သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံ တကာ နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်


al Qaida အဖွဲ့ လှုပ်ရှားမှုပြမြေပုံ။
al Qaida အဖွဲ့ လှုပ်ရှားမှုပြမြေပုံ။

မြန်မာနဲ့ အိန္ဒိယ တိုက်နယ်မှာ jihad စစ်ပွဲ ဆင်နွှဲသွားမယ်လို့ al-Qaida ခေါင်းဆောင် Ayman al Zawahri က ပြောကြားလိုက်တဲ့အပေါ် အမျိုးသားရေး အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ကာကွယ် သွားမယ်လို့ မြန်မာ အစိုးရဘက်က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသက မွတ်စလင်တွေအတွက် al-Qaidaရဲ့ အိန္ဒိယ အဖွဲ့ခွဲ ဖွဲ့စည်းပြီးစီး လိုက်ပြီဖြစ်ကြာင်းစက်တင်ဘာ ၃ ရက်နေ့က
ကြေညာခဲ့အပြီး အခုလိုပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံကို al-Qaida ဝင်ပြီး ဘာသာရေး စစ်ပွဲ jihad ဆင်နွဲမယ် လို့ အဖွဲ့ခေါင်းဆောင် Ayman al Zawahri က ခြိမ်းခြောက်ပြောဆိုမှု
အပြီးမှာပဲ မြန်မာနိုင်ငံဘက်က ဒီကိစ္စ အပေါ်မှာ အထူးသတိထားပြီး
တစ်နိုင်ငံလုံး ဆိုင်ရာ အမျိုးသား အဆင့် ကာကွယ်မှုတွေနဲ့ အတူ နိုင်ငံတကာ
နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပြင်ထားကြောင်း သမ္မတရုံး အကြီးတန်း
အရာရှိတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

"ခြုံပြီးပြောရရင် ကျနော်တို့ အမျိုးသားလုံခြုံရေးပေါ့နော်။ အမျိုးသား လုံခြုံရေး နဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် အစိုးရရယ် တပ်ရယ် နောက်ပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့အစည်းတွေ ပါတယ်။ အကုန်လုံး အရင်ကတည်းကလည်း ဆောင်ရွက်တယ်။ လက်ရှိမှာလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိတယ် ဆိုတာ ပြောလိုပါတယ်။

ထူးခြားတဲ့ Sign ၊ ထူးခြားတဲ့ Signal လှုပ်ရှားမှု Movement တွေဖြစ်လာတဲ့ အခါကျရင် အချိန်နဲ့တပြေးညီပေါ့ Early Warning ပေ့ါ။ Early Warning ဆိုတာက ကျနော်တို့ ထောက်လှမ်းရေး သတင်းအချက်အလက်၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်တဲ့ ကွန်ရက်ရှိ တယ်ပေါ့။ အဲ့တာက ကျနော်တို့နိုင်ငံက လက်ရှိလည်း Early Warning မှာ ရရှိအောင် ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်ပေါ့နော်။"

ဒါ့အပြင် ပြည်တွင်းကို နိုင်ငံတကာ က ဝင်ရောက်လာမယ့် ဝင်ပေါက်တွေမှာလည်း
လူဝင်မှု ကြီးကြပ်ရေး ဘက်က နိုင်ငံခြားသားတွေ အပေါ်မှာ သတိနဲ့ စောင့်ကြည်မှု
တွေ လုပ်ဆောင်သွားမယ်လို့ လည်း သူ က ဆက်ပြောပါတယ်။

"အဲ့တာတွေလည်း ကျနော်တို့ Immigration မှာလည်း Interpol ပေါ့ အဲ့လိုမျိုး စောင့်ကြည့်နေ တာမျိုးတွေရှိပါတယ်။ ဆိုလိုတာက ကျနော်တို့ ဒီကိုဝင်လာတဲ့ နိုင်ငံခြားသားတစ်ယောက်ရဲ့ Passport ၊ ဓာတ်ပုံပေါ့ သူ့ရဲ့ထင်ရှားတဲ့ အမှတ်အသား ဒါတွေနဲ့ဆက်စပ်ပြီးတော့ ကျနော်တို့ Terrorist အကြမ်းဖက်သမားလို့ ယူဆထားသူ၊ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ဒါမျိုးတွေ နဲ့ပတ်သက်တဲ့ Information တွေက ကျနော်တို့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကလည်း ပြည်တွင်း လုံခြုံရေးအတွက်
နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ ရရှိအောင်
ဆောင်ရွက်နေတယ်လို့ နိုင်ငံဖြတ်ကျော် မှုခင်းဌာန ရဲ့ နိုင်ငံတကာ
ဆက်ဆံရေးဌာန အကြီးအကဲ ရဲမှူးကြီး အောင်ကျော်မြင့် ကပြောပါတယ်။

" ကျနော်တို့က အဲ့ဒီ့ Information နဲ့ပတ်သက်လို့တော့ ကျနော်တို့ ဒီဘက် Interpol Channel ဘက်ကလည်း မေးနေတယ်။ ကျနော်တို့က အဲ့ဒီ့ဟာနဲ့ပတ်သက်ပြီး အမြဲတမ်း အချိတ်အဆက် ရှိတယ်။ Links တွေရှိနေတယ်။ အဲ့ဒီ့ကနေပြီး ကျနော်တို့ကို ထူးထူးခြားခြား ပြန်ကြား လာတာတော့ မရှိသေးဘူး။"

မြန်မာနိုင်ငံရဲ့ အဓိက မြို့တော် ဖြစ်တဲ့ ရန်ကုန်မှာတော့
လုံခြုံရေး နဲ့ ပတ်သက်ပြီး အမြဲ သတိ ဝီရိယ နဲ့ စောင့်ကြည့်နေသလို အခုလို
သတင်းတွေ ထွက်ပေါ်အပြီးမှာပဲ လုံခြုံရေး အခြေအနေတွေကို တိုးမြင့်မယ်လို့
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး
ဗိုလ်မှူးကြီး တင်ဝင်း က ဗွီအိုအေ ကို ပြောဆိုပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့က ထွက်ပေါ်လာတဲ့ ဗွီဒီယို ဖိုင်အရ Zawahri က
ရန်သူတွေအပေါ် jihad လုပ်ကြဖိုနဲ့ မွတ်စလင်တွေ နေထိုင်တဲ့ မြေတွေမှာ
လွတ်မြောက်အောင် လုပ်ဆောင်ကြဖို့၊ အစ္စလာမ် နည်းကျ
အချုပ်အခြာ အာဏာ ထူထောင်ဖို့၊ တဦးတည်းသော ခေါင်းဆောင်အောက်တွင်
စုစည်းကြဖို့ကိုလည်း မွတ်စလင်ထုကို တိုက်တွန်းတယ်လို့ ဆိုပါတယ်။

အရှေတောင်အာရှတခွင် မှာ jihad အလံလွှင့်ထူဖို့ ရည်ရွယ်ချက်နဲ့
“အိန္ဒိယတိုက်ငယ် al-Qaida”အကြမ်းဖက်အဖွဲ့ခွဲ
ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်းလည်း တစ်ပါတည်း ကြေညာခဲ့တာပါ။

“အိန္ဒိယတိုက်ငယ် al- Qaida”ဖဲ့ွစည်းလိုက်ခြင်းဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့
အိန္ဒိယနိုင်ငံ ပြည်နယ်အချို့မှာရှိတဲ့ မွတ်စလင်တွေအတွက်
သတင်းကောင်းဖြစ်ပြီးတော့ မတရားမှုနဲ့ ဖိနှိပ်ခံရမှုတွေကနေ
ကယ်တင်မယ်လို့လည်း Zawahri က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်စလင်တွေ အတွက်တော့ အခုလို
အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်လာမယ်ဆိုရင် မပါဝင်ကြဖို့ နဲ့ ပြည်တွင်းမှာ
နေထိုင်ကြတဲ့ မွတ်စလင်တွေက အခုလို ဘာသာရေး စစ်ပွဲ ဆင်နွဲမယ်ဆိုတဲ့
အပေါ်မှာလည်း အယုံအကြည် မရှိသလို စိတ်ဝင်စားမှုလည်း မရှိဘူးလို့
အစ္စလာမ် သာသနာရေး ကောင်စီ က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက
ပြောပါတယ်။

"ကျနော်တို့ မြန်မာပြည်ထဲမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဒါကို ကောင်းကောင်း သဘောပေါက်ပြီးသားပါ။ ကျနော်တို့ ဒီမှာကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ် မှာတောင်မှ သူတို့ထိန်းသိမ်းပြီးတော့ နေတဲ့ အနေအထား ရှိပါတယ်။ ပြည်တွင်းက သူတွေအတွက်ကတော့ သဘောပေါက်ပြီးသားပါ။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ အစ္စလာမ် ဘာသာဝင်ဖြစ်တယ်ပေါ့ဗျာ။ ကျနော်တို့ အစ္စလာမ်ဘာသာဝင် တရားအစစ်မှာ အကြမ်းဖက်မှုကိုလေ ဘယ်သူကိုမဆို ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို ဘယ်သူပဲပြုပြု အကြမ်းဖက်မှုကို ကျနော်တို့ အနေနဲ့ လက်မခံပါဘူး။ အကြမ်းဖက်မှုကို သတိပြုမိပါတယ်။"

၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်မှာ Ayman al-Zawahri က အာဖဂန် တာလီဘန်ခေါင်းဆောင် Mullah Omar ကို ထောက်ခံကြောင်း ထပ်မံ သစ္စာပြုခဲ့ပါတယ်။ အခု နောက်ပိုင်း အစ္စလာမ် နိုင်ငံတော် လို့ လူသိများတဲ့ IS ရဲ့
ရက်စက်ကြမ်းကြုတ်မှုများ အရှိန်မြှင့်လုပ်ဆောင်လာပြီးနောက် မှာ
al-Qaida အကြမ်းဖက်အဖွဲ့ရဲ့ အရှိန်အဝါ ကျဆင်းနေတာကို အခု ဗွီဒီယို နဲ့
al- Qaida အရှိန်အဝါကို ပြန်မြှင့်တင်လိုက်တဲ့ သဘောလို့လည်း နိုင်ငံတကာ
သတင်းတွေမှာ သုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။

XS
SM
MD
LG