သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး အစီရင်ခံစာ မြန်မာဝေဖန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂအထူးကိုယ်စားလှယ် မစ္စ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂအထူးကိုယ်စားလှယ် မစ္စ် Yanghee Lee

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၂၈ ကြိမ်မြောက် ညီလာခံကိုတင်သွင်းမယ့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့အစီရင်ခံစာကို FIDH ခေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ မဖြေရှင်းဘဲ ကျန်ရှိနေသေးတဲ့ စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးပြဿနာတေ ွရှိနေသေးတယ်ဆိုတာကို အမှတ်ရစေတယ်လို့ ဆိုပါတယ်။

မကြာသေးမီက ကျောင်းသားတွေရဲ့ဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့မှုဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကိုနှိပ်ကွက်ရာရောက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေ ချိူးဖောက်သူတွေကို အရေးယူခြင်းမရှိသေးတာတွေ့ရတဲ့အကြောင်း FIDH ရဲ့ တနင်္လာနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာ ထောက်ပြထားပါတယ်။ ဒါ့အပြင်ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနောက်ပြန်ဆုတ်တာကိုတွေ့ရတဲ့အကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်ကတိပေးထားပေမယ်လို့ အခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ဒါဇင်ပေါင်းများစွာရှိနေပြီး အရေအတွက်ဟာ မှန်မှန်ကြီး တိုးလာနေတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ FIDH အဖွဲ့အနေနဲ့ တောင်းဆိုထားသလို၊ လယ်မြေသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးနှောင့်ယှက် အကျဉ်းချနေတာတွေကို စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းနဲ့ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတဝန်း ရဲဘက်စခန်းတွေမှာ ဖမ်းဆီးထားသူ (၁၀,၀၀၀) ကျော်တို့ရဲ့နေထိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း၊ သေဆုံးခဲ့သူ (၁,၁၀၀) ကျော်ရှိတဲ့အတွက်ကြောင့် ပျှမ်းမျှသုံးရက်မှာ တဦးကျသေဆုံးနေတာတွေ့ရတယ်လို့ ထောက်ပြထားပါတယ်။

စောစောပိုင်း မတ်လ (၁၀) ရက်နေ့ကတော့ မြန်မာအစိုးရအနေနဲ့ Yanghee Lee အစီရင်ခံစာပါအချက်တွေ ကန့်ကွက်ကြောင်း ကြေညာချက်ကို မြန်မာနိုင်ငံခြားရေးဌာနက လူ့အခွင့်အရေးကောင်စီထံတင်သွင်းခဲ့ပါတယ်။

ဇန်နဝါရီလ (၇) ရက်နေ့ကနေ (၁၆) ရက်နေ့ထိသွားခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံလိုသူတွေနဲ့ လွတ်လပ်စွာတွေ့ဆုံခွင့်ပေးခဲ့ပေမယ်လို့ သူရဲ့အစီရင်ခံစာမှာ ဘက်လိုက်မှုများ ရှိနေတာတွေ့ရတဲ့အကြောင်း ဝေဖန်ထားပါတယ်။

လွတ်လပ်စွာစုရုံးခွင့်နဲ့ ဆန္ဒထုတ်ဖေါ်ခွင့် မြန်မာနိုင်ငံမှာပေးထားတဲ့အကြောင်း၊ မြန်မာပြည်သူတွေအနေနဲ့ အင်တာနက်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ လွတ်လပ်စွာ အသုံးပြုခွင့်ရှိကြတဲ့အကြောင်း၊ ပုံနှိပ်ထုတ်ဝေတဲ့ဥပဒေမှာလည်း မှတ်ပုံတင်ဖို့လိုပေမယ့် ဆင်ဆာဖြတ်တောက်မှုတွေ မရှိတဲ့အကြောင်း တုံ့ုပြန်ထားပါတယ်။

သတင်းထောက်တွေအနေနဲ့ သတင်းယူရာမှာ ကန့်သတ်အဆောက်အဦးတွေကို ဝင်ရောက်ခဲ့တာဟာ တရားဥပဒေချိူးဖောက်တဲ့အတွက် အရေးယူရတာဖြစ်ကြောင်းဖေါ်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ပြန်လည်စီစစ်ရေးကော်မတီကို မြန်မာအစိုးရအနေနဲ့ဖွဲ့စည်းပြီးလွတ်ငြိမ်းချမ်းသာခွင့် (၁၄) ကြိမ် သမ္မတက ပေးခဲ့တဲ့အကြောင်း ထောက်ပြထားပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလက လက်ပံတောင်းကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုအတွင်း လယ်သူမကြီးဒေါ်ခင်ဝင်းသေဆုံးခဲ့မှုကို မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီး အကြံဉာဏ်များပေးခဲ့ကြောင်း၊ ဆလင်းကြီးမြို့နယ်တရားရုံးမှာ အမှုကိုကြားနာနေတဲ့အကြောင်း ရှင်းပြထားပါတယ်။

ဒါ့အပြင် ယာယီသက်သေခံ အဖြူရောင်ကဒ် ရထားသူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးက လူထုဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ စသဖြင့် ထောက်ပြထားပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းနဲ့ပတ်သက်ပြီးတော့ မြန်မာတိုင်းရင်းသားသမိုင်းမှာ မရှိတဲ့ အတွက်ကြောင့် Ms. Lee ရဲ့သုံးနှုန်းမှုကို မြန်မာအစိုးရက ကန့်ကွက်ထားပါတယ်။

XS
SM
MD
LG