သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု ၅,၁၈၉ ဦး၊ သေဆုံး ၂၈၁ ဦး


မန္တလေးမြို့မှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့သူများကို စေတနာ့ဝန်ထမ်းတွေက သုဿန်သို့သယ်ဆောင်လာကြစဉ်။ (ဇူလိုင် ၁၄၊ ၂၀၂၁)
မန္တလေးမြို့မှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့သူများကို စေတနာ့ဝန်ထမ်းတွေက သုဿန်သို့သယ်ဆောင်လာကြစဉ်။ (ဇူလိုင် ၁၄၊ ၂၀၂၁)

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ (၅,၁၈၉) ဦး ဒီကနေ့ ဓါတ်ခွဲအတည်ပြုချက်တွေ့ပါတယ်။

ဓါတ်ခွဲစစ်ဆေးမှုပေါင်း (၁၃,၉၁၆) ခုမှာ ပိုးတွေ့သူ ၅,၀၀၀ ကျော်ရှိပြီး ပိုးတွေ့ရာခိုင်နှုန်း ၃၇.၂၉ ဖြစ်ကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုည ၈ နာရီမှာ ထုတ်ပြန်တာပါ။

၂၄ နာရီအတွင်း သေဆုံးသူက (၂၈၁ ) ဦးထိ စံချိန်တင်ရောက် ရှိခဲ့ပြီး အခုထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းက ( ၅,၂၈၁) ယောက်ရှိပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာ တရားဝင်ကိန်းဂဏန်းတွေထက် ကိုဗစ်ကူးစက်မှုရောသေဆုံးနှုန်းပါ အဆမတန်များပြားနိုင်တယ်လို့ကျန်းမာရေးတာဝန်ရှိသူတွေရော လေ့လာသူတွေကပါ ခန့်မှန်းထားကြပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ပိုးတွေ့သူ အရေအတွက်ရော သေဆုံးသူ အရေအတွက်ပါ တနေ့ထက်တနေ့ စံချိန်တင်တိုးလာနေတာပါ။ ရောဂါကူးစက်ခံရသူတွေအနေနဲ့ ဆေးရုံတွေမှာ ကုသခွင့်ရဖို့ အခက်အခဲတွေ ရင်ဆိုင်နေရသလို သေဆုံးသူတွေကိုမီးသင်္ဂြိုလ်နိုင်ရေးအခက်အခဲတွေ ရှိနေပါတယ်။ မီးသင်္ဂြိုလ်စက်ရှိတဲ့နေရာတွေမှာ အလောင်းတွေ စုပုံနေတာ၊အောက်စီဂျင် အလုံအလောက် မရရှိနိုင်တာကြောင့် နေ့စဉ် နာရီပေါင်းများစွာကြာတဲ့အထိ အောက်စီဂျင်တန်းစီ စောင့်ဆိုင်းနေကြသူတွေရဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ယက်တွေပေါ်မှာ ပြန့်နေပါတယ်။

တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ အောက်စီဂျင်အလုံအလောက်ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဆေးရုံတွေ၊ ကိုဗစ်ကုသရေး စခန်းတွေမှာလည်း လူနာတွေနဲ့ ပြည့်နေပြီး ကုသမှုအပိုင်းမှာလည်း ဆေးဝါးပစ္စည်း အခက်အခဲတွေ၊ ဆရာဝန်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို အောက်စီဂျင် အခက်အခဲကြောင့် ရောဂါသည် တော်တော်များများ မသေသင့်ဘဲ သေဆုံးရတာလို့ ကျန်းမာရေးပညာရှင်တွေနဲ့ လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တွေက ဝေဖန်ပြောဆိုနေပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကတော့ လူတွေ အပြင်မထွက်ဖို့၊ နှာခေါင်းစည်းတွေ တပ်ပြီး တဦးနဲ့တဦးခပ်ခွာခွာနေဖို့၊ ရောဂါထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ သတိပေးနှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် ရောဂါပိုးစစ်ဆေးနိုင်မှု အားနည်းနေသလို ကျန်းမာရေးစနစ်လည်း လုံးဝ ပြိုလဲမလိုဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


====

Unicode








#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG