သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်သံနဲ့ အသံလွှင့်ဥပဒေ ပြည်ထောင်စုလွှတ်တော်အတည်ပြု


ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်း (ဓာတ်ပုံ- MOI/သြဂုတ် ၂၆၊ ၂၀၁၅)
ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်း (ဓာတ်ပုံ- MOI/သြဂုတ် ၂၆၊ ၂၀၁၅)

မြန်မာနိုင်ငံအတွက် ပထမဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု လိုက်ပါပြီ။ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှ့င်ခြင်းဆိုင်ရာ ဥပဒေတရပ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက် ရုပ်သံလွှင့်လုပ်ငန်းတွေကို ဥပဒေ ကြောင်းနဲ့အညီ လုပ်ဆောင်ခွင့်ရရှိတော့မှာဖြစ်တဲ့အတွက် ကြိုဆိုမှုတွေရှိသလို ဒီဥပဒေအပေါ် လက်တွေ့ဆောင်ရွက်နိုင်ခြေနဲ့ ပတ်သက်လို့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံချက်နဲ့ အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

“ဥပဒေကြမ်း အခန်း (၁၀) နောက်တွင် အခန်း (၁၁) အယူခံခေါင်းစဉ်နှင့် ပုဒ်မ ၈၉ တို့ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ဖြည့်စွက်ချက် အတိုင်း အတည်ပြုကြောင်း ကြေညာပါတယ်။”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို နိုင်ငံတော်သမ္မတဦးသိန်းစိန် အနေနဲ့ တရားဝင် လက်မှတ်ရေးထိုးအတည်ပြုပေးဖို့ လွှတ်တော်ကနေပေးပို့သွားမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ဥပဒေကြမ်းကော်မတီရဲ့သုံးသပ်ချက်အတိုင်း အတည်ပြုလိုက်တာပါ။ သမ္မတပြန်ပို့တာကို မဲခွဲတဲ့အတွက်ပေါ့ -ပြန်ပို့ပြီးလို့ရှိရင်တော့ သမ္မတက လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ထပ်ပြင်လို့လည်း မရဘူးပေါ့နော်။ သူ့ရက်ပြည့်တဲ့အခါမှာ ဥပဒေဖြစ်ပါပြီ။ နောက်ဆုံးအဆင့်ပြီးသွားပါပြီ။ အစကတော့ ပြန်ကြားရေးက ခလုတ်နှိပ်သလို ပြန်ကြားရေးက ပေးတဲ့တီးလုံးနဲ့ပဲ ကနေရတာကိုးဗျ။ သူတို့လိုရင်လိုသလို၊ သူတို့မလိုရင်မလိုသလို ဖြစ်နိုင်တာပေါ့။ ဒီဥပဒေထွက်ပြီးတဲ့နောက်ပိုင်းကျတော့ ပြန်ကြားရေး ကဏ္ဍက မှေးမှိန်သွားပါပြီ။ ကျနော်တို့ကတော့ ဒီလောကကြီးက ပြန်ကြားရေးကို ခေါင်းပေါ်တင်ထားရတာကိုးဗျ။ အခု ဥပဒေဖြစ်လာတဲ့အခါကျတော့ ပြန်ကြားရေးလည်း - အောက်ရောက်သွားပါပြီ။ အားလုံးတန်းတူဖြစ်သွားပါပြီ။”

ပြည်ထောင်စုလွှတ်တော်ကနေ မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်နိုင်တဲ့ ဒီရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတရပ်ပြဋ္ဌာန်းလိုက်နိုင်တဲ့အပေါ် ကြိုဆိုပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ ဒီဥပဒေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက အခုလိုသုံးသပ်ပါတယ်။

“အဲဒီ ရုပ်မြင်သံကြားနဲ့ ဥပဒေကြမ်းကို ပြန်ကြားရေးကဆွဲတဲ့ဥပဒေကို လွှတ်တော်က အတည်ပြုတာ ဖြစ်နေတာပေါ့။ တဘက်ကလည်း ဒီ ရုပ်သံအတွက် Broadcast မီဒီယာသမားတွေကလည်း ကြိတ်ပုန်းမီဒီယာတွေရဲ့အခန်းကဏ္ဍရယ်၊ Public Service Media တွေရဲ့ အခန်းကဏ္ဍတွေရယ်ကို ပိုပြီးတော့ ဦးစားပေးထားသယောင်ရှိတယ်။ ခြုံပြီးပြောရရင်တော့ ပြန်ကြားရေးက လုပ်တဲ့ဥပဒေမှန်သမျှဟာ အစိုးရက ဆွဲတဲ့ဥပဒေ၊ တဘက်ဆွဲတဲ့၊ ပြန်ကြားရေး …နဲ့ဆွဲတဲ့အစိုးရပေါ့၊ ဥပဒေတွေဟာ အစိုးရပဲဆွဲရမယ်လို့ ဥပဒေပြဌာန်းထားတာ မဟုတ်ဘူးပေါ့။ သက်ဆိုင်ရာဘယ်သူပဲဖြစ်ဖြစ် ဥပဒေရေးဆွဲလို့ရတယ်၊ ဥပဒေတင်တဲ့နည်းလမ်းကသာ နှစ်လမ်းပဲရှိတယ်။ လွှတ်တော်က လက်ခံရင် ဥပဒေက တင်လို့ရတယ်။ ဆိုတော့ အစိုးရဆွဲတဲ့ဥပဒေဆိုတာ အစိုးရအားသာချက်ရှိအောင် သူတို့က လုပ်မှာပဲ။ နောက်တခါ - ဥပမာ ပြန်ကြားရေးဆိုလည်း ပြန်ကြားရေးရဲ့ရပ်တည်မှု မပျက်ယွင်းအောင်၊ နောက်တခါ အကယ်၍ ပြန်ကြားရေးက - တကယ်လို့ ဒီမိုကရေစီနိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာန မရှိတော့ဘူးဆိုရင်တောင်မှ နောင်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဘယ်ပုံစံနဲ့ ဒီဝန်ထမ်းတွေကို survive ဖြစ်အောင်လုပ်မလဲဆိုတာ စဉ်းစားပြီး ဆွဲတဲ့ဥပဒေတွေပဲ များတယ်။ အစိုးရဘက်ကဆွဲတဲ့ဥပဒေတွေဟာ အများစုက လွှတ်တော်က လက်ခံရတာတွေ့ရတယ်။ နောက်တခုက လွှတ်တော်ထဲမှာလည်း ဒီဥပဒေတွေကို ပိုင်ပိုင်နိုင်နိုင်၊ ကျွမ်းကျွမ်းကျင်ကျင် လေ့လာပြီးတော့ သေချာအလုပ်လုပ်နိုင်တဲ့လူကလည်း နည်းတယ်။ ဒီပြဿနာတွေရှိတဲ့အခါကျတော့ ဥပဒေတွေဟာ နောင်မှာ ပြန်ပြင်ဆင်စရာဥပဒေတွေက များတယ်။”

အခုလို ရုပ်မြင်သံကြားနဲ့အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတွေပြဋ္ဌာန်းလိုက်နိုင်တဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ တရားဝင် လိုင်စင်လျှောက်ထားလုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာနိုင်တော့မှာဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းတွေ ဥပဒေနဲ့အညီ ပိုပြီးတော့မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်တော့မှာဖြစ်တယ်လို့လည်း ဦးကျော်မင်းဆွေကပြောပါတယ်။

အများပြည်သူသိရှိနိုင်အောင် နိုင်ငံပိုင်သတင်းစာကနေ ကြေညာထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်း ထဲမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနကဦးဆောင်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့ပြီး နိုင်ငံတော်သမ္မတက ရွေးချယ်ထားတဲ့ အဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေနဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ် လွှင့်ခြင်းဆိုင်ရာကောင်စီကိုလည်း ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒီကောင်စီကနေ လိုင်စင်လျှောက်ထားသူတွေ လိုက်နာရမယ့်ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် အသံလွှင့်မှုခေတ္တဆိုင်းငံ့ခြင်း၊ လိုင်စင်သိမ်းယူခြင်းစတဲ့လုပ်ပိုင်ခွင့်ရှိပြီး ကောင်စီရဲ့ သက်တမ်း ငါးနှစ်ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒီရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတရပ်ပြဋ္ဌာန်းလိုက်နိုင်ပြီး ဒီဥပဒေ စတင်အာဏာတည်ချိန်ကစလို့ ရုပ်မြင်သံကြားနဲ့ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကို အများပြည်သူ ပိုမိုအသုံးပြုလာနိုင်စေရန်၊ အများပါဝင်ဆောင်ရွက်နိုင်တဲ့ စနစ်တခု ပံ့ပိုးပေးရန်နဲ့ နိုင်ငံတွင်း ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာလုပ်ငန်းတွေမှာ လွတ်လပ်ပြီး အမှီအခုကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အပြင် လိုင်းနှုန်းနဲ့ လိုင်စင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ တရားမျှတမှုရှိစေရန် စသဖြင့် ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်နဲ့ အခြေခံမှုတွေကို အများပြည်သူသိရှိအောင် ဖော်ပြထားတာဖြစ်ပါတယ်။

XS
SM
MD
LG