သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငွေလဲလှယ်နှုန်းအတွက် IMF အကူအညီ တောင်းခံ


မြန်မာငွေလဲလှယ်နှုန်းအတွက် IMF အကူအညီ တောင်းခံ
မြန်မာငွေလဲလှယ်နှုန်းအတွက် IMF အကူအညီ တောင်းခံ

မြန်မာနိုင်ငံရဲ့ ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ညှိနှိုင်းနိုင်ဖို့အတွက် IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးက အကူအညီပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်ရေးစနစ် ပြုပြင် ပြောင်းလဲဖို့နဲ့ နိုင်ငံတကာနဲ့ ငွေပြောင်းငွေလွှဲ ကန့်သတ်ချက်တွေ ရုပ်သိမ်းရေးမှာ နိုင်ငံတကာ ငွေလဲလှယ်နှုန်း ဈေးကွက်ရဲ့ စံနှုန်းတွေနဲ့အညီ ဖြစ်စေဖို့အတွက် IMF က ကူညီမှာ ဖြစ်တယ်လို့ IMF အဖွဲ့ ပြောခွင့်ရသူက မနေ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

IMF ကိုယ်စားလှယ် အဖွဲ့ဟာ အောက်တိုဘာလလယ်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတဲ့အကြောင်း၊ မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း ခေတ်နဲ့အညီဖြစ်အောင် နိုင်ငံတကာနဲ့ ငွေပြောင်းငွေလွှဲတွေ ပြုလုပ်ရာမှာ ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးနိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေက IMF ကို အကူအညီ ပေးပါရန် ပန်ကြားချက်အရ IMF က အခုလို တုံ့ပြန်တာ ဖြစ်တယ်လို့ IMF ပြောခွင့်ရသူက ပြောဆိုလိုက်ပါတယ်။

မြန်မာကျပ်ငွေရဲ့ တရားဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းဟာ တဒေါ်လာကို ၆ ကျပ်သာဖြစ်ပြီး ပြင်ပပေါက်ဈေးကတော့ တဒေါ်လာကို ကျပ် ၈၀၀ နီးပါး ရှိနေတာကြောင့် နိုင်ငံတကာနဲ့ ငွေလွှဲကြရာမှာ နှုန်းထားအမျိုးမျိုး ကွဲပြားနေတာ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ဒီလို နိုင်ငံခြားငွေ လဲလှယ်နှုန်း အကွဲကွဲ အပြားပြား ဖြစ်နေတာဟာ ထင်သာမြင်သာမှု မရှိဘဲ စရိတ်စကတွေလည်း ကြီးကြောင်း၊ ငွေလဲလှယ်နှုန်း အမျိုးမျိုးကို နှုန်းထားတခုတည်းနဲ့ သတ်မှတ်နိုင်ခဲ့ရင်တော့ နိုင်ငံရဲ့ အရင်းအမြစ်တွေက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ အကျိုးခံစားခွင့် ပိုရရှိမှာ ဖြစ်တယ်လို့ IMF ရဲ့ ၂၀၀၈ ခုနှစ် မြန်မာ့စီးပွားရေးရာ သုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG