သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် IDPs စခန်းတွေမှာ ကိုဗစ်ကူးစက်မှုစိုးရိမ်ဖွယ်ရှိ


Refugees from Myanmar
Refugees from Myanmar

Zawgyi

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က လူဦးရေထောင်နဲ့ချီခိုလှုံနေတဲ့ ရောဘတ်ပြည်တွင်း ဒုက္ခသည်စခန်းနဲ့ လူ ၄၀၀ ခန့်နေထိုင်တဲ့ တံခွန်တိုင်စခန်းမှာ Covid 19 ကူးစက်လူနာ တွေ့ရှိတာကြောင့် စခန်းနေ ဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေ အကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် ဒုက္ခသည် စခန်းတွေမှာ မိသားစုတွေ စုပေါင်းနေထိုင်ရတဲ့အခြေအနေကြောင့် လျင်လျင်မြန်မြန် ပြန့်ပွားပြီး မြို့နေ လူထုအကြားမှာပါ ကူးစက်မှာကို စိုးရိမ်နေကြတာပါ။ စစ်ရှောင်စခန်း Covid ကူးစက်မှုအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါမယ်။
ဂျူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ဗန်းမော်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ ဗန်းမော်ခရိုင်အတွင်းမှာ Covid 19 အတည်ပြု လူနာ ၁၀၇ ဦးရှိပြီး အဲဒီထဲက အတည်ပြုလူနာ ၅၀ က ဗန်းမော်မြို့ နယ်ထဲကဖြစ်ကြပါတယ်။
ဗန်းမော်မြို့နယ်အတွင်း ကူးစက်သူ ၅၀ ထဲမှာ ရောဘတ်စစ်ဘေးဒုက္ခသည်စခန်း ၂ ဦးနဲ့ ရွှေကျီးနားရပ်ကွက်၊ တံခွန်တိုင် စစ်ဘေးဒုက္ခသည် တဦး ပါဝင်ပါတယ်။ ရောဘတ်စစ်ရှောင်စခန်းမှာ လူဦးရေ ၃,၀၀၀ကျော် မိသားစု ၄၀၀ ကျော်လောက် စုဝေးနေထိုင်နေရတာကြောင့် ဒုက္ခသည်စခန်းတွင်း ကူးစက်မှုဟာ အထူးစိုးရိမ်ရတဲ့အခြေအနေရှိကြောင်း စခန်းမှာနေထိုင်တဲ့ မိသားစုဝင်တဦးက VOA ကို ပြောပါတယ်။
“မနေ့ညက ရောဘတ်စစ်ရှောင်စခန်းရယ်၊ တံခွန်တိုင်ရယ်ပေါ့။ ၃ ယောက်ပေါ့။ ရောဘတ်စစ်ရှောင်စခန်းက ၂ ယောက်၊ တံခွန်တိုင်က ၁ ယောက်။ ဗန်းမော်မှာကတော့ test kit နဲ့ စစ်တာဆိုတော့ test kit မှာတော့ positive ပေါ်တယ်လို့ ပြောတယ်။ လောလောဆယ် Quarantine Center မှာပဲ သူတို့ ထား ထားတယ် ပြောတယ်။ ရောဘတ်စစ်ရှောင်စခန်းကတော့ ကချင်ပြည်နယ်မှာ အကြီးဆုံးလို့တောင် ပြောလို့ရတယ်။ လူဦးရေက ၃ ထောင်ကျော်၊ ၄ ထောင်လောက်ရှိတာကိုး။ Camp တွေမှာက သိတဲ့အတိုင်းပဲ ကလေးတွေရော၊ လူကြီးတွေရော၊ သက်ကြီးရွယ်အိုတွေရော အကုန်စုံစိနဖာနေတာ။ Transmissionက အရမ်းမြန်နိုင်တဲ့အတွက် ကူးဆိုရင်တော့ ကျနော်တို့ တစ်မြို့လုံးတောင် ပြန့်နိုင်တဲ့အနေအထားမျိုး ရှိတယ်။”
ရောဘတ်ဒုက္ခသည်စခန်းဟာ ၂၀၁၁ ကချင်တကျော့ပြန်စစ်ပွဲကာလတည်းက ဖွင့်ခဲ့တဲ့ စခန်းဖြစ်ပါတယ်။ စခန်းမှာနေထိုင်သူထဲက တချို့ စခန်းပြင်ပထွက် အလုပ်လုပ်နေကြတာတွေ ရှိတာပါ။ လက်ရှိ ကူးစက်ခံရသူတဦးဟာ မြို့အတွင်းက ကားရေဆေးဆီလိုက်လုပ်ငန်းမှာ လုပ်ကိုင်နေသူဖြစ်တယ်လို့ ပြောပါတယ်။
ရောဘတ် ဒုက္ခသည်စခန်းကို သွားလေ့ရှိသူတယောက်က စခန်းတွင်း လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။
“အေး အခု အဲဒီထဲမှာ နေအိမ်တန်းလျား ၃ လျားတောင်မှ lockdown ချထားရတယ်။ ဒီမနက်တောင် ကျနော် ရောဘတ်ကို ရောက်ခဲ့သေးတယ်။ အဲဒီမှာ ဆရာ (တယောက်နဲ့) စကားသွားပြော၊ ခနသွားတွေ့တာလေ။အဲဒါ ဒီနေ့လည်း ငါ စိတ်ညစ်နေတယ်တဲ့။ အထဲမှာ Covid တွေ့လို့တဲ့။”
ဗန်းမော်မြို့၊ ရွှေကျီနားရပ်ကွက်ရှိ တံခွန်တိုင်ဒုက္ခသည်စခန်းက ကူးစက်ခံရသူရဲ့အခြေအနေကိုတော့ Covid ကူးစက်လူနာတွေကို ကူညီပေးနေသူ တဦးက အခုလို ပြောပါတယ်။
“ရွှေကျီနားရပ်ကွက်၊ တံခွန်တိုင်စစ်ရှောင်စခန်းပေါ့နော်။ အဲဒီက အမျိုးသမီးတဦးက သူ့ဖာသူလာစစ်တာ။ အဖော်လေးတယောက်နဲ့အတူ လာစစ်တော့ ကျနော်တို့ လူနာပို့နေတဲ့အချိန် တွေ့မိတယ်။ တံခွန်တိုင် camp က ဆို။ စစ်လိုက်တော့ သူက positive ဖြစ်တော့ သူမပြန်ရတော့ဘူး။ သူ့ရဲ့အဖော်ကတော့ negative ။ နောက် သူပြန်သွားပြီးတော့ သူတို့နဲ့ထိစပ်တဲ့သူတွေကို အဲဒီမှာ ပြန်သွားစစ်တယ်။ camp ရှိတဲ့ ရပ်ကွက်မှာပဲ နေရာတခုလုပ်ပြီး သူတို့ ပြန်စစ်ကြတော့ ကျန်တဲ့ ထိစပ်တဲ့သူတွေကတော့ negative လို့ သိရတယ်ဗျ။”
လောလောဆယ်မှာ ဗန်းမော်မြို့က ကိုဗစ်ကူးစက်လူနာ ၅၀ မှာ လူနာ ၂ ဦးကို အောက်စီဂျင် မပြတ်ပေးထားရပါတယ်။
ဗန်းမော်ခရိုင် မိုးမောက်မြို့မှာတော့ ဒီနေ့ ဆရာတော်တပါး ရုတ်တရက်ပျံတော်မူခဲ့တာကို ဆေးစစ်ကြည့်တဲ့အခါ Covid ပိုးတွေ့ရှိခဲ့တယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။
“မိုးမောက်မြို့က မန္တလေးကျောင်းဆရာတော်လည်း ရုတ်တရက်ပျံလွန်တော်မူသွားတာ။ အဲဒါ သံသယဖြစ်လို့ စစ်လိုက်တော့ positive ဖြစ်တယ်ပေါ့နော်။ Positive ဖြစ်ပြီး ပြန်သွားတာ အဲလိုမျိုးတော့ serious ဖြစ်နေတယ်။”
ဆရာတော်ပျံလွန်ပြီးနောက် စစ်ဆေးရာမှာ မိုးမောက်မြို့မှာ ပိုးတွေ့လူနာ ၂၇ ယောက်လောက်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။
ဗန်းမော်ခရိုင် အလော့ဘွမ်တပ်စခန်းကို KIA က မတ်လနောက်ဆုံးပတ်က သိမ်းယူခဲ့တဲ့နောက် စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
မိုးမောက်မြို့နယ်အတွင်းက မြို့သစ်၊ ကုန်းလော၊ စီဟတ်နဲ့ အနီးအနားကျေးရွာက ပြည်သူတွေဟာ ဗန်းမော်၊ မိုးမောက်နဲ့ မန်နောင် စတဲ့ကျေးရွာတွေကို တိမ်းရှောင်ပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်း စတာတွေမှာ ခိုလှုံနေကြရတာပါ။
လက်ရှိ အချိန်မှာ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းတာတွေရှိနေပြီး အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တာကြောင့် ပြည်တွင်းဒုက္ခသည်အများစုဟာ နေရပ်မပြန်ရဲဘဲ ဒုက္ခသည်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode


#MyanmarIDPs #Kachin #Covid19 #VOABurmese

XS
SM
MD
LG