သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖဲ့ွဝင်တွေ ကြိုမသိလိုက်ရတဲ့ စာနယ်ဇင်းကောင်စီ


မြန်မာနိုင်ငံတွင်း သတင်းစာဂျာနယ်များ
မြန်မာနိုင်ငံတွင်း သတင်းစာဂျာနယ်များ
မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီဟာ သတင်း စာနယ်ဇင်းလောက အားလုံးကို ကိုယ်စားပြု ဖွဲ့ခြင်းမဟုတ်တဲ့အတွက် ဒီအဖွဲ့ စတင် ဖြစ်ပေါ်လာပုံနဲ့ လုပ်ငန်းစဉ်တွေအပေါ် စာနယ်ဇင်းသမားတွေက မေးခွန်းထုတ်လိုက်ကြပါတယ်။ တကယ်တော့ ဒီကောင်စီထဲမှာ ပါဝင်သူတွေကိုယ်တိုင်က သူတို့ပါနေတယ်ဆိုတာ သတင်းစာထွက်လာမှပဲ သိခွင့်ရတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေထဲမှာ အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ဖော်ပြထားတာပါ။

လက်ရှိ အစိုးရခေါင်းဆောင်တွေက လွှတ်လပ် ပွင့်လင်းမှုတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ အခုလို အချိန်မျိုးမှာ လွှတ်တော်မှာ တင်ပြ ဆွေးနွေးခြင်း မရှိဘဲ အထူးသဖြင့်တော့ သတင်း စာနယ်ဇင်းလောကလူတွေကို အသိပေးခြင်းမရှိခြင်း မရှိဘဲ ဖွဲ့စည်းလိုက်တဲ့အတွက် ဒီကောင်စီ စတင် ဖြစ်ပေါ်လာမှုနဲ့ လုပ်ငန်းစဉ်တွေအပေါ် မေးခွန်းထုတ်စရာ အများကြီးရှိတယ်လို့ ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“ဒီကောင်စီဖွဲ့ဖို့ ဘယ်က Authorize လုပ်ပြီးဖွဲ့တာလဲဆိုတဲ့ဟာက ပထမမေးခွန်းပေါ့နော်၊ လွှတ်တော်မှာလည်း ဘာမှ ဒီအကြောင်းမကြားရဘဲနဲ့ အဖွဲ့ဖွဲ့ချလိုက်တဲ့ဟာပေါ့နော်၊ ဘာနဲ့သွားဆင်တူလဲဆိုတော့ ဟိုးအရင်တုန်းက ကျနော်တို့ အမျိုးသားလူ့အခွင့်အရေး ကောင်စီတဲ့ ပုံသဏ္ဍန်မျိုးပဲ၊ နောက်ပိုင်းကျတော့ ဒီအမျိုးသား လူ့အခွင့်အရေးကောင်စီကို ဘတ်ဂျက်က ဘယ်ကပေးမှာလဲ၊ လွှတ်တော်က ဘတ်ဂျက်ပေးဖို့ သဘောမတူဘူး ဘာညာဆိုတဲ့ ဟာမျိုးတွေဖြစ်လာတာမျိုးပေါ့နော်၊ နောက်တခုက သူတို့က ဘာတွေ ဆောင်ရွက်မှာလဲ၊ သူတို့ရဲ့လုပ်ငန်းစဉ်တွေနဲ့၊ သူတို့ရဲ့ လုပ်ပိုင်ခွင့် တွေနဲ့၊ သူတို့ရဲ့တာဝန်တွေက ဘာတွေလဲဆိုတာတော့ ကျနော်တို့ တိတိကျကျသိဖို့လိုသေးတာပေါ့။

