သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျင့်ပျက် ခြစားမှု လျော့ပါးရေးအတွက် အချိန်ယူရမည်


အကျင့်ပျက် ခြစားမှု လျော့ပါးရေးအတွက် အချိန်ယူရမည်
အကျင့်ပျက် ခြစားမှု လျော့ပါးရေးအတွက် အချိန်ယူရမည်

မြန်မာနိုင်ငံမှာ စနစ်တခုကနေ တခုကို ကူးပြောင်းနေတဲ့ အချိန်ကာလ ဖြစ်တာမို့ နိုင်ငံတွင်း အကျင့်ပျက် ခြစားမှု လျော့ပါးရေး အစီအစဉ်တွေ အောင်မြင်ဖို့ရာ အချိန်ယူရလိမ့်ဦးမယ်လို့ စီးပွားရေး ပညာရှင်လည်းဖြစ်၊ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တဦးလည်းဖြစ်တဲ့ ဦးမြင့်က ပြောလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှာလုပ်တဲ့ ဆွေးနွေးပွဲ တခုအတွင်း ဦးမြင့်က အဲဒီလို ပြောသွားတာပါ။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရားနဲ့ အစားထိုးပြီး အချိန်ယူ လုပ်ဆောင်သွားရမယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သြဂုတ်လ ၃ ရက်နေ့၊ ရန်ကုန်က အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ရုံးမှာလုပ်တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ပြီးတော့ ဦးမြင့်က အခုလို မှတ်ချက်ပေး ပြောဆိုတာပါ။

အကျင့်ပျက် ခြစားမှု လျော့ပါးရေးအတွက် နိုင်ငံတော်အနေနဲ့ ဘာတွေ ဆောင်ရွက်သင့်သလဲ ဆိုတာကို အကြံပြု ဆွေးနွေးသွားတယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ရှင်းပြပါတယ်။

“စီးပွားရေးအမြင်က နေပြီးတော့ သီအိုရီနောက်ခံနဲ့ ဆွေးနွေးသွားတာပါပဲ။ အကျင့်ပျက် ခြစားမှုဟာ ဘာ၊ ဘယ်လိုပုံစံကြောင့် ပေါ်လာရတယ်၊ ဘယ်လို အကြောင်းအရာတွေပေါ်မှာ တည်မှီပြီးတော့ ဖြစ်လာရတဲ့ဟာမျိုး ဖြစ်တယ်၊ နောက်ပြီးတော့ ဒါတွေဟာ ဘယ်လိုကိစ္စတွေကြောင့် အကျင့်ပျက် ခြစားမှုဟာ ဆက်ဖြစ်နေရသလဲဆိုတဲ့ သီအိုရီပေါ်မှာပဲ သူ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။

“ဥပမာဆိုပါတော့ဗျာ၊ လောဘကြောင့် အကျင့်ပျက် ခြစားရတာ၊ လိုအပ်ချက်ကြောင့် အကျင့်ပျက် ခြစားရတာ နှစ်မျိုးရှိတယ်ပေါ့ဗျာ၊ ဒါမျိုးတွေပေါ့။ ဘယ်နိုင်ငံမှာမဆို ဒီလို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်းပဲ အကျင့်ပျက် ခြစားမှုက ရှိနိုင်တယ်၊ အကျင့်ပျက် ခြစားမှုကို အဆုံးတိုင် နှိပ်ကွပ်လို့တော့ မရဘူးပေါ့ဗျာ။ ထိန်းနိုင်သိမ်းနိုင်တဲ့ အနေအထားအထိ ရောက်အောင် ဆွဲချရမယ်၊ ဒါမျိုးပဲ သူပြောပါတယ်။”

သူက လက်ရှိလည်း နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးတဦး ဖြစ်နေတဲ့အခါကျတော့ လက်ရှိအစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ရော ပြောပြလားခင်ဗျ။ ကျေနပ်အားရမှု ရှိ မရှိပေါ့၊ သူ့အမြင်လေး ပြောပြသေးလားခင်ဗျ။

“သူက ဒီလို နှိုက်နှိုက်ချွတ်ချွတ် အစိုးရ ယန္တရားထဲကို ဝင်ပြီး ဝေဖန်တာမျိုး လုပ်မသွားပါဘူး။ စနစ်ပြောင်းတဲ့နေရာမှာ အကျင့်ပျက် ခြစားမှုကို လျော့ပါးသွားအောင်၊ ထိန်းကွပ်နိုင်အောင် လုပ်ဖို့ဆိုတာ သမ္မတမှာလည်း အချိန်လိုတဲ့ အကြောင်းပေါ့လေ၊ အဲလောက်ကတော့ ပြောပါတယ်။

“သမ္မတကလည်း Down the line လုပ်နိုင်တဲ့ အနေအထား သူ့မှာ မရှိသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ ယန္တရားကြီးက အခုမှစပြီးတော့ လည်ပတ်ရတဲ့ အခါကျတော့ ယန္တရား အဟောင်းပေါ့လေ၊ fixed ဗျူရိုကရေစီ ယန္တရားက ရှိနေဆဲ ဖြစ်တာကို ဒီမိုကရက်တစ် ယန္တရားနဲ့ အစားထိုးဖို့အတွက် အချိန်ယူပြီးတော့ လုပ်သွားဖို့ အနေအထား ရှိနေတယ် ဆိုတာတော့ သူရှင်းပြပါတယ်။”

တခြား ပြင်ပက ဖိတ်ခေါ်တဲ့ ပညာရှင်တွေရော ရှိလားခင်ဗျ၊ ဦးမြင့်အပြင်ပေါ့။

“ဦးမြင့်အပြင်တော့ ကျနော်တို့ ပြင်ပဖိတ်ဖို့က အချိန်မရလို့ မလုပ်လိုက်ရဘူးဗျ။ အစကတော့ အစီအစဉ် ရှိပါတယ်။ ဖိတ်မယ်ဆိုရင် လာမယ့်ပုဂ္ဂိုလ်တွေ ရှိပါတယ်။ Public Policy တို့၊ တခြား စီးပွားရေးနဲ့ ပတ်သက်တာတို့၊ ဥပဒေနဲ့ ပတ်သက်တာတို့၊ အများစုကတော့ ကျနော်တို့ ပါတီထဲက၊ တချို့ လူငယ်ထဲကလည်း ပါပါတယ်။ NGO တွေမှာ လုပ်နေတဲ့ ကျနော်တို့ အဖွဲ့ထဲက ပုဂ္ဂိုလ်တွေလည်းပဲ ဆွေးနွေးပွဲမှာ ပါပြီးတော့ ဦးဆောင် ဆွေးနွေးသွားတာတွေလည်း ရှိပါတယ်ခင်ဗျ။”

NDF ရုံးမှာ သြဂုတ်လ ၁ ရက်နေ့ကနေပြီးတော့ ၅ ရက်နေ့အထိ နိုင်ငံရေး၊ စီးပွားရေး၊ ပါတီရဲ့ မူဝါဒဆိုင်ရာ၊ နိုင်ငံခြားရေး အစရှိတဲ့ အကြောင်းရပ်တွေနဲ့ ဟောပြော ဆွေးနွေးမှုတွေ လုပ်နေတဲ့နေရာမှာ သြဂုတ်လ ၃ ရက်နေ့မှာတော့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှုဆိုတဲ့ နေရာမှာ မိမိတို့ရထားတဲ့ အာဏာ လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာ ဖြစ်တယ်လို့ ဦးမြင့်က ပြောဆိုသွားပါတယ်။

“တိုင်းပြည်အကျိုးအတွက် ပေးထားတဲ့ တာဝန်ကို ကိုယ်ကျိုးအတွက် အသုံးပြုရင် ဒါ corruption ပဲ။ Use of Public Office for private gain အများပြည်သူ အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက်၊ လူအများစုအတွက် ပေးထားတဲ့ တာဝန်ဝတ္တရား အာဏာတွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာ။”

နိုင်ငံတော်သမ္မတရဲ့ စီးပွားရေး အကြံပေး ဦးမြင့်အနေနဲ့ ပြီးခဲ့တဲ့လတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှာ စီးပွားရေးကိစ္စ ဟောပြောဆွေးနွေးဖို့ စီစဉ်ခဲ့ပေမဲ့ အစီအစဉ် ဖျက်ခဲ့ရပါတယ်။ ဘာ့ကြောင့် အစီအစဉ်ပျက်သလဲ ဆိုတာတော့ မရှင်းပါဘူး။

လက်ရှိအားဖြင့်တော့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ အကျင့်ပျက် ခြစားမှု လျော့ကျရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေး လုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်မယ် ဆိုပြီးတော့ သမ္မတကိုယ်တိုင်က ကတိကဝတ် ပေးထားပါတယ်။ အစိုးရ ဦးဆောင်လုပ်တဲ့ ဆွေးနွေးပွဲတွေမှာ စီးပွားရေးဆိုင်ရာ ပညာရှင် အချို့ကိုလည်း ဖိတ်ကြား တက်ရောက်စေခဲ့ပါတယ်။ ဦးမြင့်ကိုတော့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ်နဲ့ သမ္မတရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတလွှား အဂတိလိုက်စားမှု အခြေအနေကို စောင့်ကြည့်တဲ့ Transparency International ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ ဆိုမာလီယာနိုင်ငံ ပြီးလို့ရှိရင် ကမ္ဘာပေါ်မှာ အကျင့်ပျက် ခြစားမှု အဆိုးဆုံးနိုင်ငံ အဖြစ်နဲ့ စာရင်းသွင်း ခံထားရပါတယ်။

XS
SM
MD
LG