သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတွင်းမြစ်ထဲ ပြင်းထန်နေတဲ့ တိုက်ပွဲ


စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာတရွာမီးရှို့ခံခဲ့ရစဉ် / ကနီ
စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာတရွာမီးရှို့ခံခဲ့ရစဉ် / ကနီ

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရေယာဉ်တွေနဲ့ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကျေးရွာတွေမီးရှို့ခံရတာရှိသလို အရပ်သားတွေထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းက အခြေအနေတွေ ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲကနေတဆင့် မင်းကင်းမြို့နယ်အပိုင် ချင်းတွင်းမြစ်ထဲကို စစ်ကောင်စီ ရေယာဉ်တွေဟာ ဇူလိုင် ၂၅ ရက်က ဆန်တက်လာပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဇူလိုင် ၂၇ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတာပါ။

တိုက်ပွဲအခြေအနေနဲ့ နေအိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်လို့ မင်းကင်းမြစ်ရိုးအောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်သံလုံးက အခုလိုပြောပါတယ်။

“၂၅ ရက်နေ့ကတည်းက ချလိုက်တာ ကနီနဲ့မင်းကင်းရေကြောင်းနယ်စပ်မှာချလိုက်တာ မီးရှို့တယ်ဖျက်ဆီးတယ်။ အခုထပ်ပြီး မီးရှို့သွားတယ်။ မဆီမဆိုင်ရဲဘော်မဟုတ်ဘူး ဘာမဟုတ်ဘူး၊ ပြည်သူတွေရဲ့အိမ်တွေကိုမီးရှို့သွားတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုကျဆုံးမှုရှိခဲ့သလို ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်။ မင်းကင်းမြို့နယ်ထဲက အနောက်တော၊ အုတ်နှဲဘုတ်၊ ညောင်ပင်သာ စတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၅၀ နီးပါး မီးရှို့ခံရပြီး ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီက ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးရှောင် အရပ်သားတဦး လက်နက်ကြီးထိမှန်ခဲ့ပါတယ်။ နေအိမ်တွေမီးရှို့ခံရပြီး အရပ်သားတွေ တိမ်းရှောင်နေရတာနဲ့ ပတ်သက်လို့ မင်းကင်းဒေသခံတဦးက အခုလိုပြောပါတယ်။

“မြစ်ကမ်းနဘေးမှာရှိတဲ့ရွာတွေကတော့ ပြည်သူတွေအားလုံးပြေးကြရတယ်။ သူတို့လက်နက်ကြီးက ရမ်းပစ်လိုက်တဲ့အချိန် ရွာတွေထဲကျလို့လေ။ အဲ့တော့ရွာတွေထဲကနေ ရှောင်တိမ်းနေကြရတယ်။ တင်ပင်းရွာမှာတော့ အဲ့မှာလက်နက်ကြီးကျည်ကျလို့ နေအိမ်တလုံးမီးလောင်သွားတယ်။ ဖက်ခတ်ရွာမှာတော့ လက်နက်ကြီးကျလို့ စစ်ဘေးရှောင်တဦးထိခိုက်တယ်။”

စစ်ကောင်စီရေယာဉ်တွေဟာ ဇူလိုင် ၁၇ ရက်ကတည်းက မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းတလျှောက် ဆန်တက်လာတာဖြစ်ပြီး ကနီမြို့နယ်ထဲမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရေယာဉ်တွေလည်း ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ကုန်လမ်းကနေ သွားလာချိန်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏ မိုင်းဆွဲတိုက်ခိုက်တာကြောင့် ချင်းတွင်းမြစ်ကမ်းကနေ ရေယာဉ်တွေအသုံးပြုပြီး သွားလာနေရတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ရေယာဉ်တွေမှာ ရိက္ခာလက်နက်တွေ တင်ဆောင်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ကျေးရွာတွေကို ရိက္ခာလက်နက်တွေပို့ဆောင်နေတာလည်းဖြစ်ပါတယ်။ ရေယာဉ်တွေဟာ မြစ်ကြောင်းကနေ သွားလာရင်း မြစ်ကမ်းဘေးက ကျေးရွာတွေကို နယ်မြေရှင်းလင်းတာ နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက တကြိမ်တခါမှ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Unicode










XS
SM
MD
LG