နောက်ပြီးတော့ ရွေးချယ် ဖွဲ့စည်းမှုု ဖြစ်နေတယ်လေ၊ ဒါက ရွေးချယ်ဖွဲ့စည်းမှုလို့ ကျနော်ပြောရတာက ဒါက Selected body ဖြစ်နေတယ်။ Elected body မဟုတ်ဘူးဖြစ်နေတယ်။ Elected body ဖြစ်ရမယ်ဆိုတာက ကာယကံရှင်ကို အမည်စာရင်းတင်သွင်းမယ်၊ ကာယကံရှင် က ငြင်းပိုင်ခွင့်လည်း ရှိတယ်၊ ဒီလိုမျိုး မဖြစ်လာဘူး။”တကယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လွှတ်တော်အတွင်း သတင်းမီဒီယာနဲ့ဆိုင်တဲ့ ဥပဒေသစ် တရပ်ကို တင်သွင်းထားပြီး လွန်ခဲ့တဲ့ လပိုင်း အတွင်းက ဆွေးနွေးကြဖို့ ပြင်ဆင် ထားတာဖြစ်ပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်လို့ ဒီရက်ပိုင်း အတွင်း ပြောဆို ဆွေးနွေးမှုတွေ ရှိမလာတဲ့ အပေါ်မှာ လည်း ပြည်တွင်း မီဒီယာလောကက မေးခွန်းထုတ်နေကြတာပါ။

ဒီအတောအတွင်း အခုလို ကောင်စီတစ်ရပ်ဖွဲ့စည်းလိုက်တာကြောင့် စာပေစိစစ်ရေးဌာနရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်လာမလဲဆိုတဲ့အချက်ကလည်း အများ မေးခွန်းထုတ်စရာအဖြစ် ထွက်ပေါ်လာပြန်တာပါ။

“ဒီကော်မီတီ ဖွဲ့စည်းပြီးတဲ့နောက်မှာ စာပေစိစစ်ရေးရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ၊ ဘာလဲ၊ ဘယ်လဲပေါ့၊ ကျနော်တို့ဘက်က မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်နေတယ်၊ နောက်ပိုင်းမှာ ဆင်ဆာကို စာပေးစိစစ်ရေးက တည့်မကိုင်တော့ဘဲနဲ့ ကော်မတီကို ကျပ်ပေးပြီးတော့ အချင်းချင်းလှည့်ပြီး ဆိုင်ထားလိုက်မှာလားပေါ့၊ ဒီလူတွေကို ဘယ်သူက အမည်စာရင်းတင်သွင်းပြီး ဘယ်သူက ရွေးချယ်ခန့်ထားမှန်းလည်း ကျနော်တို့လည်း မသိရဘူး၊ မြန်မာနိုင်ငံမှာကတော့ အဲလိုမျိုးတွေက ခဏခဏလုပ်လေ့ရှိတယ်လေ။

ဒါက ဘာကိုပြသလဲဆိုတော့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု အရမ်း အားနည်းနေတယ် ဆိုတာကို ပြတာပေါ့။ ပွင့်လင်းမြင်သာမှု တော်တော်လေး အားနည်းနေတာပေါ့၊ အစကတည်းက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဖြစ်ခဲ့ရင် ကျနော်တို့ မေးခွန်းထုတ်စရာ သိပ်ပြီးတော့ မပေါ် ဘူးပေါ့ဗျာ၊ အခု ကတော့ အစကတည်းက သိပ်ရိုးရိုးသားသား ပွင်ပွင့်လင်းလင်း မဖြစ်တဲ့အခါ ကျတော့ မေးစရာမေးခွန်းတွေ အများကြီးဖြစ်လာတာပေါ့၊”ဒါ့အပြင် အခုဖွဲ့စည်း လိုက်တဲ့ ကောင်စီအသစ်ထဲမှာ သတင်းစာနယ်ဇင်းလောက-က မဟုတ်တဲ့ အပြင်လူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီကောင်စီ စတင် ဖွဲ့စည်းဖို့ ဖြစ်မလာခင် ကတည်းက ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ တွေ့ဆုံပြီး ကောင်စီရဲ့ လုပ်ဆောင် ချက်တွေမှာ ပါသင့်တဲ့အချက်တွေကို အကြံပြု တင်ပြထား တဲ့ကြားကပဲ အခုလို အများ ဝေဖန် ထောက်ပြစရာ အချက်တွေ ပါဝင်လာ တာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦးဖြစ်သူ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။

“ မူလဒီဟာကို ဖွဲ့မယ်ဆိုပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကျနော်တို့ကို ဖိတ်ပြီးတော့ တွေ့တယ်၊ ရှင်းပြ ပြောဆိုပြီး တော့ တာဝန်ဝတ္တရားတို့ လုပ်ငန်းစဉ်တို့ ပေးလိုက်တုန်းကဆိုရင် တချို့အချက်တွေပေ့ါ၊ အဲဒီအချက်တွေ ကျနော်တို့က သဘော မတူဘူးဆိုပြီးတော့ ပြန်ပြီးတော့ အကြံပြုချက်တွေ ပို့ထားတယ်၊ အကြံပြုချက်တွေထဲက တချို့ဟာတွေလည်း ပါတာပေါ့ဗျာ၊ တချို့ဟာတွေလည်း မပါဘူး၊ မလိုအပ်ဘူးလို့ ထင်တဲ့ စာနယ်ဇင်းကောင်စီ အလုပ်မဟုတ်ဘူးလို့ထင်တဲ့ ယူဆတဲ့ဟာတွေ အဲဒါတွေလည်း ပါနေတာတွေ့ရတယ်၊ အဲဒီတော့ နည်းနည်းတော့ ဒါတွေက ညှိနှိုင်းပြီးတော့ လုပ်ဖို့တော့ လိုဦးမယ်ထင်ပါတယ်။ ပြည်သူလူထုက အထင်အမြင်လွဲမှားနိုင်တဲ့ဟာပေါ့ဗျာ၊ အဲဒါမျိုးဆိုရင် ပြုပြင်ပေးဖို့ ဝန်မလေး သင့်ဘူးလို့ ကျနော်ထင်တယ်၊”

ဒီကောင်စီ စတင်မပေါ်ပေါက်ခင်က တိုင်ပင်ဆွေးနွေးမှု တချို့ ရှိခဲ့ပေမယ့် သူ့အနေနဲ့ ဒီကောင်စီထဲမှာ ပါဝင်မယ်ဆိုတာကို ကြိုတင် သိရှိခဲ့ခြင်းမရှိဘူးလို့ မောင်ဝံသက ပြောပါတယ်။
ဒီကောင်စီမှာ အတွင်းရေးမှူးအဖြစ် အမည်စာရင်းထဲမှာ ဖော်ပြခြင်း ခံထားရတဲ့ ကိုကို(စက်မှုတက္ကသိုလ်) ကလည်း သူ့အနေနဲ့ ကောင်စီအတွင်းရေးမှူး အဖြစ် ပါမယ်ဆိုတာ ကြိုတင် သိခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

“ကျနော် မသိဘူး၊ အတွင်းရေးမှူးအဖြစ် ပါမယ်လို့ ကြိုမသိပါဘူး၊ သို့သော် ကောင်စီမှာ ဝင်ရောက်ဆောင်ရွက်ဖို့ အသင်းတွေကို စာရင်း တောင်းတဲ့အခါမှာ ပထမဦးဆုံး ဘာဖြစ်လဲဆိုတော့ သူတို့ရဲ့မူဝါဒတွေကို ကျနော်တို့ မကြိုက်လို့ မဝင်ပါဘူးပြောတယ်၊ နောက်ဆုံးမှာ မူဝါဒကို ပြန်ပြင်ပေးမယ်ပြောတယ်။ ပြင်ပေးတော့ ကျနော်တို့က ကျနော်တို့ လိုချင်တဲ့ ပုံစံကို တင်တယ်၊ တင်တဲ့အချိန်မှာ အဲဒီအတိုင်းလုပ်ပေးမယ်လို့ ကတိရတယ်။၊ ရလို့ MKA အနေနဲ့ ပူးပေါင်းပါဝင်ပါမယ်လို့ ပြောတယ်၊ အခုမှ သိတယ်ဗျာ၊ ဥက္ကဋ္ဌဆို မြင်တောင် မမြင်ဖူးသေးပါဘူး။”
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် ထပ်မံ သိရှိနိုင်အောင် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

မနက်ဖြန်မှာတော့ မြန်မာသတင်းစာဆရာများအသင်းက နိုင်ငံလုံးဆိုင်ရာ ညီလာခံတရပ် ကျင်းပဖို့ရှိနေပြီး အဲဒီမှာ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို လျှို့ဝှက် မဲစံနစ်နဲ့ ရွေးချယ်မယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG