သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဖိုးကျဆင်းမှု ရိုက်ခတ်ချက်ပြင်းထန်


Myanmar currency
Myanmar currency

ဒေါ်လာနဲ့ယှဉ်တဲ့ မြန်မာကျပ်ငွေတန်ဖိုး တနေ့ထက်တနေ့ ထိုးကျလာတာရဲ့ ဆိုးကျိုးသက်ရောက်မှုကို မြန်မာပြည်သူအများစု ခံစားနေရပြီလို့ သွင်းကုန် လုပ်ငန်းရှင်တွေကအစ ၊ လခစား မိသားစု အိမ်ရှင်မတွေအဆုံး ငြီးတွားနေကြပါတယ်။ မြန်မာငွေဈေး အတက်အကျကို မြန်မာပြည်တွင်းမှာ ထိန်းချုပ်နိုင်ဖို့ အစိုးရ ဗဟိုဘဏ်က ကျားကန်ပေးနေတယ်ဆိုပေမယ့် သိသာတဲ့ အကျိုးဖြစ်ထွန်းမှုတွေ မတွေ့ရသေးဘူးလို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ဈေးကွက်ထဲမှာ ကျပ်ငွေတန်ဖိုးဟာ သောကြာညနေ ဈေးပိတ်ချိန်မှာတော့ တစ်ဒေါ်လာကို ကျပ်(၁၆၂၀)ဝန်းကျင်မှာရှိခဲ့ပြီး တချို့နေရာတွေ မှာဆိုရင် (၁၆၅၀)အထိ ဈေးပေါက်ခဲ့တာပါ။

အခုလို မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့ အကျိုးဆက်ကို အဓိက ခံစားနေရ သူတွေထဲမှာ လခစားမိသားစု အိမ်ရှင်မတွေက အများဆုံး ဖြစ်တယ်လို့ ရန်ကုန် တာမွေမြို့နယ်က မဆွေက ပြောပါတယ်။

“အိမ်ရှင်မတွေကတော့ အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရတာပါပဲ။ အခြေခံစားကုန်ပေါ့နော်၊ ဆန်ဆိုတာဟာ ထမင်းဆိုတာ မရှိမဖြစ် စားရမှာပဲလေ။ ဒီဆန်ကအစ ဈေးက တက်သွားတာလေ။ အရင်တုန်းကဆိုရင် ၂၃၀၀ တန်ကနေပြီးတော့ အခု ၃ ထောင် ဖြစ်သွားတယ်ရှင်၊ ရုတ်တရက်ကြီး။ နောက်တခါ ကန်စွန်းရွက်နဲ့ အခြေခံစားကုန်ပေါ့နော်၊ ကန်စွန်းရွက်ကလည်း အရင်တုန်းက တစည်း ၃၀၀ ကနေ အခုမနက် ဈေးသွားတဲ့အခါမှာ ၅၀၀ ဖြစ်သွားတယ်။ အဲလိုပေါ့နော်၊ တချို့ အသားငါးဈေးတွေဆိုလို့ရှိရင် ဈေးတောင် မမေးရဲတော့တဲ့အခြေအနေမျိုးတွေ ဖြစ်နေတာရှင့်။ ဒီနေ့မနက် ဈေးသွားတဲ့အချိန်မှာ အရမ်းကို အံ့သြလောက်အောင်ပေါ့နော်၊ ဆိတ်သားဆိုလို့ရှိရင်လည်း တကယ်ကို မကြားဖူးတဲ့ဈေး- ၂ သောင်း ၈ ထောင် တို့၊ ၃ သောင်းတို့၊ အဲလိုမျိုးတွေဖြစ်တာ။ ဝက်သားဆိုလို့ရှိရင်လည်း ၁၅၀၀ ပေါ့နော်၊ ကြက်သားဆိုလို့ရှိရင်လည်း CP ကြက်တောင်မှပဲ အရင်တုန်းက ၄၀၀ - ၅၀၀ က ဒီကနေ့ဆို ၆၀၀၊ ၇၀၀ အဲလိုမျိုးတွေပေါ့နော်။ အဲလိုမျိုးတွေ ဖြစ်သွားတယ်။ ဈေးသွားတဲ့အချိန်မှာ ကိုယ်မှန်းထားတဲ့ပိုက်ဆံဟာ အရင်တုန်းကဆိုလို့ရှိရင် နှစ်ရက်စာ ရမယ်ဆိုလို့ရှိရင် အခု တရက်စာပဲပေါ့နော်၊ အဲလိုမျိုး ဖျစ်ဖျစ်မြည်အောင် ဖြစ်နေရတယ်။ အဲလိုမျိုး။”

