သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ် အခြေအနေ 


Covid-19 victim in Larshow Township, Northern Shan State, Myanmar
Covid-19 victim in Larshow Township, Northern Shan State, Myanmar

မြန်မာပြည်အတွင်း ကိုဗစ်အတည်ပြုလူနာသစ်တွေ သေဆုံးသူတွေ နေ့စဉ်မြင့်တက်နေပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့မှာဆို ဇူလိုင်လ ၁ ရက်နေ့ တရက်တည်း အတည်ပြုလူနာ ၉၀ ကျော်ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။ မော်လမြိုင်၊ ကျောက်မဲနဲ့ ချင်းပြည်နယ်ဘက်တွေမှာလည်း အတည်ပြုလူနာနဲ့ သေဆုံးသူတွေ များနေပါတယ်။ ဒီအကြောင်း ရန်ုကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်သူအရေအတွက် များလာနေတဲ့ ရခိုင်ပြည်နယ်ထဲက မောင်တောမြို့နယ်မှာ ဇူလိုင်လ ၁ ရက်နေ့က ကိုဗစ်အတည်ပြုလူ ၉၀ ကျော်ရှိခဲ့ပါတယ်။ မောင်တောမှာ တာဝန်ကျလို့ ပြောင်းလာတဲ့ ရဲနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ အပါအဝင် အစိုးရဝန်ထမ်းတွေဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးလည်းဖြစ် မောင်တောမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံ က ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိ positive ကတော့ ၉၃ ယောက်ပါ၊ အခုနောက်တစ်ယောက်ထပ်တိုးတယ် ၉၄ ယောက်ဖြစ်မယ်၊ သူတို့တွေကို သူတို့စခန်းမှာပဲ ထားပါတယ်၊ သူတို့ သူတို့ရဲဌာနစခန်းမှာပါ၊ အဲ့မှာသီးသန့်ထားပါတယ်၊ ရဲတစ်ခုတည်းတော့ မဟုတ်ဘူးနဲ့တူတယ် နယ်ခြားစောင့်တွေ တခြားဌာနဆိုင်ရာဝန်ထမ်းတွေလည်းပါပါတယ်၊ အာ… သူတို့ကလေး မောင်တောကိုရောက်တာ သုံးရက်ပဲရှိသေးတယ်၊ တခြားနေရာတွေက ပြောင်းလာတဲ့ ဝန်ထမ်းတွေပါ၊
မြန်မာပြည်အနှံ့မြို့တွေအများကြီးကပါပါတယ်။ ဘယ်လိုကူးစက်ခံရတာလဲဆိုတာတော့ မပြောတတ်ဘူး၊ သူတို့ကတော့ ရေယာဉ်နဲ့ပေါ့ သင်္ဘောကြီးတစ်စီးနဲ့ အတူတူလာတဲ့ဟာ လမ်းမှာ သုံးရက်ကြားတယ်၊ တစ်စင်းတည်းစီးလာတဲ့ဟာ အကုန်လုံးကူးကြတာ။”

မောင်တောမြို့ကို လာရောက်လာတာ သုံးရက်မြောက်နေ့မှာ အနံပျောက်လို့ဆိုပြီး သူတို့အားလုံးကို စစ်ဆေးကြည့်ရာမှာ အားလုံးမှာ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေတာ စစ်ဆေးတေ့ွခဲ့တာဖြစ်ပါတယ်။ ဇွန်လကနေ ဇူလိုင်လ ၁ ရက်နေ့အထိ မောင်တောမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၃၇ဦး ရှိတယ်လို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးမှာလည်း ဇူလိုင် ၁ ရက်က ကိုဗစ် အတည်ပြုလူနာသစ် ၂၉ ဦး တွေ့ရှိရတယ်လို့ ဒေသခံလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူကလည်း ၉ ယောက်ရှိနေပါပြီ

“ဒီနေ့ဆိုလို့ရှိရင် positive ၂၉ ယောက်ထွက်တယ်၊ မနေ့ကဆို ၂၀ ထွက်တယ် တစ်နေ့ကဆိုလို့ရှိရင် ၁၉ ယောက်၊ အဲ့မှာ နေ့စဉ် အယောက်၂၀ နီးပါးပုံမှန်ထွက်နေတယ်၊ ဒီ ၆ လပိုင်း၊ ကိုဗစ်က ဒီ၆ လပိုင်းလောက်မှ ပြန်စတယ်လို့ ပြောရမလား၊ ဟိုဥစ္စာပေ့ါ ကူးစက်မှုတွေများပြီးတော့မြန်ပြီးတော့ နေ့စဉ်လာစစ်တာ သိသာတယ်၊ အို မိသားစုတစ်ယောက် positive ဖြစ်သွားရင် သူ့မိသားစုတွေ ခေါ်စစ်တဲ့အခါကျ မိသားစု ကျန်တဲ့မိသားစုတွေလည်း တော်တော်များများကူးစက်ခံထားရတာ တွေ့ရတယ်ပေါ့နော် သူက ကူးစက်မြန်တဲ့အနေအထားလည်း ဖြစ်နေတာပေါ့၊ အခုလက်ရှိဆိုလို့ရှိရင် ဒီ ၆လပိုင်းအတွင်းမှာတွေကို ကိုဗစ် positive အတည်ပြုပြီးတော့ပေါ့နော် ကိုဗစ် ၁၉ positive လူနာ သေဆုံးတာတော့ ၉ ယောက်ရှိသွားပြီး။”


ရှမ်းပြည်နယ် ကျောက်မဲမြို့မှာလည်း ကိုဗစ် သံသယလူနာ ၁ယောက် ဇူလိုင် ၁ ရက်နေ့က သေဆုံးသွားပါတယ်။ ကျောက်မဲမြို့မှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၅၈ ဦးရှိပြီး အဲ့ဒီလူနာတွေကို နေအိမ်မှာပဲ home quarantine ထားထားတယ်လို့ နမ့်ခမ်း ရှမ်းများ လူမှုကူညီရေးအသင်းက ပြောပါတယ်။

“အခု လောလောဆယ်တော့ ဒီတစ်ယောက်ပဲ သေသေးတယ်ပေါ့နော်၊ ကူးစက်သူကတော့ အခု ၅၈ ယောက်ပါပဲ၊ ကိုဗစ်ဖြစ်တဲ့ လူအတွက် သူ့ရဲ့ သီးသန့်နေရာတစ်နေရာအတွက် မရှိဘူးဖြစ်နေတာအတွက်ကြောင့်မို့ ဒါကြီးက ဘယ်လိုကူးစက်နှုန်းရှိမလား မရှိဘူးလားဆိုတော့ ကျနော်လည်း မပြောနိုင်ဘူးဖြစ်နေတာပေါ့နော်၊ အခုဟာက အဲ့လိုမျိုး Home Quarantine မှာပဲ ထားတယ်ဗျ အဲ့လိုသက်သက်ဆီမထားဘူးဗျ၊ Home Quarantine မှာထားတော့ သူ့ရဲ့ လုပ်ဆောင်မှုအပိုင်းက တော်တော်လေးအားနည်းတယ်လို့ပဲ ပြောရတော့မလား။”

ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ထန်တလန်မြို့တွေမှာ ကိုဗစ်ရောဂါနဲ့လူသေဆုံးမှုတွေရှိနေပါတယ်။ ဒါကြောင့်ထန်တလန်မြို့နယ်မှာ အရေးပေါ်ဆေးရုံးဖင့်လှစ်သွားဖို့ Covid-19 Emergency Response Committee ကပြင်ဆင်နေပါတယ်။ တီးတိန်မြို့မှာ ဆေးဝါး၊ ဆေးပစ္စည်းနဲ့ အောက်စီဂျင်စက်တွေအရေးပေါ်လိုအပ်နေပြီး လက်ရှိမှာတော့ ပရဟိတအဖွဲ့တွေကပဲ အဓိက ကူညီပေးနေကြောင်း Be Strong Supporting Group ရဲ့တာဝန်ရှိသူတဦးက
ဗွီအိုအေကို ပြောပါတယ်။ Lockdown အသွားအလာပိတ်ထားတဲ့ မြို့ဖြစ်တဲအတွက်လည်း စားဝတ်နေရေးကအစေ ဒေသခံတွေမှာ အခက်အခဲရှိတယ်လို့ သူကပြောပါတယ်။

" ဒီနေ့ဆိုလည်း ၆ ယောက် ကိုဗစ်ရောဂါနဲ့ သေသွားတယ်ပေါ့နာ်။ ကုသဖို့အတွက် ခက်ခဲနေတာတွေ ရှိပါတယ်။ အနီးနားရွာတွေမှာလည်း positive သမားတွေ ရှိတယ်ပေါ့နော်။ ဆေးဖိုးဝါးခတွေလည်း တော်တော်လေး လိုအပ်တဲ့အကြောင်း ရင်ဖွင့်လာတဲ့ဟာတွေရှိတယ်။ စိန်ခေါ်မှုတွေ တော်တော်များများရှိတယ်ပေါ့နော်။ အရင်ကလိုမျိုး မဟုတ်တဲ့အတွက်ကြောင့်မို့ အလှူငွေသည်လည်း လိုပါတယ်၊ ပစ္စည်းဝယ်ဖို့ကအစပေါ့ ငွေသားခက်ခဲနေတဲ့ အခြေအနေတခုကြုံရတာပေါ့နော်။ ဒီကနေ့အထိ ပြည်သူတွေအချင်းချင်း ကူညီကြတဲ့အတွက်ကြောင့်မို့ နည်းများမဆို ပါဝင်လာကြလို့ ကျေးဇူးအများကြီး တင်တယ်ပေါ့နော်။"


တီးတိန်မြို့ထဲကို မြို့ပြင်ကလာတဲ့သူတွေကို မြို့ထဲပေးမဝင်ဖို့၊ လစာထုတ်ရက် ဌာနဆိုင်ရာတွေမှာ လူစုလူဝေး မဖြစ်အောင်လုပ်ဖို့၊ ကုန်ကားတွေကို ၂ ရက်ခြားစနစ်နဲ့ပဲ မြို့ထဲပေးဝင်ဖို့ လုပ်သွားနိုင်ရေး တီးတိန်မြို့မှာ ရပ်မိရပ်ဖတွေ စီစဉ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁ ရက် ညနေ ၄ နာရီမှာ အားကစားနဲ့ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ ဓါတ်ခွဲနမူနာ ၇၉ ၂၄ ခုကို စစ်ဆေးခဲ့တဲ့ထဲက အတည်ပြုလူနာသစ် ၁၅၈၀ ရှိပါတယ်။

==================













XS
SM
MD
LG