သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းစီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဒေသခံတွေ ဆန္ဒပြတောင်းဆိုနေစဉ် (၁၄ မတ် ၂၀၁၃)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဒေသခံတွေ ဆန္ဒပြတောင်းဆိုနေစဉ် (၁၄ မတ် ၂၀၁၃)
စစ်ကိုင်းတိုင်း မုံရွာမြို့အနီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လပေါင်းများစွာကြာအောင် တင်းမာမှုတွေ ဖြစ်ပွားနေတာဟာ အခုချိန်အထိ ပြေလည်မှု မရသေးတဲ့အပြင် စီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံတွေက ဒီကနေ့အထိ ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ မကြာသေးခင် ရက်တွေအတွင်း ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး တက်ကြွသူ လူတချို့ကို တည်ငြိမ်မှု ထိခိုက်အောင် သွေးထိုး လှုံ့ဆော်သူတွေအဖြစ် ဖမ်းဆီးဖို့ ကြိုးပမ်းနေတာပါ။ လက်ပံတောင်းတောင် စီမံကိန်းက နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ခဲ့ပါတယ်။

အခုကြားခဲ့ရတဲ့ အသံတွေကတော့ လက်ပံတောင်းတောင်အရေး ဆန္ဒပြနေကြတဲ့ အသံတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံများ ဖော်ထုတ်ပေးရေး၊ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းပေးရေး၊ ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ ဝမ်ဘောင်ကုမ္ပဏီ ချက်ချင်းထွက် ဆိုတဲ့ အချက်တွေကို ကြွေးကြော်အော်ဟစ်ပြီး ဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲဟာ အာဏာပိုင်တွေက တရားဝင် ခွင့်ပြုတာမို့ တစုံတရာ အတားအဆီး မရှိကြောင်းကို ကိုယ်တိုင် ပါဝင်ဆန္ဒပြနေသူ အမျိုးသမီးတယောက်က အခုလို ပြောပါတယ်။
“တုံရွာကနေ ညောင်ပင်ကြီးအထိပါရှင့်။ ၂ မိုင်ကျော်ကျော်လောက်ပါရှင့်။ ဟုတ်ကဲ့ပါရှင့်။ လမ်းလျှောက်သွားကြတာပါရှင့်။ လူအင်အား ၅၀၀ လောက် ရှိပါတယ်ရှင့်။ မရှိပါဘူးရှင့်။ ဒါ တရားဝင် ခွင့်ပြုတဲ့အမိန့်နဲ့ ကျမတို့ ဆန္ဒဖော်ထုတ်တဲ့ပွဲ ဖြစ်ပါတယ်။”

လက်ရှိဆန္ဒပြသူတွေက သိမ်းဆည်းခံ လယ်ယာမြေအတွက် လျော်ကြေးငွေ လက်မခံသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲကို နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အသိမ်းခံထားရတဲ့ လယ်ယာမြေတွေကို ဒေသခံ တောင်သူလယ်သမားတွေက ဝင်ရောက် ထွန်ယက်ခဲ့တာကြောင့် အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ်တာ၊ ရိုက်နှက်ဖမ်းဆီးတာတွေ ဖြစ်ခဲ့သလို ၂၆ ရက်နေ့မှာတော့ ဖမ်းဆီးခံထားသူတွေ ပြန်လွှတ်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြရမှာ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားပြီး နှစ်ဘက် တင်းမာမှုတွေရှိခဲ့ပါတယ်။

မနေ့ကတော့ လက်ပံတောင်းအရေး လှုပ်ရှားနေသူ ကိုဟန်ဝင်းအောင် အပါအဝင် ၈ ယောက်ကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ခဲ့တာကို ကိုဟန်ဝင်းအောင် က အခုလို ပြောပါတယ်။

“ကျနော်တို့သိတာက ကျေးရွာတွေမှာ လိုက်ဝေတာပါ အဲ့ဒီစာရွက်တွေကို။ အဓိကကတော့ ကျနော်တို့ ပုံတွေကို ကပ်ပြီးတော့ အမှုရှိသည်။ အမှုဖြစ်နေသည့်အတွက် အလိုရှိသည်ဟု ပုံတွေပါတယ်ဗျာ။ ရုံးတံဆိပ်တို့၊ စာအမှတ်တို့၊ နေ့စွဲတို့ လုံး၀ မပါဘူး။ ပထမရက်က လိုက်ပြီးတော့ ဝေတဲ့စာမှာ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ကြေညာချက် ဆိုပြီးတော့ တံဆိပ်ရိုက်နှိပ်ထားတယ်။ လက်မှတ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးပေါ့ဗျာ။ အဲ့ဒီမှာ ကျနော့်ကိုဆိုရင် အမှု ၅ မှုလို့ ရေးထားတယ်ဗျာ။ ဘာတွေဆိုတာ အတိအကျ ဘာမှ မဖော်ပြထားဘူး။ အဲ့ဒါကို ရွာ အဝင် အထွက် လမ်းတွေမှာ လိုက်ပြီးတော့ သူတို့ ဝေတာ။”

လက်ရှိ လက်ပံတောင်းအရေး ဆောင်ရွက်သူတွေကို ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင်၊ အေးချမ်းသာယာမှု ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်သူတွေအဖြစ် ဖော်ပြတာနဲ့ပတ်သက်ပြီး ကိုဟန်ဝင်းအောင် က အခုလို တုံ့ပြန်ပါတယ်။

“အခု စုံစမ်းရေး ကော်မရှင်ကနေပြီးတော့ အစီရင်ခံစာပါအတိုင်း ပြောသွားပေမဲ့လည်း ၁၄ ရက်အတွင်း စာချုပ်ချုပ်မယ်ဆိုပြီး စာချုပ်အသစ်လည်း မချုပ်ဘူး။ သတ္ထုစက်ရုံကြီးကိုလည်း ထုံးစံအတိုင်း ခိုးလုပ်နေတယ်။ မြေတွေလည်း သိမ်းနေတယ်။ ၂၅ ရက်နေ့ကတောင် သေနတ်တွေနဲ့ ပစ်ပြီးတော့ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်တယ်လေ။ ဒီကိစ္စကို လုပ်နေတာဟာ မတရားမှုကို လုပ်နေတာဖြစ်တယ်ဆိုတာ စုံစမ်းကော်မရှင်ကလည်း ဖော်ထုတ်ပြီးသွားပြီ။ ကော်မရှင်ရဲ့ ပြောကြားချက်တွေကိုလည်း တစက်ကလေးမှ မလိုက်နာဘဲနဲ့ ဆက်လုပ်နေတယ်။ အဲ့လိုလုပ်တဲ့အတွက် ဒေသခံတွေကလည်း လယ်တွေကို ထွန်ယက်ပြီး ပြန်လုပ်ကြတယ်။ ဘယ်သူမှ သွေးထိုးစရာ၊ လှုံ့ဆော်စရာ မလိုဘူးလေ။ ကုမ္ပဏီရဲ့ နိုင့်ထက်စီးနင်း လုပ်မှုကြောင့် နစ်နာနေတဲ့ ပြည်သူတွေဘက်ကနေ ဝင်ရောက် ဆောင်ရွက်ပေးနေတာ။ အဲ့လို ဆောင်ရွက်ပေးနေတာကို သွေးထိုးလှုံ့ဆော်တယ်လို့ သုံးမယ်ဆိုရင် ဟုတ်တယ် ကျနော်တို့က လှုံ့ဆော်ရေးသမားတွေပဲ။”

ကိုဟန်ဝင်းအောင် က လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ပြီးချိန်ထိ စီမံကိန်းကို ရပ်ဆိုင်းထားသင့်ကြောင်းလည်း ထောက်ပြပါတယ်။ လက်ရှိ မပြီးဆုံးသေးတဲ့ လက်ပံတောင်းတောင် အရေးအခင်း အဆုံးသတ်စေရေးအတွက်ကို လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ နာယကဖြစ်သူ မုံရွာမြို့ ကဗျာဆရာကြီး ဦးအံ့မောင်ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီလက်ပံတောင်းတောင် ပြဿနာ ဖြေရှင်းမှုမှာ ကျနော်တွေ့တဲ့နည်းကတော့ အတင်း ကိုယ့်ဘက်စွဲတာလို့တော့ မထင်ပါဘူး။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးကို လုံး၀ ဖျက်သိမ်းပေးမှပဲ အားလုံးအတွက် အေးငြိမ်းမှုနဲ့ သာယာမှု ရှိပါလိမ့်မယ်လို့ ကျနော် တွက်ပါတယ်။”

ဒီလ ၂၆ ရက်နေ့က အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီ ညှိှနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာတော့ စီမံကိန်းဒေသအနီးရှိ ဒေသခံပြည်သူတွေ အလုပ်အကိုင် ရရှိရေးနဲ့ ဒေသဖွံ့ဖြိုးရေး၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုတွေကို ဆောင်ရွက်နေကြောင်း ဆွေးနွေးခဲ့ပါတယ်။

သိမ်းဆည်းမြေယာ စိစစ်ရေးအဖွဲ့ကလည်း ဒေသခံတောင်သူ ၆၇၆ ဦး၊ လယ်မြေဧက ၂၀၁၈ ဧကအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၂ သောင်း ၅ ရာကျော် ပေးအပ်ခဲ့ပြီး စိုက်ပျိုးမြေ ဖော်ထုတ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေကြောင်း တင်ပြခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ စီမံကိန်းရဲ့ အားနည်းချက်တွေကို ထောက်ပြထားပြီး ဒီချို့ယွင်းချက်တွေကို ပြင်ဆင်နိုင်မယ်ဆိုရင် စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ကို ဒေသခံတချို့က လက်မခံကြပေမဲ့ အစိုးရကတော့ ကော်မရှင် ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။
XS
SM
MD
LG