သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်နိုင်ရေး တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်တွေ ပူးပေါင်းပါဝင်ဖို့လို


၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းစာအုပ်ကို ရောင်းချနေတဲ့ လက်ပွေ့ဈေးသည်တဦး (ဧပြီ ၂၈၊ ၂၀၁၈)

ပြင်ဆင်ဖို့ ခက်ခဲတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက တပ်မတော်ဘက်က ပူးပေါင်းပါဝင်မှုနဲ့ အနိုင်ရ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်မှ ဖြစ်နိုင်ခြေ များမယ်လို့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ဖို့ ထောက်ခံတဲ့အဆို တင်သွင်းခဲ့တဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တဦးက ပြောဆိုလိုက်ပါတယ်။ NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ဖွဲ့စည်းပုံပြင်နိုင်ရေးက ဒီ NLD အစိုးရလွှတ်တော် သက်တမ်း အတွင်းမှာတော့ အလားအလာ သိပ်မကောင်းဘဲ အခက်အခဲတွေနဲ့ရင်ဆိုင်ရဦးမယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ၂၀၂၀ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆိုင်နိုင်ရေး ဖြစ်နိုင်ခြေ အလားအလာတွေနဲ့ ပတ်သက်တဲ့သုံးသပ်ချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက် နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကော်မတီဖွဲ့ဖို့ မဲခွဲအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ အချိုးကျဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော် နာယကဘက်က အစည်းအဝေးတွေ ခေါ်ယူပြီး ညှိနှိုင်းဆွေးနွေးနေပေမဲ့လို့ ကိုယ်စားလှယ် အချိုးကျပါဝင်နိုင် မှု သဘောတူညီချက်မရနိုင်သေးဘဲ ရှိနေပါတယ်။

ဒီလိုအနေအထားမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အလားအလာကောင်းနိုင်ဖို့ကတော့ တပ်မတော်ဘက်က ပူးပေါင်းပါဝင်ဖို့လိုအပ်သလို အနိုင်ရပါတီNLD အစိုးရဘက်ကလည်း ငြိမ်းချမ်းရေးလမ်းကြောင်းကနေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လိုတယ်လို့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ဖို့ ထောက်ခံတဲ့အဆိုတင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော်က ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် မထုမေက အကြံပြုပါတယ်။

“ဖွဲ့စည်းပုံပြင်ဖို့ကတော့လေ၊ ကော်မတီထဲမှာ တခြားသောပါတီများက ပုဂ္ဂိုလ်တွေလည်း ပါဝင်နေတဲ့အခါကျလို့ ရှိရင်လည်း သူတို့ကိုလည်း အတတ်နိုင်ဆုံးတော့ ညှိနှိုင်းတိုင်ပင်ရမယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီကော်မတီတွေအနေနဲ့ ကျန်တဲ့ နှစ်နှစ်အတောအတွင်းမှာ တကယ့်ကို မလွယ်ကူပါဘူး။ တကယ်တန်း အဓိက key player ဖြစ်တဲ့ တပ်မတော်ရဲ့သဘောထား မပြောင်းလဲသရွေ့ကတော့ တော်တော့်ကို ပြင်ဆင်ဖို့ ခက်ပါမယ်။ ဒါပေမယ့် တခုခုတော့ ထွက်ပေါက်အနေနဲ့ စဉ်းစားရမှာပဲ။ ……ဘာစဉ်းစားရမလဲဆို လွှတ်တော်ထဲက ၂၅ % ကို ကျမတို့ စဉ်းစားရမယ်။ တကယ်လို့သာ ၂၅ % သာ တစုံတရာ အပြောင်းအလဲ ရှိသွားမယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ၂၅ % ရဖို့ကလွယ်သွားလိမ့်မယ်လို့ ယူဆပါတယ်။ အဓိက Key player က တပ်မတော်ပါ။ ဒါကြောင့်မို့လို့ ကျမတို့ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ …တခုတည်းသောနည်းလမ်းက တပ်မတော်ရဲ့သဘောထား ပျော့ပြောင်းမှုပါ။ သဘောထားပျော့ပြောင်းလာအောင်လည်း နိုင်ငံ့ခေါင်းဆောင်တွေကနေပြီးတော့မှ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ကျမတော့ ထင်ပါတယ်။ အပေးအယူ မျှတမှသာလျှင် အဆင်ပြေမှာဖြစ်ပါတယ်။ အပေးအယူမျှဖို့ကလည်း ဖွဲ့စည်းပုံသည် တကယ့်ကို ပြင်ဆင်ဖို့ ခက်ခဲသောဖွဲ့စည်းပုံကြီး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ …… အင်မတန်စဉ်းစားစရာပါ။ ”

NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ဖွဲ့စည်းပုံပြင်နိုင်ရေးက ဒီNLD အစိုးရလွှတ်တော် သက်တမ်း အတွင်း ပြန်လည်ကြိုးပမ်းလာတဲ့ အနေအထားဖြစ်ပေမဲ့ NLD ဘက်က ဒီ့ထက်ပိုပြီးတော့ တိကျခိုင်မာတဲ့ အချက်တွေကို ပြည်သူတွေကို ချပြသင့်သလို တခြား နိုင်ငံရေးပါတီတွေနဲ့ပါ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ နိုင်ငံရေးအကဲခတ်ဦးအောင်သူငြိမ်းကလည်း သုံးသပ်ပါတယ်။

“ကျနော်ထင်တယ်။ NLD ကလေ သူ့ရဲရွေးကောက်ပွဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြန်တင်လာတာလည်း ပါတယ် ပေါ့နော်။ အဲဒီလိုအနေအထားမှာ အခက်အခဲတွေရော၊ ပိတ်ဆို့ခံရတာတွေရော ပေါင်းစုံလည်း ကြုံရနိုင်တယ် လို့တော့ ထင်ပါတယ်။ အဲဒီတော့ ဆိုလိုတဲ့သဘောက NLD က ဘယ်အချက်တွေ ပြင်ချင်သလဲဆိုတာ ပြည်သူ လူထုကို ချပြတာ မရှိသေးဘူးပေါ့နော်။ မရှိတဲ့အခါကျတော့ အခု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဘက်ကလည်း ဖွဲ့စည်းပုံပြင်မယ်ဆိုပြီးတော့ ဥပဒေကြမ်းတွေ တင်လာတဲ့ဟာတွေ ရှိတာပေါ့နော်။ အဲဒီဟာက ကျနော်ထင်တယ်ဗျ။ နိုင်ငံရေးအရပေါ့နော် သူသာအောင်၊ ကိုယ်သာအောင်ဆိုတဲ့ ကြိုးစားကြတဲ့အနေအထား မျိုးပေါ့။ အဲဒီ အနေအထားမှာတော့ ကျနော်မြင်တာကတော့ ဖွဲ့စည်းပုံပြင်ရေးလုပ်မယ်ဆိုရင် တခြား ပါတီတွေနဲ့ စကားပြောဖို့ လိုမယ်ထင်တယ်။ နောက်တခုကကျတော့ ကိုယ်ဘာပြင်ချင်သလဲဆိုတဲ့ အချက်တွေလည်း ကြိုပြီးတော့ ချပြတာမျိုးတွေရှိမှ စိုးရိမ်ပူပန်မှုတွေ နည်းမယ်ထင်ပါတယ်။”

NLD လွှတ်တော်ကိုယ်စားလှယ် အများစုရှိနေတဲ့ လွှတ်တော်ဖြစ်ပေမဲ့လို့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းပါဝင်မှု မရှိခဲ့ရင် အလားအလာ သိပ်မကောင်းဘဲ အခက်အခဲတွေနဲ့ရင်ဆိုင်ရဦးမယ်လို့လည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် မြန်မာ့နိုင်ငံရေး လေ့လာနေသူဖြစ်တဲ့ သီပေါအမတ်ဟောင်း ဦးရဲထွန်းကလည်း ရှုမြင်ပါတယ်။

“အခု NLD က ချလိုက်တဲ့လမ်းကြောင်းအတိုင်းဆိုရင် သိပ်ပြီးတော့ ကြာမယ်ဗျ။ ကြာမယ်၊ သူက အများကြီး စကားတွေများကြမှာတွေပေါ့နော်၊ ဆွေးနွေးတာ၊ ညှိနှိုင်းတာ၊ ဘယ်ဟာပြင်သင့်တယ်၊ ဘယ်ဟာ မပြင်သင့်ဘူး၊ အဲဒါတွေတောင်မှ မချရသေးဘူး၊ ကော်မတီဖွဲ့ရေးတောင်မှ အဝှာဖြစ်နေတယ်ဆိုတော့ အဲဒီလမ်းကတော့ ကြာမယ်။ USDA က တင်ထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို အတူ ပူးပေါင်းပြီး ဆောင်ရွက်တာကတော့ ပိုပြီးတော့ မြန်လိမ့်မယ်ထင်တယ်။ အဲဒီမှာ ကျနော်တို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာတွေ ဝင်ပြီး ပူးပေါင်းပြီးတော့ ပြင်ကြလို့ရှိရင်တော့ မြန်လိမ့်မယ်လို့ ထင်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်တွေတင်မကဘဲ ဥပဒေပညာရှင်တွေ၊ အစုအဖွဲ့ တွေနဲ့ စနစ်တကျ အချိန်ယူရေးဆွဲခဲ့တာမို့ ပြန်လည်ပြင်ဆင်မယ်ဆိုရင် ဒီပညာရှင်တွေ အစုအဖွဲ့တွေကို ပြန်လည် ဖိတ်ခေါ်ဖို့လိုအပ်သလို ငြိမ်းချမ်းရေးလမ်းကြောင်းကနေသွားနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ လည်း ပူးပေါင်းပါဝင်မယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ပြင်ဆင်ချက်တွေဖြစ်လာနိုင်တယ်လို့ သမ္မတဟောင်း ဦးသိန်းစိန် ဘက်ကလည်း အကြံပြုထားပါတယ်။

အနိုင်ရပါတီ NLD ဘက်က လွှတ်တော်တွင်း လမ်းကြောင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းလာချိန်မှာပဲ လတ်တလောမှာတော့ အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ပြင်ဆင်လိုတဲ့ဥပဒေတချို့ကို တင်သွင်းလာနေချိန်လည်းဖြစ်ပါတယ်။ တချိန်တည်း မှာပဲ ဒီကနေ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ဆင်နိုင်ရေး ရန်ကုန်မြို့ မြို့တော် ခမ်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG