သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးအစည်းအဝေး မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ


ဒီသီတင်းပတ်ထဲ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးက လွှမ်းမိုးမယ့် အလားအလာရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်းမှာ မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ အဓိက ဆွေးနွေးမယ့် ကိစ္စတခုဖြစ်ကြောင်း သံတမန်တွေကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အာဆီယံအသင်းရဲ့ အဆင့်မြင့် အစည်းအဝေးတွေမှာလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် တားမြစ်ထားတာပါ။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်မယ့် ကြေညာချက်မှာတော့ မကြာသေးခင်က မြန်မာနိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန် ဝေဖန်ထားပြီး၊ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဆိုင်းဖို့ တောင်းဆိုလိမ့်မယ်လို့လည်း ကြေညာချက် မူကြမ်းကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

ဒါဟာ မြန်မာ့အရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ရေရှည်အဖြေရှာနိုင်အောင် သက်ဆိုင်သူတွေအားလုံး ဆွေးနွေးညှိနှိုင်းဖို့ အခြေအနေတရပ် ဖန်တီးနိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ NUG အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် သက်ဆိုင်သူတွေနဲ့ သံတမန်ရေးအရ ဆက်သွယ်ဆွေးနွေးမှုတွေ အကြိမ် ၆၀ လောက် လုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။

XS
SM
MD
LG