွက်နေကြတဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခံရတယ်ဆိုတာကိုပဲ ထုတ်ပြန်ထားပြီး အရပ်သားဒုက္ခသည်တွေနဲ့ပတ်သက်လို့ တစုံတရာပြောထားတာမရှိသေးပါဘူး။

ဒုက္ခသည်ကူညီမှု ထိုင်းအာဏာပိုင်တွေကို ကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG