သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီအပေါ် တိုင်းရင်းသားတွေအတွက် မျှော်လင့်ချက်


NLD ပါတီက လွှတ်တော်တွင်း ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စမှာ တိုင်းရင်းသားဒေသတွေနဲ့ဆိုင်တဲ့ ဥပဒေတချို့ကို ပြင်ဆင်နိုင်လိမ့် မယ်လို့ လေ့လာ သုံးသပ်သူ တချို့က မျှော်လင့်နေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကိုဖွဲ့စည်းဖို့ ပြည်ထောင်စု လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပြီးနောက် အခုလို ပြောဆိုလိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းနိုင်ရေးကို ဖေဖေါ်ဝါရီ ၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ အတည်ပြု လိုက်ပြီဖြစ်တာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းစပွင့်သွားပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဒုတိယ နာယက ဦးထွန်းထွန်းဟိန်ကို ပူးပေါင်းကော်မတီရဲ့ ဥက္ကဌအဖြစ် လွှတ်တော်က တာဝန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီတော့ ပူးပေါင်းကော်မတီရဲ့ လုပ်ပိုင်ခွင့် လုပ်ငန်းတာဝန်တွေက ဘာတွေဖြစ်လာနိုင်မှာပါလဲ။ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ရှေ့နေ ဦးမင်းလွင်ဦးက ရှင်းပြတာကတော့ -

“ပူးတွဲကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပြင်သင့်တဲ့ အချက်အလက်တွေ ပြင်ဖို့ရည်ရွယ်ထားတဲ့အချက်အလက်တွေပေါ့ဗျာ ဒါတွေကို ပြုစုတင်ပြဖို့ တာဝန်ပေးတဲ့သဘောမျိုးဖြစ်တယ်လေ။ အဲ့တော့ ကျနော်တို့ထင်တာတော့ သူတို့ကနေပြီးတော့ ပြင်သင့်တဲ့ အချက်အလက်တွေ ပြင်မယ်။ အဲ့ဒီတွေအထဲမှာ လူအများလက်ခံနိုင်မဲ့ အချက်အလက်တွေကို ကိုယ်စားလှယ်တွေနဲ့ သဘောတူညီချက်တွေနဲ့ အတည်ပြုမှုယူမယ်လို့ အဲ့ဒီလိုတော့မှန်းရတာပဲ။”

ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ရေး အရေးကြီးအဆိုကို စတင်ချိန်ကစပြီး တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ကန့်ကွက်မှုတွေ ရှိလာခဲ့ တာပါ။ ဒါ့ကြောင့် ပြင်ဆင်ဖို့ခက်ခဲအောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဘယ်လိုအချက်တွေကို ပြင်ဆင်နိုင်မလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ရှေ့နေ ဦးမင်းလွင်ဦးက ခုလိုသုံးသပ်ပါတယ်။

“အဲ့တော့ တိုင်းရင်းသားတွေလိုချင်တာ ကိုယ့်ဒေသမှာ ကိုယ့်ရဲ့နိုင်ငံရေးပါတီတွေကနေ ရွေးချယ်တင်မြှောက်ထားတဲ့ သူတွေက ဦးဆောင်ပြီးတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှုတို့ စီမံခန့်ခွဲခွင့်တို့ အဲ့ဒါတွေ ရမှသာ ဒီပြည်တွင်းငြိမ်းချမ်းရေးက တစိတ်တပိုင်း အဆင်ပြေမှာကိုး။ အဲ့တော့အဲ့ဒီဥစ္စာတွေကို အဓိကဇောင်းပေးပြီး ပြင်မယ်ဆိုလို့ရှိရင်တော့ အတိုင်းအတာတခုတော့ ဖြစ်သွားလိမ့်မယ်လို့ ကျနော်တော့ယူဆပါတယ်။ ဥပမာ ဆိုပါတော့ဗျာ- ကျနော်တို့ ၀ဒေသကနေ သူတို့ဘာသာသူတို့စီမံခန့်ခွဲတဲ့ ကိစ္စကလည်းဖြစ်နေတယ်။ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ၀ဒေသက မရှိဘူးဖြစ်နေ တယ်ဆိုတော့ ကိုယ်စားလှယ်တွေက ဘယ်လိုသဘောထားမလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှသာ အဆင်ပြေမည့်သဘောမျိုးရှိနေတော့ တချို့ဥစ္စာတွေကတော့ ပြင်ဖို့ကို စစ်တပ်ကလဲသဘောတူမယ်လို့ ကျနော်တော့ယူဆပါတယ်။”

NLD ပါတီကတော့ သူတို့ပါတီ အာဏာရလာရင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးလုပ်သွားမယ်လို့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ကာလတုန်းက ပြောထားခဲ့တာပါ။ အာဏာရပြီး ၃ နှစ်လောက်အကြာမှာမှ ပြင်ဆင်ဖို့ ဘာကြောင့်လုပ်လာရသလဲ ဆိုတာကိုတော့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ် အရှေ့တောင်အာရှရေးရာဌာန ကထိကဟောင်း ဦးခင်မောင်စောက ခုလို ရှုမြင်ပါတယ်။

“သူတို့က ရွေးကောက်ပွဲတုန်းက ကတိပေးထားတာ ရှိတာကိုး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ရေးဟာ သူတို့အတွက် အရေးကြီးဆုံး အချက်ပဲလေ၊ အခု အာဏာရလာတာ ၃နှစ်လောက်ရှိပြီ.. ဘာမှ မလုပ်ရသေးဘူးဆိုတော့၊ နောက် ရွေးကောက်ပွဲက ပြန်နီးလာပြီ သူတို့လည်း တခုခု လုပ်ပြရတော့မယ်လေ။ လုပ်ပြရမယ်ဆိုတော့ အဲဒီတော့မှ အရေးတကြီးကောက်ပြီးတော့ အခု ဖွဲ့စည်းပုံဥပဒေ ပြင်မယ် ဘာမယ် သူတို့လုပ်လာတာကိုး။ လုပ်လာတော့ ပြင်မယ်ဆိုတာက သူတို့ဘယ်လောက်ထိ ပြင်မယ်ဆိုတာက ကတိမှ မရှိပဲ၊ အဲဒီထဲက ပုဒ်မ တခုနှစ်ခုလောက် ပြင်နိုင်ရင်လည်း သူတို့ပြောတဲ့ကတိ တည်သလို ဖြစ်နေတာပေါ့။ အဲဒါ ရွေးကောက်ပွဲအတွက်လည်း ပါတယ်လို့ ကျနော် ယူဆတယ်။”

NLD ရဲ့ အခုလို ဖွဲ့စည်းပုံပြင်ရေးကိစ္စဟာ တရုတ်နိုင်ငံနဲ့ NLD တို့ကြား ဆက်ဆံရေးအပေါ်မှာလည်း မူတည်နေလိမ့်မယ်လို့ ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“ဒါပေမယ့် အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ နှစ်ဦးနှစ်ဖက် ဝှက်ဖဲတွေနဲ့ ကစားနေကြတယ်လို့ ကျနော်ထင်တယ်။ ဟို မြစ်ဆုံအရေးတွေ ဘာတွေ ပြန်ဖြစ်လာတဲ့အခါမှာ NLDကလည်း ဘာမှ လူထုကို ပွင့်ပွင့်လင့်လင်း ချပြတာတွေမရှိသေးဘူး ခုထက်ထိ၊ ဒီ မြစ်ဆုံတို့ဘာတို့ ကိစ္စနဲ့လည်း NLDက တရုတ်နဲ့ ဘာတွေညှိထားလဲ ဘာမှမသိဘူး။ တရုတ်က မြန်မာပြည်ထဲမှာလိုတဲ့ Project တွေကို သူတို့ပေးမယ် ဆိုလို့ရှိရင် .. အဲဒါ တရုတ်ကလည်း သူတို့ဒီ NLD အစိုးရအလိုကျ ပြန်ပြီးတော့ လုပ်ပေးရမှာတွေရှိတယ်။ တဖက်က တရုတ်ကလည်း ဗမာစစ်တပ်ကို တတ်နိုင်သလောက် သူတို့ပြောပေးနိုင်တဲ့ အပိုင်းတွေရှိတယ်။ အဲလိုဖြစ်နေတဲ့အတွက်ကြောင့် ဒီ ပြင်ဆင်သင့်တဲ့ဟာတွေ ပြင်ပေးလိုက်ပါ သိပ်ပြီးအရေးမကြီးတဲ့ဟာတွေ ပြင်ပေးပါဘာညာ .. အဲဒါမျိုး ပြောကောင်းပြောနိုင်တယ်။”


ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီထဲမှာ လွှတ်တော်တွင်းက နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သားအစုအဖွဲ့ရဲ့ ကိုယ်စားလှယ် အရေအတွက်ကို အချိုးကျ ပါဝင်ထည့်သွင်း ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၃ လောက်မှာ “ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ၂နှစ်လောက် လွှတ်တော်တွင်း ဆွေးနွေးခဲ့ကြပေမယ့် ဖွဲ့စည်းပုံထဲက အဓိကကျတဲ့အချက်တွေကိုတော့ ပြင်ဆင်ခဲ့ခြင်း မရှိပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG