သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်သဘောထားမပါပဲ ခြေ/ဥပြင်နိုင်ပါ့မလား


ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် မယ်ဆိုတဲ့ အစီရင်ခံစာပါ အချက်တွေထဲ အရေးကြီးဆုံးပြင်ဆင်ရမယ့်အချက်နဲ့ စိန်ခေါ်ချက် အများဆုံးအချက်ဟာ ပုဒ်မ ၄၃၆ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းကြောင်းအရသွားမယ်ဆို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်မပါဝင်ရင် အခက်အခဲရှိနိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၅ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တင်ပြချက်ပေါင်း ၃၇၆၅ ချက်ကို တနင်္လာနေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီတင်ပြချက် ၃၇၀၀ကျော်ထဲမှာ အရေးကြီးဆုံးအချက်ဟာ ပုဒ်မ ၄၃၆ ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ မင်္ဂလာဒုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

“ အရေးအကြီးဆုံးကတော့ ၄၃၆ပဲ ထင်ပါတယ်။ အဲဒါမှ ကျန်တဲ့အချက်တွေမှာ သဘောထားမတိုက်ဆိုင်ဘူး ၊ ဒီလွှတ်တော်မှာပဲဖြစ်ဖြစ်၊ ကျန်တဲ့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ လွှတ်တော်မှာပဲဖြစ်ဖြစ် အဲဒီမှာ ကျန်တဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့ သဘောဆန္ဒနဲ့ ပြင်ဆင်နိုင်မယ်လို့ ထင်ပါတယ်။ အဲတော့ အရေးအကြီးဆုံးကတော့ အရင်တုံးကလည်း ပါတီဘက်ကနေ လက်မှတ်တွေ ကောက်ပြီးတော့ campaign တွေ ဘာတွေလုပ်ခဲ့တဲ့ ဟာတွေ ရှိပါတယ်။ အဲတော့ ၄၃၆လို့ပဲ ထင်ပါတယ်။ ”

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၆(က)မှာ အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ရာခိုင်နှုန်းကျော်ရဲ့ သဘောတူညီချက် ရယူဖို့နဲ့အဲဒီနောက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ပြင်ဆင်ရမယ်လို့ ဖော်ပြထားပါတယ်။

၄၃၆(ခ)မှာတော့ ၄၃၆(က)မှာ မပါဝင်တဲ့ ပုဒ်မတွေကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ရာခိုင်နှုန်းကျော်ရဲ့သဘောတူညီချက်နဲ့ ပြင်ဆင်နိုင်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး NLD နဲ့ ရခိုင်အမျိုးသားပါတီတို့က တင်ပြထားတဲ့ အချက်တွေကို ဦးအောင်လှိုင်ဝင်းက အခုလို ဆက်လက်ပြောပါတယ်။

“ NLD ဘက်က ပြင်ချင်တာက ပုဒ်မ ၄၃၆(က)ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံ နှစ်ပုံနဲ့ ပြင်ဆင်ပြီးတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရမယ်။ နောက် (ခ)ကိုကျတော့ သိပ်ပြီးတော့ အရေးမကြီးတဲ့အချက်တွေကို ကန့်သတ်ထားတဲ့(ခ)ကိုကျတော့ NLD ဘက်က ဟာကို အရင် ပြောမယ်နော်။ သုံးပုံနှစ်ပုံနဲ့ ပြင်ရမယ်။ အဲတော့ NLD ဘက်ကတော့ သိပ်အပြောင်းအလဲမရှိဘူး။ အရင် ၇၅ရာခိုင်နှုန်းကျော်ကို သုံးပုံနှစ်ပုံပေါ့ ၆၇ရာခိုင်နှုန်းနဲ့ ပြောင်းလဲမယ်ပေါ့။ ရခိုင်ဘက်ကျတော့ သူက ၄၃၆(က)ကို ကိုယ်စားလှယ်ရဲ့ သုံးပုံ နှစ်ပုံနဲ့ ပြင်ဖို့ သဘောတူတယ်။ နောက် ပုဒ်မ (ခ)ကိုကျတော့ ကိုယ်စားလှယ်တွေရဲ့ ၅၀ရာခိုင်နှုန်းကျော်နဲ့ သဘောတူတယ်။ ”

ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုရင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုမရရင် ပြင်ဆင်ဖို့ ခက်နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

“ ခု လက်ရှိအခြေအနေအရဆိုရင် အဲဒီကို သွားဖို့ ဆိုတာ ဖွဲ့စည်းပုံလမ်းကြောင်းနဲ့ အညီ သွားမယ်ဆိုရင်တော့ တပ်မတော်သားတွေ သဘောတူမှ ရမှာပေါ့နော်။ ဆိုတော့ တပ်မတော်ဘက်က ဘာမှ မဆွေးနွေးဘူးဆိုတာလည်း ကြားမှာပါ။ တပ်မတော်ဘက်က ဘာမှ ဝင်ရောက်ဆွေးနွေးခြင်း မရှိဘူးဆိုတော့ အခက်အခဲတော့ရှိလာနိုင်တာပေါ့နော်။ ဒီအပေါ်မှာတော့။ ”

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီအဖွဲ့ဝင် ချင်းပြည်နယ်က အမှတ် ၅က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူးဂင်ကမ်းလျန်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ အရေးအကြီးဆုံးကတော့ အခန်း၁၂က ၄၃၆ပေါ့ဗျာ။ အဓိကက။ ကျနော်တို့လည်း သုံးပုံ နှစ်ပုံလို့ ပြင်ထားပါတယ်။ လူထုဆန္ဒကလည်း မဲပေးနိုင်သူမဟုတ်ဘဲနဲ့ မဲလာရောက်ပေးတဲ့သူရဲ့ ထက်ဝက်ကျော်ပေါ့။ ကျနော်တို့လည်း တင်ထားပါတယ်။ သူ့မူရင်းကတော့ မဲပေးနိုင်သူဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ ဒါက။ ပုံမှန်တောင်မှ တစ်နိုင်ငံလုံးမှာ ၇၀ရာခိုင်နှုန်းလောက် မဲထည့်တာကိုး။ အဲဒီ ၇၅ရာခိုင်နှုန်းမဟုတ်ဘဲနဲ့ သုံးပုံ နှစ်ပုံလောက်အထိ လျှော့ချရင်တော့ ကျနော်တို့ ဖွဲ့စည်းပုံကို သိပ်လွယ်တာလည်းမဟုတ်ဘူး၊ သိပ်ခက်ခဲတာလည်း မဟုတ်ဘူး။ ကျနော်တို့ အနေတော်လောက်နဲ့ ပြင်ဆင်လို့ ရမှာပေါ့။ ဒါတော့ တပ်မတော်အပေါ်မှာပဲ မူတည်လိမ့်မယ်လေ။ သူတို့လည်း ပြည်သူ သန်းပေါင်း ၅၀အနေအထား၊ တိုင်းပြည်အနေအထားကိုတော့ သူတို့ ထောက်ရှုမယ်လို့ မျှော်လင့်ပါတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းမှာ အကျိတ်အနယ်ဆွေးနွေးနိုင်ဖွယ်ရှိတဲ့ တင်ပြချက်တစ်ခုကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုလျော့ချဖို့ပဲဖြစ်ပါတယ်။ NLD ပါတီက နောက်တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ တပ်မတော်သားပါဝင်မှုကို ၁၅ရာခိုင်နှုန်း၊ စတုတ္ထအကြိမ်မှာ ၁၀နဲ့ ပဉ္စမအကြိမ် မှာ၅ရာခိုင်နှုန်းထားရှိဖို့ တင်ပြထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ သူတို့ ပြည်နယ်လုပ်ပိုင်ခွင့်၊ တိုင်းရင်းသားလူမျိုးတွေရဲ့ လုပ်ပိုင်ခွင့် စတာတွေတိုးမြှင့်ရေးဟာ ဖွဲ့စည်းပုံမှာ ပြင်ဆင်ရမယ့် အရေးကြီးအချက်တွေအဖြစ် ရှုမြင်တာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG