သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော်မရှင်အစီရင်ခံစာ လက်ပန်းတောင်းကော်မတီ လိုက်နာမှုမရှိ


အာဏာပိုင်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးရသူ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တဦး ငိုကြွေးနေစဉ် ဒေသခံတွေက နှစ်သိမ့်အားပေး။
အာဏာပိုင်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးရသူ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တဦး ငိုကြွေးနေစဉ် ဒေသခံတွေက နှစ်သိမ့်အားပေး။

လူသေဆုံးခဲ့ရတဲ့အထိ တင်းမာမှုတွေဖြစ်ခဲ့ရတဲ့ လက်ပန်းတောင်း အရေးအခင်းအတွင်း သေဆုံးသူ ဒေါ်ခင်ဝင်းရဲ့ အလောင်းကို ဆားလင်းကြီးဆေးရုံရဲ့ စစ်ဆေးချက်မှာ ကျည်ဆံဒဏ်ရာကြောင့် သေဆုံးရ တာဖြစ်တယ်လု့ိ မှုခင်းဆရာဝန်တွေက အတည်ပြုပါတယ်။

ဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ရာမှာ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်တဲ့ ကော်မတီက လိုက်နာခြင်းမရှိဘူးလို့ ရေးသားထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာ အကောင်ထည်ဖော်နေတဲ့ လက်ပန်တောင်းတောင် ကြေးနီးစီမံကိန်းကြောင့် မြေယာသိမ်းဆည်းခံထားရသူတွေက ကန့်ကွက်ဆန္ဒပြရင်းနဲ့ မိုးကြိုးပြင်ရွာက တောင်သူတဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းဟာ ဦးခေါင်းကို သေနတ်မှန်ပြီး သေဆုံးခဲ့ရတာပါ။ ဒီဒဏ်ရာကိုတော့ ကျည်ဆံဒဏ်ရာနဲ့ သေဆုံးရတာဖြစ်တယ်လို့ ဆားလင်းကြီးဆေးရုံက မှုခင်းဆရာဝန်နဲ့ တာဝန်ရှိသူတွေက အတည်ပြုကြောင်း ရင်ခွဲစစ်ဆေးချိန်မှာ ဆေးရုံမှာရှိနေတဲ့ လူအခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးက ဆိုပါတယ်။

“ဆားလင်းကြီး ဆေးရုံအုပ်ကြီး နောက် မှုခင်းဆရာဝန်တယောက်ပါတယ်။ နောက် သူတို့ Postmortem ရင်ခွဲစစ်ဆေးတယ်ပေါ့ဗျာ။ ၁၁ နာရီ ၅ မိနစ်မှာ ပြန်ထွက်လာတယ်။ ကျနော်တို့ အပြင်မှာ မေးတဲ့အခါကျတော့ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာလို့ပြောတယ်။ ခုနနေကျတော့ နောက်တခေါက် ဒီအလောင်းကို ပြန်ချုပ်တယ်။ ချုပ်ပြီးတော့ ရေမိုးဆေးပြီးတော့ ကျနော်တို့ ဝင်ခွင့်ရတယ်။ Mortuary ထဲကို၊ သူပဲလာရှင်းပြတယ် ဆရာဝန်ကြီးက။ အဲဒီတော့ သူက ပြောတာက ဒီသံစကနေပြီးတော့ အနောက်ဘက် အထိပေါ့နော် ဒီဟာကြီးက ပွင့်ထွက်သွားတဲ့အကြောင်းကို သူ ပြောပြတယ်။ ဦးခေါင်းခွံ အပြည့်အစုံမရဘူး။ ဦးနှောက် အပြည့်အစုံမရဘူး။ ဘယ်လိုလက်နက်မျိုးနဲ့ တိုက်ခိုက်ခံရလို့ အဲ့လိုဖြစ်သလဲဆိုတော့ ကျည်ဆံလို့ ပြောပါတယ်။ ကျည်ဆံလို့တော့ အတည်ပြုပါတယ်။”

မေး။ ။ ဘယ်သေနတ်တို့ ဘာတို့တော့ သူက ပြောသလား။

ဖြေ။ ။ “အဲ့ဒီဟာကိုတော့ သူက မေးတယ်ဗျ။ ဒီကိစ္စကတော့ ကျနော်တို့ ဆရာဝန်တွေ မကျွမ်းကျင်တဲ့ ကိစ္စမို့လို့ မသိပါဘူးတဲ့။ အဲ့လိုဖြေပါတယ်။ ကျည်ဆံလို့တော့ အတည်ပြုပါတယ်။ သူ့ရဲ့ ရင်ခွဲစစ်ဆေးတွေ့ရှိချက်မှာလည်း အဲ့ဒီလိုပဲ ရေးမှာပါလို့ သူပြောပါတယ်။”

ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ မိုးကြိုးပြင်၊ ဆည်တဲ စတဲ့ ကျေးရွာတွေ တဝိုက်မှာ ဒိုင်းနဲ့ သံ လက်နက်များ ကိုင်ထားတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ ဒိုင်း၊ လက်နက် ကျည်ကာအင်္ကျီများ ဝတ်ဆင်ထားတဲ့ ရဲတွေနဲ့ ခဲ၊ ဒုတ်နဲ့ လေးဂွများ ကိုင်ဆောင်ထားတဲ့ ဒေသခံတွေ ပဋိပက္ခတွေဖြစ်ပြီး ဒေသခံတွေ အများစုနဲ့ ရဲတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီအထဲမှာ သေနတ်ဒဏ်ရာရသူ မိုးကြိုးပြင်ရွာက ၇ ဦးခန့်ရှိပြီး ဆည်တဲရွာဘက်မှာလည်း ၂ ဦးထက်မနည်း သေနတ်ဒဏ်ရာတွေ ရခဲ့တာပါ။ ဒါ့အပြင် တခြားထိခိုက်ဒဏ်ရာရသူတွေလည်း ဒါဇင်နဲ့ ရှိခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ မနေ့က သတင်းထုတ်ပြန်ရာမှာ စီမံကိန်း ခြံစည်းရိုးကာတာကို တားဆီးနှောင့်ယှက်ပြီး ဝန်ထမ်းတွေကို ထိန်းသိမ်းထားတဲ့အတွက် အဓိကရုဏ်း နှိမ်နင်းရေးလက်နက်ဖြစ်တဲ့ ၁၂ ဗို့ ပြောင်းချောလက်နက် သုံးခဲ့ရကြောင်း ရေးသားထားပါတယ်။

လက်ပန်းတောင်းတောင်မှာ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ လုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေနဲ့အညီ လုပ်သင့်ပါတယ်။ လူစုခွဲတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဥပဒေအတိုင်း ဖြစ်ရမယ်လေ။ လူစုလူဝေးနဲ့ဟုတ်လား အန္တရာယ်ရှိတယ် ဆိုရင်လည်း ဘယ်လိုလုပ်ရမယ်၊ Riot Manual တွေ၊ ဘာတွေ ရှိပါတယ်ဗျာ။ အတိအကျရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါမျိုးတွေ မသုံးဘဲနဲ့ စိုးရိမ်တယ်ဆိုပြီး ပစ်လားခတ်လားဆိုတာ၊ ဒါ ဥပဒေနဲ့မညီဘူးဗျ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်ထဲမှာတော့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီက လိုက်နာမှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။

“အစီရင်ခံစာထဲမှာ ဘာလုပ်သင့်တယ်၊ ဘာလုပ်သင့်တယ်ဆိုပြီး အကြံပြုချက်တွေ ထည့်ထားတာရှိတယ်။ အဲ့ဒီအကြံပြုချက်တွေကို တိတိကျကျ ဆောင်ရွက်တာမျိုး မရှိဘူး။ ထင်ထင်ရှားရှားပြောရရင်ဗျာ လယ်တီဆရာတော်ဘုရားရဲ့ ဟို သာသနိက အဆောက်အဦးကို ပုံစံမပျက်ဖျက်ဖို့ အကြံပြုထားတယ်။ ရွှေ့ဖို့နည်းပညာလည်းရှိတယ်။ အဲ့ဒီမှာ သူတို့အကောင်အထည်ဖော်တဲ့ အဖွဲ့ကနေပြီးတော့ ငွေကုန်ကြေးကျများတယ်ဆိုပြီးတော့ အားလုံးဖျက်ချတယ် အဲ့ဒါမျိုးတွေလေ။”

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရဲ့ အကျိုးခံစားခွင့်တွေကို မြန်မာအစိုးရနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက် တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ပြီး ရရှိကြမှာ ဖြစ်ပါတယ်။ ၂၀၁၂ တုန်းကတော့ စီမံကိန်းကို ကန့်ကွက်ခဲ့ကြတဲ့ သံဃာအများစုပါဝင်တဲ့ အင်အား ၁၀၀ ကျော်ကို မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့တာကြောင့်လည်း ကုမ္ပဏီနဲ့ ဒေသခံတွေကြား တင်းမာမှုတွေ ပို့ဖြစ်ခဲ့ပါတယ်။ ဒီနောက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပေမဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို လိုက်နာမှုမရှိဘူးလို့ ကော်မရှင်အဖွဲ့ဝင်တွေက ဆိုပါတယ်။

ကြေနီးစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီထဲမှာ ဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနဲ့ ဒုတိယ ဥက္ကဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးတို့နဲ့အတူ ဝမ်ပေါင်ကုမ္ပဏီက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။ ဒီကော်မတီကို ဒေသခံတွေဘက်က သူတို့နစ်နာမှုတွေကို သွားရောက်ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးခြင်း မရှိတာကြောင့်ဆိုပြီး ဒေသခံတွေက သူတို့ဆက်ဆံရေးရုံးရှေ့မှာ သွားရောက်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG