သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေး ကြိုးပမ်းမှုအပေါ် အမြင်တချို့


ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်ကိုတက်ရောက်လာစဉ်
ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်ကိုတက်ရောက်လာစဉ်

နေပြည်တော်မှာရှိနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းအတွင်း ခရီးမထွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတားမြစ်ထားပါတယ်။ ဒါဟာ သမ္မတဖြစ်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) (စ) ကို လက်ရှိစတင်ကျင်းပနေတဲ့ လွှတ်တော်နှစ်ရပ်မှာ ဆိုင်းငံဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ အတွက်များ ဖြစ်လေမလား လို့ ခန့်မှန်းသုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အချက်ကိုဆိုင်းငံနိုင်တာဟာ အရေးပေါ်အခြေအနေမှာ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ယူထားချိန်အတော်အတွင်းမှာပဲ လုပ်ပိုင်ခွင့် ရှိတယ်လို့ပြောပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်လက်တင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦးလုံး နိုင်ငံခြားသားဖြစ်နေတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူအနေနဲ့သမ္မတဖြစ်ဖို့ ကန့်သတ်ချက်တွေရှိနေဆဲပါ။ ဒါပေမဲ့လည်း နေပြည်တော်ကို ရောက်ရှိနေတဲ့ NLD နာယက သူရဦးတင်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ကိုဖြစ်လာရမယ်လို့ သတင်းထောက်တွေကိုအခုလိုပြောသွားပါတယ်။

“သမ္မတဖြစ်ရမှာပေါ့။ မဖြစ်ဖြစ်အောင်လဲ လုပ်မှာ။ ကျနော်ကအားလုံးအောင်မြင်အောင်အတွက် ထမ်းပို့မယ့် အထမ်းသမား၊ ပြည်သူ့ဘက်က အထမ်းသမား။”

ဦးတင်ဦးအနေနဲ့သမ္မတဖြစ်လာဖို့ရောရှိမလားလို့ သတင်းထောက်တဦးကမေးရာမှာ တော့ သူ့အနေနဲ့သမ္မတလုပ်မှာမဟုတ်ကြောင်းအခုလိုဖြေကြားခဲ့ပါတယ်။

“ဘယ်တော့မှ မလုပ်ချင်ဘူး။ မလုပ်ဘူး။ သူ့ကိုအောင်မြင်အောင်လုပ်ပေးမယ်၊ ကျနော်တတ်နိုင်သမျှကူညီမယ်ဆိုတဲ့အတိုင်းပဲဆောင်ရွက်နေပါတယ်။”

ဒီအတောအတွင်းမှာပဲ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်သတင်းပတ်အကုန်ထိ ခွင့်ယူခွင့်မပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ကညွန်ကြားထားကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်တချို့က Reuters သတင်းဌာနကို ပြောပါတယ်။ အရင်ကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရဆိုရင်လည်း NLD ကိုယ်စားလှယ်တွေအများဆုံးလွှမ်းမိုးထားတဲ့ လွှတ်တော်သက်တမ်းအသစ်စတင်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရေးကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၉) (စ)ကို အရင်ဆုံးဆိုင်းငံဖို့ ပြင်ဆင်လိမ့်မယ်ဆိုတာမျိုးရှိနေတာပါ။

ဒါပေမဲ့ ရာထူးကအနားယူတော့မယ့် သမ္မတဦးသိန်းစိန်ရဲ့ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ နိုင်ငံရဲ့ အရေးပေါ်အခြေအနေမှာ အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီချုပ်လက်ထဲ လွှဲပြောင်းချိန်အတွင်းမှာပဲ ဒီလိုအခြေခံဥပဒေပါပြဌာန်းချက်ကို ဆိုင်းငံနိုင်မှာဖြစ်တယ်လို့ Reuters သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ တကယ်လို့ လွှတ်တော်ကနေ ဆောင်ရွက်ခဲ့မယ်ဆိုရင် အစဉ်အလာကောင်းမှမဟုတ်ဘူးလို့ သူကအခုလိုပြောပါတယ်။

“အခု NLD က ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အချက်တချက်ကို ဆိုင်းငံ့လိုက်မယ်၊ ဒီလိုဆိုရင် ၂၀၂၀ပြည့်နှစ်နောက်မှာ ဘာဖြစ်လာမလဲ။ နောက်ထပ်အခြားနိုင်ငံရေးပါတီတခု အာဏာရလာတဲ့အချိန်မှာ အခြားနောက်ထပ် ဥပဒေ (၁၀)ခု ဒါမှမဟုတ် (၁၂)ခုကို ဆိုင်းငံ့မှာလား။ အဲဒါဆိုရင် ကျနော်တို့နိုင်ငံမှာ ဘာတွေဖြစ်လာဖို့ရှိမလဲ။”

အရေးပေါ်အခြေအနေမှာ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲလိုက်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရပ်ဆိုင်းနိုင်တဲ့ကိစ္စကသီးသန့်သာဖြစ်ပြီး အခုလိုပုဒ်မ (၅၉) (စ)ကို ယာယီဆိုင်းငံ့တဲ့ ကိစ္စကတော့ လူထုဆန္ဒအရ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီကပြောပါတယ်။

“အခုကျနော်တို့ပြောနေတဲ့ ယာယီဆိုင်းငံ့တယ်ဆိုတဲ့ကိစ္စက ဖွဲ့စည်းပုံဆိုင်ရာအကြပ်အတည်း ပေါ်ပေါက်တဲ့အခါမျိုးမှာ သုံးဖို့ ကျနော်တို့ပြောတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြဌာန်းချက်တရပ်ကို ဆိုလိုတာပါ။ ဦးရဲထွဋ်ပြောတဲ့ဖွဲ့စည်းပုံရပ်ဆိုင်းခြင်းဆိုတာ စာအုပ်ကြီးတအုပ်လုံးကိုရပ်ပစ်လိုက်တာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမသုံးတော့ဘူး။ စစ်အုပ်ချုပ်ရေး၊ စစ်ဗိုလ်ချုပ်က ကြိုက်တာလုပ်မယ် ဆိုတဲ့ပုံမျိုးကိုပြောတာ။ အခုကျနော်တို့ပြောနေတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တခုကို ယာယီဆိုင်းငံ့တာ။ အဓိပ္ပါယ်အများကြီးကွာပါတယ်။ ဒါက နိုင်ငံရေးလိုအပ်ချက်အတွက် လုပ်ရတာပါ။”

မေး။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) (စ)ကို လွှတ်တော်မှာဆိုင်းငံ့လို့ရတယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာဖို့ အချိန်ဘယ်လောက်ယူရမလဲ။

အချိန်ယူရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ပြဌာန်းချက်တခုကို ယာယီဆိုင်းငံ့ဖို့ဆိုရင် လုပ်ထုံးလုပ်နည်းပိုင်းပေါ့ဗျာ။ လွှတ်တော်ကို ဥပဒေကြမ်းတင်ပြီးတော့မှပဲ ဥပဒေအသစ်တရပ်ပြဌာန်းရမယ်။ အထူးဥပဒေတရပ်အနေနဲ့ ပြဌာန်းဖို့လိုလိမ့်မယ်။ အဲဒါကို တိုက်ရိုက်အထူးဥပဒေအဖြစ်ပြဌာန်းမလား၊ သို့တည်းမဟုတ် နောက်တမျိုးက အရေးကြီးအဆိုတခုအရင်တက်မယ်။ အရေးကြီးအဆို ဆိုတာက ပြည်သူလူထုက mandate (လုပ်ပိုင်ခွင့်) ပေးလိုက်ပြီ။ (၅၉) (စ) ကြောင့်ပြည်သူ့ဆန္ဒကို အကောင်အထည်ဖေါ်လို့မရဘူး၊ အကြပ်အတည်းဖြစ်နေတယ်။ ဒါကြောင့် အဲဒီအကြပ်အတည်းဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉)(စ)ကို ယာယီဆိုင်းငံ့ဖို့ အရေးကြီးအဆိုတရပ်တင်မယ်ဆိုကြပါစို့။ အဲဒီအရေးကြီးအဆိုပေါ်မှာ ဆွေးနွေးမယ်၊ ဆုံးဖြတ်မယ်။ ပြည်ထောင်စုလွှတ်တော်က သဘောတူတယ်ဆိုရင် ဆုံးဖြတ်ချက်ကျသွားပြီ။ အဲတော့ ပြည်ထောင်စုလွှတ်တော်က သဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ်သည် ပြည်သူတရပ်လုံးက ဒီပုဒ်မကို ဆိုင်းငံ့ဖို့သဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ အတူတူပါပဲ။ အဲသလို သဘောတူပြီးပြီဆိုပြီးမှ ဒီအပေါ်မှာ ဥပဒေကြမ်းတင်ပါဆိုတာ ပြည်ထောင်စုလွှတ်တော်နာယက ညွန်ကြားမယ်၊ ဥပဒေကြမ်းတခုရေးတင်မယ်။ ဒီအပေါ်မှာ ဆွေးနွေးကြမယ်။ လိုရင်လိုအပ်သလို ပြင်ဆင်မယ်။ ပြီးတော့မှာ ဒီဥပဒေကြမ်းကို အတည်ပြုမယ်။ အတည်ပြုပြီးရင် သမ္မတက လက်မှတ်ထိုးမယ်။ အဲဒါက သူရဲ့ process (လုပ်ထုံးလုပ်နည်း) အမှန်ပဲ။ ဒါဆိုရင် အခုသွားမလား (သို့မဟုတ်) နောက်အစိုးရသစ်ဖွဲ့ပြီး သမ္မတအသစ်ပေါ်မှ သွားမလား။ အဲဒါကတော့ လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိတဲ့သူတွေဆုံးဖြတ်ရမှာပါ။”

ဒီအတောအတွင်းမှာပဲ နောက်သတင်းပတ်အတွင်း သမ္မတလောင်းအမည်ကိုကြေညာဖို့ရှိတယ်လို့ NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG