သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ရှမ်းနဲ့ ကယားပြည်နယ်တွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်


တောင်ကြီးမြို့အနီးစိုက်ခင်းတခု
တောင်ကြီးမြို့အနီးစိုက်ခင်းတခု

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ဘက်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသကာကွယ်ရေးပူပေါင်းတပ်တွေအကြား လနဲ့ချီဖြစ်နေတဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ တိုက်ပွဲကြောင့် သိန်းနဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာမို့ အခု မိုးရာသီ မိုးစပါးစိုက်ပျိုးချိန်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် နောက်လာမယ့်နှစ်တွေအတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ရဲမွန်ကပြောပြပါမယ်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်မှုတွေ ဖြစ်ပေါ်လာခဲ့တာမှာ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ၂၀၂၁ ခုနှစ် မေလလောက်ထဲက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့အချိန်ကတည်းက ဒေသခံအများအပြား စစ်ဘေးလွတ်ရာ ပြေးရှောင်နေကြရတာ အခုဆိုရင် တနှစ်ကျော်နေပြီး နေရပ်လည်း မပြန်နိုင်ကြသေးပါဘူး။ ပုံမှန်ဆို အခုလို မိုးရာသီရောက်ချိန်မှာ မိုးစပါးနဲ့ ပြောင်းတွေ စိုက်ပျိုးကြတာဖြစ်ပေမဲ့ အခုတော့ လက်ရှိ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ပုန်းခိုနေကြရတဲ့ဒေသခံတွေ အနေနဲ့ စိုက်ပျိုးရေးမလုပ်နိုင်တော့ဘူးလို့ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

“အရင်ပုံမှန်အချိန်ဆိုရင်တော့ ကျနော်တို့ ၅လပိုင်း၊ ၆လပိုင်း ဆိုရင် မိုးနည်းနည်းရွာပြီးဆိုရင် ထယ်ထွန်ကြတာပေါ့။ တချို့ကျတော့လည်း အခင်းကြဲတာပေါ့ ။အဲ့လိုမျိုးတွေ တချို့ဆိုလည်း ပြောင်းဖူးစိုက်ကြတာပေါ့။ အခုဟာတော့ ဘယ်သူမှလည်း စိတ်မပါကြတော့ဘူးလေး၊ မပါကြတော့ဘူးဆိုတာ မြေသြဇာဈေးကြီးလာတယ်။ နောက်ပြီးတော့ပြန်လုပ်ရင်လည်း လုံခြုံမှုမရှိ၊ နောက်တစ်ခုက ကိုယ်စားရမှန်း မစားရမှန်မသေချာဘူးလေး။”

မနှစ်တုန်းကတော့ မိုးစပါးစိုက်ပျိုးခဲ့ပေမယ့် စပါးရိတ်သိမ်းချိန်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ရပြီး တချို့သူတွေက စပါးမရိတ်သိမ်းနိုင်ခဲ့ဘူးလို့ ဒီးမော့ဆို စစ်ပြေးဒုက္ခသည်က ပြောပါတယ်။ ဒီနှစ်မှာလည်း အများစုက မိုးစပါးမစိုက်နိုင်ဘဲ တည်ငြိမ်တဲ့ ကျေးရွာလောက်သာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

“မနှစ်ကလည်း စိုက်ဖို့လုပ်ရင်းနဲ့ပဲ အဲ့လိုပဲ ပြန်ပြေးရတာပဲ။ ဒီနှစ်လည်း မစိုက်ကြပါဘူး။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းလောက်ပဲ နည်းနည်းပဲ စိုက်ကြတယ်ဗျ။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ မစိုက်နိုင်ကြဘူး။ တချို့ကြတော့လည်း နည်းနည်းငြိမ်တဲ့ ရွာတွေပေါ့။ ငြိမ်တဲ့ရွာတွေဘက်မှာ သူတို့က လယ်တွေ နည်းနည်းပေးလုပ်ကြတာပေ့ါ၊ ကိုယ်ချင်စာစိတ်နဲ့ အဲ့လိုမျိုးလေး ကိုယ့်ကိုယ်လုပ်စားကြပေါ့။ မြေလွတ်မြေရိုင်းတွေရော တချို့ကျတော့ ၅ ဧက ရှိတဲ့လူက သူတို့ ၅ ဧကတော့ မလုပ်တော့ဘူး။ စစ်ရှောင်တွေကို ရော့နင်တို့ ၅ယောက်စုပေါင်းပြီးတော့ တစ်ဧကလုပ် အဲ့လိုမျိုးစားဖို့ ရတာပေ့ါ။ နောက်နှစ်အတွက်ကတော့ မတွေးရဲဘူးပေ့ါနော်။ မတွေးရဲဘူးဆိုတာ ကျနော်တို့ ဒီနှစ်စားနေတာက ပြီးခဲ့တဲ့ ဟို…အရင်တုန်းက လုပ်ထားတဲ့ဟာလေးတွေကို ကိုယ်နိုင်သလောက် သယ်ထုတ်လာတဲ့ဟာတွေပေါ့။ သယ်ထုတ်လာတဲ့ဟာလေးတွေ ကြိတ်စားတယ်။ ပြီးတော့ အလှူအတန်လေးတွေ လာတဲ့ဟာလေးတွေ ကျနော်တို့ စားနေကြရတာပေါ့။ အခုက နောက်တနှစ်လောက် နှစ်နှစ်လောက် ထပ်ကြာမယ်ဆိုရင်တော့ အခြေအနေကတော့ မတွေးဝံစရာပဲ။ အကုန်လုံး ငတ်ကုန်တော့မယ်ထင်တယ်။”

