သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ကော်မတီဖွဲ့ဖို့အဆို လွှတ်တော် အတည်ပြု


 ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းရေး အရေးကြီး အဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကကို ပူးပေါင်းကော်မတီဥက္ကဌအဖြစ် တာဝန်ပေးပြီး လွှတ်တော်တွင်းကနိုင်ငံရေး ပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်အရေအတွက် အချိုး ကျ ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်တယ်လို့ လွှတ်တော်နာယကကပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး ဆိုင်ရာအရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ အင်္ဂါနေ့က အကျိတ်အနယ် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အဲဒီဆွေးနွေးချက်တွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြန်လည်းရှင်းလင်းဆွေးနွေးပြီးတော့ မဲခွဲဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၆၆ နဲ့အညီ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး ဒါဟာ ဥပဒေမူကြမ်းတစ်ခုရရှိရေးအတွက် ဆောင်ရွက်တာဖြစ်လို့ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မတွေနဲ့လည်း ငြိစွန်းခြင်းမရှိကြောင်း ရှင်းလင်းပါတယ်။

“ဒီအဆိုတင်သွင်းရခြင်း၏ ရည်ရွယ်ချက်ကို ကြည့်မည်ဆိုပါက ရှေးက လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံ ဆွေးနွေးသွားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်ပြီး သဘော တူညီမှုရရှိတဲ့ ဥပဒေကြမ်းတစ်ခုရရှိသည်အထိ အဆင့်ဆင့် ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်များကို အစပြုနိုင်ရန် ရည်ရွယ်ပြီး တင်သွင်းတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ခြင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ မှ ၁၄၃ အထိပါ ပြဋ္ဌာန်းချက်များနဲ့ သက်ဆိုင်ခြင်းမရှိသေးပါ။ ”

အဲဒီလိုရှင်းလင်းပြီးတဲ့နောက် မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲ နဲ့ ပူးပေါင်းကော်မတီဖွဲ့စည်းရေးဆိုင်ရာ အရေးကြီးအဆိုကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

အဆိုကို အတည်ပြုပြီးနောက်မှာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ကို ဥက္ကဌအဖြစ် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က တာဝန်ပေးအပ်ပြီး ကော်မတီကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ဦးတီခွန်မြတ်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

“အဆိုအတည်ဖြစ်တဲ့အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ် ဦးရေတူညီမျှတစွာ သင့်လျော်သောအရေအတွက်ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပူးပေါင်းကော်မတီရဲ့ ဥက္ကဌအဖြစ် ပြည်ထောင်စုလွှတ်တေ်ာ ဒုတိယနာယကကို တာဝန်ပေးအပ်သွားမှာဖြစ်ပြီး လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့မှ ကိုယ်စားလှယ်အရေအတွက် အချိုးကျ ပါဝင်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ”

နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို သင့်လျော်တဲ့အချိန်မှာ ဖိတ်ခေါ် ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ကြောင်းနဲ့ ဒီဆွေးနွေးပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ပါဝင်ရေး၊ ပူးပေါင်း ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်းတွေကိုလည်း သတ်မှတ်သွားမှာဖြစ်ကြောင်း ဦးတီခွန်မြတ်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ပူးပေါင်းကော်မတီဖွဲ့စည်းပြီး ကော်မတီရဲ့ လုပ်ပိုင်ခွင့်၊ တာဝန်နဲ့ ရည်ရွယ်ချက်တွေအပေါ်မူတည်ပြီး စဉ်းစား ဆုံးဖြတ်ဖို့ရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အင်္ဂါနေ့မှာ ပြောထားပါတယ်။

ဒီကနေ့ လွှတ်တော် ခေတ္တနားချိန်မှာတော့ တပ်မတော်အနေနဲ့ ကော်မတီဖွဲ့စည်းရေးမှာ ပါဝင်ဆွေးနွေးဖို့ ရှိကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်က အခုလို ပြောပါတယ်။

“ကော်မတီဖွဲ့ဖို့လည်း ပြန်ပြီးတော့ ဆွေးနွေးမယ်လို့ ပြောထားတယ်လေ။ အဲဒီဆွေးနွေးတဲ့အခါကျတော့မှ ဘယ်နှစ်ယောက်နဲ့ ဘယ်လိုဖွဲ့မယ်ဆိုတာ ဝိုင်းဝန်းပြီးဆွေးနွေးမှာပေါ့။ ကော်မတီမှာပါတဲ့ ဦးရေတွေရဲ့ အချိုးတွေ က ဘယ်လိုပါမယ်ဆိုတာရယ်၊ ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေရယ်၊ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေရယ်၊ ဒါတွေနဲ့ ကျနော်တို့ သိလာမှပဲ ဆက်လက်ပြီးဆွေးနွေးဆောင်ရွက်ရမှာပါ။ ဆွေးနွေးတဲ့အခါကျရင် ကျနော်တို့ ခေါင်းဆောင်တွေသော်လည်းကောင်း၊ ကိုယ်စားလှယ်တွေသော်လည်းကောင်း ပါမှာပေါ့။ ဒီကော်မတီဘယ်လို ဖွဲ့ကြမလဲ၊ ဘယ်လိုတွေ လုပ်ကြမလဲ ဆွေးနွေးမှာပေါ့။ ကျနော်တို့ ဒါ တက်ရမှာပေါ့။”

အရေးကြီးအဆိုတင်သွင်းတဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က အဆိုကို ဆွေးနွေးရေးနဲ့ပတ်သက်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်မဲပေးတာမရှိခဲ့ပေမဲ့ ဒီကနေ့ ကော်မတီ ဖွဲ့စည်းရေးအဆိုကို မဲခွဲ အတည်ပြုရာမှာတော့ ကန့်ကွက်မဲပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG