{{Zawgyi/Unicode}}
ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာအပါအဝင် ပြည်ပနိုင်ငံတွေဆီ အိန္ဒိယနိုင်ငံက ပြန်လည်တင်ပို့နေပြီလို့ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရက မနေ့ကပြောပါတယ်။
"အိမ်နီးချင်းနိုင်ငံတွေကို စ ပို့မှာပါ။ တိုင်းပြည်တော်တော်များများက တောင်းဆိုထားကြပါတယ်။တချို့ က အမှာစာပို့ထားကြပါတယ်။ ကာကွယ်ဆေးတွေကို နိုင်ငံတော်တော်တော်များများကို ပို့ပေးခဲ့ပေမဲ့ ပြည်တွင်း လိုအပ်ချက်ကို အဓိကထားခဲ့ရပါတယ်။ ဝန်ကြီးချုပ် Narendra Modi နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့သလို အခု ၄ နိုင်ငံကိုတော့ မကြာသေးခင်ကစပြီး ကာကွယ်ဆေးတွေ ပို့နေပါတယ်" လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနပြောခွင့်ရ Arindam Bagchi က ပြောပါတယ်။ မြန်မာ၊ နီပေါလ်၊ အင်္ဂလားဒေ့ရှ်နဲ့ အီရန်နိုင်ငံတွေဆီ ကာကွယ်ဆေးတွေ စ ပို့ပေးနေတာဖြစ်ပါတယ်။
လူဦးရေသန်း ၁,၄၀၀ ရှိတဲ့ အိန္ဒိယနိုင်ငံမှာ သန်း ၉၆၀ ကျော်ကို ကာကွယ်ဆေး ထိုးပြီးထားပြီး အရွယ်ရောက်ပြီးသား အသက်အရွယ်တွေရဲ့ ၇၀% ကာကွယ်ဆေးတလုံး ထိုးပြီးနေပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး ညီတူညီမျှရရှိရေး COVAX အစီအစဉ်အောက်မှာ အဓိက ကာကွယ်ဆေး ဖြန့်ဖြူးပေးနိုင်တဲ့နိုင်ငံဖြစ်ဖို့ အိန္ဒိယက မျှော်လင့်ထားပါတယ်။
ဧပြီလကတည်းက ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက် ပျံ့နှံ့လာတာကြောင့် အိန္ဒိယက တင်ပို့မှု ရပ်ဆိုင်း ထားခဲ့တဲ့အတွက် တိုင်းပြည်တော်တော်များများ ကာကွယ်ဆေး လုံလုံလောက်လောက် မရတော့ဘဲ လူသန်းပေါင်းများစွာ ကာကွယ်ဆေးထိုးဖို့ နောက်ကျခဲ့ရပါတယ်။
-------------
{{Unicode}}