တောင်သူတွေက မိုးစပါးမစိုက်ပျိုးနိုင်ဘူးဆိုရင် နောင်လာမယ့်နှစ်တွေအတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာလိမ့်မယ်လို့ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ဆီးမီးလော့ကျေးရွာ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။

“စိုက်ပျိုးရာသီရောက်တဲ့အခါကျတော့ မစိုက်ပျိုးရတော့ဘူးပေ့ါနော်။ တိုက်ပွဲဆက်လက် ဖြစ်နေဆိုရင်တော့ ကျနော်တို့ ဒီမိုးဗြဲ၊ ဖယ်ခုံအရှေ့ဖက်တော့ စိုက်ပျိုးရာသီနောက်ကျသွားလိမ်မယ်။ နောက်ကျနော်တို့ စားဖို့သောက်ဖို့တော့ ပိုပြီးတော့ အခက်အခဲဖြစ်လာလိမ်မယ်။ ပြောင်းနဲ့ စပါး အဓိကထား စိုက်ပျိုးကြတာ ဒီဖယ်ခုံအရှေ့ဖက်ခြမ်းမှာနော်၊ ဖုယ်ခုံဒေသဘက်က။”

နိုင်ငံရေး၊ လုံခြုံရေး မတည်ငြိမ်သလို သွားရေးလာရေးခက်ခဲနေတဲ့ ရှမ်းပြည်နယ် ကယားပြည်နယ် နယ်စပ်တွေ ဘက်မှာ လောင်စာဆီတွေ ဓာတ်မြေသြဇာတွေ အဆမတန် ဈေးတက်နေတာကြောင့် တချို့တောင်သူတွေက စပါးစိုက်ပျိုးဖို့ ခက်ခဲနေကြပါဘူး။ ဒ့ါအပြင် စစ်ကောင်စီတပ်တွေက စစ်ရေးသွားလာလှုပ်ရှားမှုတွေ ကျေးရွာတွေမှာ တပ်စွဲနေထိုင်တာတွေကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားနေလို့ လုံခြုံမှုမရှိဘူးလို့ မိုးဗြဲမြို့နယ်က စစ်ရှောင်ကူညီသူက ပြောပါတယ်။

“လုပ်လို့ရတဲ့လယ်က ၅၀ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းလောက်ပဲ သူတို့လုပ်နိုင်ကြတော့တယ်ပေါ့။ တချို့နေရာမှာ ဒီဝါရီဆူးပလိုင်အနီးတဝိုက်တွေမှာဆိုလည်း လယ်လုပ်လို့ လုံးဝကို အဆင်မပြေတော့ဘူးနော်။ ဒီစစ်ကောင်စီက တပ်စွဲတဲ့နေရာတွေပေါ့နော်။ ဒီးမော့ဆိုဘက် စစ်ကောင်စီတပ်စွဲနေရာက လယ်လုပ်လို့လည်း မရတော့ဘူး။ နောက်တချို့လယ်လုပ်လို့ရတဲ့နေရာတွေအခါကျတော့ မြေသြဇာဈေးတွေက အဆမတန်တက်နေတယ်။ ဒီပုံမှန်နှစ်တွေဆို မြေသြဇာတစ်အိတ် ၃သောင်းကို အခုက ၁သိန်းနဲ့ ၃သောင်းလောက် မြင့်တက်လာတော့လေး မဝယ်နိုင်ကြဘူးပေါ့။ တောင်သူတွေက အဲ့လိုမျိုးတွေ ကြုံရတော့ လာမယ်နှစ်အတွက် ဆန်စပါးရှားပါးမှုတွေ တော်တော်လေးကြုံတွေ့နိုင်မယ်လို့ ကျနော်မြင်တာပေ့ါနော်။”

စစ်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေဖြစ်နေကြပြီး အလုပ်အကိုင်မရှိ ဝင်ငွေပြတ်လပ်ပြီး စားဝတ်နေရေးအတွက် အတော်လေး အခက်အခဲ ဖြစ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode











XS
SM
MD
LG