သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိကင်းရေး လုပ်ငန်းရှင်ကြီးများကျင့်ဝတ်နဲ့အညီ ပူးပေါင်းပါဝင်ဖို့ကော်မရှင်ဥက္ကဌ တိုက်တွန်း


မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မဖြစ်မနေအကောင်အထည်ဖေါ်ရမယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ လာဘ်လာဘပေးတဲ့သူရော၊ ယူတဲ့လူပါ အရေးယူမယ့် ဥပဒေပြဌာန်းပြီးဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အရေးယူတာတွေမဖြစ်ရအောင် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့ အညီလိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌက အကြံပြုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။အခုလာဘ်ပေးလာဘ်ယူပေါ့ အဂတိလိုက်စားတယ်ဆိုတဲ့နေရာမှာ လာဘ်ပေးတဲ့အဖွဲ့အစည်းရှိမယ်၊ လာဘ်ယူတဲ့အဖွဲ့အစည်းရှိမယ်၊ တဦးချင်းလည်းရှိမှာပေါ့နော် ။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ အဲဒီတော့ လုပ်ငန်းတခုလုပ်တော့မယ် ဥပမာ စီမံကိန်းတခုလုပ်တော့မယ် ၊ အင်မတန်မှ ကြီးမားတဲ့ Project ကြီးတွေရှိသလို တော်ရုံတန်ရုံအသေးအဖွဲတွေရှိမယ်။ လုပ်ငန်းလိုင်စင်တွေရှိမယ်ပေါ့နော် အဲဒါတွေနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှိကြီးတွေကနေပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လိုက်နာသင့်တဲ့အချက်အလက်တွေပေါ့နော်။ ဥက္ကဌ ကြီးအနေနဲ့လည်း မနက်ဖြန် ကုန်သည်ကြီးများအသင်းနဲ့ တွေ့ဖို့ရှိတယ် ဆိုတဲ့အခါကျတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဘယ်လိုများအကြံပေးဖို့ရှိပါသလဲရှင့်။

ဦးအောင်ကြည်။ ။ ကျနော်အကြံပေးဖို့ ရည်ရွယ်ထားတာကတော့ ၂ ချက်ပါပဲ ။ ပထမတချက်က ကျနော်တို့ အခုစတုတ္ထအကြိမ်ဥပဒေကို ပြင်ဆင်လိုက်တယ်လေ အဲဒီ စတုတ္ထအကြိမ်ဥပဒေပြင်ဆင်ချက်ထဲမှာ အဓိက ကျတာက ဘာလဲဆိုတော့ Defination ပေါ့ အဓိပ္ပါယ်ရှင်းလင်း ဖော်ပြချက်မှာ တော်တော်လေး ပြင်ပါတယ်။ အဲဒီ အဓိပ္ပါယ်ရှင်းလင်း ဖော်ပြချက်ထဲမှာ ပထမတချက်ကတော့ တံစိုးလက်ဆောင်ပေးတာပေါ့နော် ၊ ပေးတဲ့လူ ယူတဲ့လူ ပေါ့ ။ နဂိုတုန်းက ၂၀၁၃ တုန်းက ဥပဒေကတော့ ပေးခြင်းယူခြင်း ဆိုတာပါတယ်။ သို့ရာတွင် ပေးတဲ့လူ ယူတဲ့လူ နဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ရှင်းလင်းချက်က နည်းနည်းလေး ဒွိဟ သံသယပွားစရာအနေအထားလေးရှိပါတယ်။ ဒါကြောင့် တကယ့် တကယ် အရေးယူမယ်ဆိုရင် ယူတဲ့လူကို အရေးယူမယ်ဆိုရင် မူလဥပဒေမှာ အခက်အခဲရှိတယ်။ အခုကျနော်တို့ ပြင်လိုက်တဲ့ ဥပဒေမှာတော့ အဲဒါရှင်းရှင်းလင်းလင်းလုပ်လိုက်ပါတယ်။ ပေးရင်လည်း ပေးတဲ့အလျောက်အရေးယူခံရမယ်၊ ယူတယ်ဆိုရင်လည်း ယူတဲ့အလျောက်အရေးယူခံရမယ်ဆိုတာ အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းဖြစ်သွားပါတယ်။ ဒါကြောင့် အနာဂတ်ကာလမှာတော့ အဂတိလိုက်စားမှု နဲ့ ပတ်သက်လာတဲ့ ကိစ္စမှန်ရင် ကျနော်တို့က ပေးတဲ့လူလည်း အရေးယူနိုင်တဲ့ အန္တရာယ်ပေါ့ ၊ Risk ပိုပြီးတော့ များလာတယ်ပေါ့နော် ။ ပေးရင်လည်း သူ့အတွက် စွန့်စားမှု ကြီးမားတယ်ဆိုတာ လုပ်ငန်းရှင်တွေအပိုင်းက နားလည်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစွန့်စားမှုဟာ ကိုယ်ရလာမယ့် အခွင့်အရေးနဲ့ ထိုက်တန်မလား ဆိုတာ သူတို့ ချင့်ချိန်ဖို့တော့ လိုလာတာပေါ့နော်။ အဲဒီတော့ မထိုက်တန်တဲ့ကိစ္စမျိုးတွေတော့ ကျနော်တို့ကတော့ မဖြစ်စေချင်ဘူးပေါ့။ မဖြစ်စေရအောင်လည်း လုပ်ငန်းစဉ်အရဆိုရင်တော့ ကျနော်တို့ကဖြစ်ပြီးမှ အရေးယူတာကို ဒါကိုလည်း အရှိန်အဟုန်မြင့်ပြီး ဆက်လုပ်သွားမှာဖြစ်ပါတယ်။ တချိန်တည်းမှာ ကျနော်တို့က မဖြစ်ခင်တားဆီးကာကွယ်တဲ့လုပ်ငန်းကို ကျနော်တို့က ဦးစားပေးပါတယ်။ မဖြစ်ခင်တားဆီးကာကွယ်ခြင်းအားဖြင့် ကျနော်တို့က ပေးတဲ့လူကလည်း မပေးနိုင်အောင် ပေးလို့မရတဲ့ အခြေအနေမျိုးဖြစ်အောင် ကျနော်တို့ ဖန်တီးပေးရတာပေါ့။ ပေးလည်းမပေးချင်အောင် ပေးလို့မရတဲ့ အခြေအနေမျိုးဖြစ်အောင်။ ယူတဲ့လူကလည်း ယူလို့မရအောင် အခြေအနေမျိုးဖြစ်အောင် ကျနော်တို့ ဖန်တီးဖို့လိုတာပေါ့။ အဲဒီလိုဖန်တီးနိုင်အောင် ကျနော်တို့က code of conduct ဆိုတာ ကျနော်မိတ်ဆက်ပါမယ်။ ကျင့်ဝတ်ပေါ့နော် ကျနော်တို့အားလုံးက လူတိုင်းပါ ပြည်သူတရပ်လုံးကလည်း နားလည်သဘောပေါက်ပါတယ် အဂတိလိုက်စားမှုဆိုတာ ကိုယ်ကျင့်သိက္ခာပျက်ယွင်းတဲ့ကိစ္စ ဆိုတာကို နားလည်ကြပါတယ်။ နားလည်ကြတဲ့အခါတော့ ဒီဟာကို မလုပ်ချင်ပါဘူး။ တကယ်တမ်းပြောမယ်ဆိုရင် ဘယ်သူမှ မလုပ်ချင်ပါဘူး။ ဒီဟာကို လုပ်နေရတဲ့ သူတို့မှာ အကြောင်းတွေ ရှိနေလို့ လုပ်နေရတာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က သူတို့မလုပ်ချင်တဲ့ကိစ္စ မကောင်းတဲ့ကိစ္စဖြစ်တယ်။ ဒုစရိုက် ကိစ္စဖြစ်တယ် ဒါကြောင့် ဒါကို မလုပ်ဘူးဆိုတဲ့ စိတ်မျိုးပေါ်လာရအောင် အဖွဲ့အစည်းတိုင်းပေါ့နော် ၊ ကျနော်တို့ အများပြည်သူနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးပေါ့နော် စီးပွားရေးလုပ်ငန်းရှင်တွေရော တဦးချင်းရော အစိုးရဌာနတွေရော အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ အားမပေးဘူး ၊ ခွင့်မလွှတ်ဘူးဆိုတဲ့ အနေအထာမျိုးဖြစ်အောင် ကိုယ့်ဌာနနဲ့ ကိုယ်ပေါ့ ၊ ကိုယ်တိုင်လည်း အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမလုပ်ဘူး ၊ နောက်ပြီး လက်အောက်ငယ်သားတွေလည်းမလုပ်ရဘူးဆိုတဲ့ အနေအထားမျိုး ၊ ကိုယ့်ကျင့်ဝတ်ကို ရေးဆွဲမယ် ၊ ပြီးတော့ လိုက်နာမယ်ပေါ့ အဲဒီ Practice က အများကြီး သာသွားပါတယ်ခင်ဗျ။ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးမှာ ဒီလိုဟာနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်တွေရှိပါတယ်။ ဒါဟာ ဂုဏ်သိက္ခာပါ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာပေါ့ စီးပွားရေးလုပ်ငန်းဆိုရင်လည်း စီးပွားရေးလုပ်ငန်းဂုဏ်သိက္ခာ တခြားလူမှုရေးအဖွဲ့အစည်းဆိုရင်လည်း လူမှုရေးအဖွဲ့အစည်းဂုဏ်သိက္ခာ ပေါ့ ကုမ္ပဏီဆိုရင်လည်း တဦးချင်းပိုင် ကုမ္ပဏီဂုဏ်သိက္ခာ ပေါ့ ။ ကိုယ့် အဖွဲ့အစည်းဂုဏ်သိက္ခာကိုစောင့်ထိန်းတဲ့အနေနဲ့ ဒီလိုကျင့်ဝတ်မျိုးကို ရေးဖို့ အားပေးသွားမှာဖြစ်ပါတယ်။"

အပိတ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်နဲ့ သီးသန့်တွေးဆုံမေးမြန်းချက်ထဲက မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်းမှာ လုပ်ငန်းရှင်ကြီးများ သိသင့်သိထိုက်တဲ့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ Code of Conduct နဲ့ ပတ်သက်ပြီး မနက်ဖြန်တနင်္လာနေ့မှာ ဆွေးနွေးဖို့ရှိတဲ့အကြောင်းကိုကောက်နှုတ်တင်ဆက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG