သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်တတိယလှိုင်း အားပျော့လာပေမယ့် စိတ်မချရသေး


ဇန်နဝါရီ ၂၀၊ ၂၀၂၁ က ကိုဗစ်ကာကွယ်ဆေးထိုးရန်စောင့်ဆေးနေသော ကျန်းမာရေးဝန်ထမ်းများ။
ဇန်နဝါရီ ၂၀၊ ၂၀၂၁ က ကိုဗစ်ကာကွယ်ဆေးထိုးရန်စောင့်ဆေးနေသော ကျန်းမာရေးဝန်ထမ်းများ။

Zawgyi/Unicode

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်တတိယလှိုင်းကာလ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်း တဖြေးဖြေးလျော့လာပေမယ့် စိတ်ချရတဲ့အနေအထားမှာတော့ ရှိမနေသေးပါဘူး။ ပြည်တွင်းမှာ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှု ဒီ့ထက်ပို ကျဆင်းစေဖို့နဲ့ ကပ်ရောဂါလှိုင်း နောက်ထပ်ဖြစ်မလာစေဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုက ပြောပြပါမယ်။

ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားတာ မေလကုန်ပိုင်းကနေ အခု စက်တင်ဘာနှောင်းပိုင်းအထိ ကူးစက်မှုနဲ့သေဆုံးနှုန်းဟာ ဖြေးဖြေးချင်း ကျဆင်းလာပြီဆိုပေမယ့် ရောဂါထိန်းချုပ်မှု ကာကွယ်ရေးနည်းလမ်းတွေကတော့ ဆက်ပြီးလိုက်နာဖို့ လိုနေပါတယ်။

ကိုဗစ်ဗီဇပြောင်းမျိုးကွဲတွေ ထွက်ပေါ်ပျံ့နှံ့နေတာ၊ ရောဂါကာကွယ်ရေးစည်းမျဉ်းတွေလိုက်နာမှု အားနည်းတာနဲ့ ခရီးသွားလာပြီး လူစုလူဝေးဖြစ်နေတာတွေဟာ ကပ်ရောဂါတတိယလှိုင်းကနေ နောက်ထပ်လှိုင်းတခု ထပ်ပြီးဖြစ်နိုင်တဲ့ အချက်တွေဖြစ်တယ်ဆိုတာကို ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်လို့တော့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက MRTV နဲ့ အင်တာဗျူးမှာ အခုလိုပြောထားပါတယ်။

"ရောဂါဖြစ်ပွားမှုအနေနဲ့ ကြည့်မယ်ဆိုရင် ၁၅ နှစ်အောက်အရွယ် ရောဂါဖြစ်ပွားမှုဟာ စုစုပေါင်းရောဂါဖြစ်ပွားမှုရဲ့ ၇% ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ၁၅ နှစ်ကနေ ၄၅ နှစ်အရွယ်တွေမှာဆိုရင်တော့ ရောဂါဖြစ်ပွားမှုရဲ့ တဝက်ကျော်ကျော်ပေါ့နော် ၅၇% ဟာဆိုရင် ဒီအသက်အရွယ်တွေမှာ ဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါဟာဆိုရင် ဂရုစိုက်ရမယ့်အချက်ဖြစ်ပါတယ်။ အသက်ကြီးလာရင် ရောဂါဖြစ်ပွားမှုဟာ ပိုတွေ့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ သေဆုံးမှုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ တတိယလှိုင်းအစကနေ စပြီးတော့ စက်တင်ဘာ ၆ ရက်နေ့အထိ စုစုပေါင်းသေဆုံးမှုထဲမှာဆိုရင် ၁၅ နှစ်အောက် သေဆုံးမှုက ၂၁ ယောက်ပဲရှိပါတယ်။ ဝ.၂% ပဲ ရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့ ဒါဟာ WHO ရဲ့ ဒေတာနဲ့က သွားကိုက်နေတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ၁၅ နှစ်ကနေ ၂၉ နှစ် ၂၂၂ ယောက်ရှိတဲ့အတွက်ကြောင့်မို့ ၁.၇% ရှိပါတယ်။ ၃၀ ကနေ ၄၄ နှစ်က ၂၀.၇% ရှိပါတယ်။ ၄၅ ကနေ ၆၀ က ၃၅.၉% လောက်ရှိတာကို တွေ့ရပါတယ်။ ဒါကတော့ ရောဂါဖြစ်ပွားမှု သေဆုံးမှုကို ကမ္ဘာ့ဒေတာနဲ့ ကျမတို့ မြန်မာနိုင်ငံက ဒေတာကို နှိုင်းယှဉ်ပြခြင်းဖြစ်ပါတယ်။"

စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို အုပ်စု ၁၆ ခု ခွဲပြီး ထိုးပေးနေတယ်လို့ သိရပါတယ်။ အသက် ၅၅ နှစ်အထက်ရှိသူတွေ၊ မသန်စွမ်းသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေနဲ့ နာတာရှည်ရောဂါအခံရှိသူတွေ၊ ကျမ်းမာရေးဝန်ထမ်းတွေအပါအဝင် စေတနာ့ဝန်ထမ်းတွေအပြင် အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်သူတွေကို ထိုးပေးနေတာပါ။

ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူကတော့ ၃၅ သိန်း ၈ သောင်းကျော်ရှိပြီး တကြိမ်ထိုးနှံပြီးသူက ၂၅ သိန်း ၇ သောင်းကျော် ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ရောဂါကာကွယ်ဆေးတွေကို သက်ဆိုင်ရာစုရပ်အလိုက် အခမဲ့ထိုးနှံပေးနေပြီး ပြင်ပမှာတော့ ဂရန်းဟံသာဆေးရုံ၊ ပန်းလှိုင်ဆေးရုံနဲ့ တရုတ်ကုန်သည်များ အသင်းချုပ်ကနေပြီးတော့ အခကြေးငွေယူပြီး အစုအဖွဲ့လိုက် ထိုးနှံပေးနေတာရှိပါတယ်။

ဒီနှစ်ထဲ ကိုဗစ်ကာကွယ်ဆေး ၂၄ သန်း နောက်ထပ်ရောက်လာဖို့ရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

"လက်ရှိမှာဆိုရင် ကာကွယ်ဆေးက ဒီလထဲမှာ ၁၀ သန်း ရမယ်။ အောက်တိုဘာမှာ ၁၀ သန်း ရမယ်။ နိုဝင်ဘာမှာ ၄ သန်းရမယ်လို့ ရည်မှန်းထားပါတယ်။ ၂၄ သန်း ဖြစ်တဲ့အတွက်ကြောင့်မို့ နောက်ထပ် ၆ သန်းကလည်း ထပ်မှာထားတာ ဖြစ်တဲ့အတွက်ကြောင့် ရရှိဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ၂၄ သန်း ထိုးနှံနိုင်ဖို့ကို ဇန်နဝါရီလမှာ အပြီးဆိုပြီးတော့ ရည်မှန်းထားပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ဒီဇင်ဘာမှာ အပြီးထိုးနှံနိုင်ဖို့အတွက် target ထားပြီး ရည်မှန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

အခုဖြစ်တဲ့ ကပ်ရောဂါတတိယလှိုင်းမှာ ပြည်သူတွေအနေနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်ခံရမှု အားနည်းခဲ့ပြီး ဇူလိုင်လနဲ့ ဩဂုတ်လအစပိုင်းတွေမှာ ဖြစ်ပွားသေဆုံးသူ အတော်များများရှိခဲ့ပါတယ်။ အခုကပ်ဘေးဟာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ အရင်လှိုင်းတွေထက် အဆပေါင်းများစွာဆိုးတယ်လို့ မြေပြင်မှာ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

"ဒီကပ်ဘေးမှာ ဒီတတိယလှိုင်းကတော့ အဆိုးဆုံးအနေအထားလို့ ပြောရမှာပေါ့နော်။ ကိုဗစ်က ငြိမ်သွားတယ်၊ နည်းသွားတယ်ဆိုတာက စစ်တဲ့သူတွေနည်းတာလည်း ပါတယ်။ နောက်ပြီးတော့ ကိုယ့်အိမ်မှာကိုယ်ကုပြီးတော့ ပြန်ကောင်းတာလည်း ပါတယ်။ Mobile ဆေးကုသရေး အစုအဖွဲ့လေးတွေ လုပ်ကြတော့လည်း အိမ်မှာပဲ ကိုယ့်ဟာနဲ့ကိုယ် ကုကြတာများတယ်။ အိမ်ကုတဲ့လူနာကျတော့ စာရင်းဇယားတွေမတက်ဘူးလေ။ အဲလိုလူနာတွေများတယ်။ နောက်ပြီးတော့ တကယ့်ကို ဒီသေဆုံးတဲ့သူကလည်း တအားများပြီးမှ လူပဲကုန်သွားလို့လား မသိဘူးပေါ့နော်။ သေဆုံးနှုန်းလည်း ကျလာတဲ့အခါကျတော့ ဒီကိုဗစ်ကတော့ နည်းနည်းငြိမ်သွားပြီလို့ ပြောလို့ရတာပေါ့။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ သိန်း ၅ သောင်းကျော်နဲ့ သေဆုံးသူ ၁ သောင်း ၇ ထောင်ကျော် ရှိထားပါတယ်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့အတွက် အခြေခံပညာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------

Unicode














XS
SM
MD
LG