မြန်မာငွေဈေး အတက်အကျကို ပြည်တွင်းမှာ ထိန်းညှိနိုင်ဖို့ အစိုးရဗဟိုဘဏ်က အစောပိုင်းမှာ ဒေါ်လာသန်း ဂဏန်း ထုတ်ရောင်းပေးနိုင်ခဲ့ပြီး အဲဒီကတဆင့် သိန်းဂဏန်း၊ အခုရက်ပိုင်းမှာတော့ ဒေါ်လာ သောင်းဂဏန်း လောက်သာ ထုတ်ရောင်းပေးနေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူရဲ့ သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဈေးကွက်ထဲကို ဒေါ်လာငွေ အလုံအလောက် ရောက်မလာတာကလည်း မြန်မာငွေတန်ဖိုးကို ပြန်ဆွဲတင်နိုင်ဖို့ ခက်ခဲနေတဲ့ အကြောင်းရင်းတွေထဲက အချက်တချက် ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြတာပါ။

လယ်ယာသုံး စက်ပစ္စည်းတွေကို နိုင်ငံခြားကနေ တင်သွင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးကတော့ မြန်မာငွေဈေး ကျနေတာကြောင့် သူတို့လုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။

“အရောင်းအဝယ်တွေက တချို့ဟာတွေကတော့ ပျက်ကုန်တာပေါ့နော်။ ဈေးနူန်းတွေက ပြင်နေရတဲ့အတွက်ကြောင့်မလို့ ရောင်းပြီးသားတွေအပေါ်မှာလည်း ပြန်ပြီးလိုက်ဝယ်ပေမဲ့လည်း ကျနော်တို့က ရူံးနေတယ် တောက်လျှောက်.. Importer တွေက။ ရောင်းပြီးရင်း ရှုံး ရောင်းပြီးရင်းရှုံး ဖြစ်နေတယ်။ ဒီကြားထဲမှာ ဝယ်တဲ့သူတွေကလည်း ဝယ်ဖို့တွေကို ဈေးအဆမတန် ပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ တချို့ဟာတွေကလည်း မဝယ်တော့ဘူး၊ မဝယ်တဲ့အတွက်ကြောင့်မလို့ အရောင်းအဝယ်က ကျတယ်။ ကြိုပြီးတော့ တချို့ဟာတွေက ကြိုပြီးရောင်းထားတဲ့ဟာတွေက ငွေပြန်မရသေးတဲ့အတွက် အဲဒီငွေတွေနဲ့ အခုဒေါ်လာဈေးအတက်မှာ ပြန်ဝယ်မယ် ဆိုရင်၊ ရှိပြီးသား ဒေါ်လာတောင်ပြန်မရပဲနဲ့ လျော့သွားတဲ့အတွက် ရှုံးသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်တယ်။ သွင်းကုန်သမားတွေအတွက် တော်တော်ကြီးကို ထိခိုက်နစ်နာတယ်လို့ပြောရမယ်။”

လက်ရှိ မြန်မာငွေဈေး ကျနေတဲ့ပြသနာကိုဖြေရှင်းဖို့ NLD အစိုးရက ကြိုးစားလုပ်ဆောင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တလောက တွေ့ဆုံချိန်မှာ ကတိပေးပြောပေမယ့်၊ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ UMFCCI မြန်မာနိုင်ငံ စက်မှုကုန်သည်ကြီးများအသင်းချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကြည်စိုးက ပြောပါတယ်။

“ (ဒေါ်လာ) လိုအပ်ချက်နဲ့ ရောင်းပေးတဲ့ပမာဏနဲ့ ကွာဟမှု ရှိနေမှာပေါ့နော်။ အဲဒီလိုပဲ တခါ ဝယ်တဲ့သူကလည်း သူ့အကန့်အသတ်နဲ့ ဝယ်ခွင့်ရှိတာဆိုတော့ အဲဒီဝယ်ခွင့်ရှိတဲ့သူတွေက ပြန်ပြီးတော့ အလုပ်လုပ်တဲ့နေရာမှာ မပြင်တာလည်း ဖြစ်နိုင်တာပေါ့နော်။ ကျနော်တို့နိုင်ငံက နဂိုကတည်းက export နည်းတဲ့နိုင်ငံ၊ import ပေါ်မှာမှီခိုနေတယ်။ ကျနော်တို့ရဲ့ လိုအပ်ချက်လောက် ဘဏ်ကလည်းမလုပ်ပေးနိုင်ဘူး နိုင်ငံခြားအရံငွေလည်း တော်တော်ကိုပဲ နည်းတဲ့အနေအထား ဖြစ်နေတယ်ပေါ့နော်။ နောက်တခုက (ဒေါ်လာကို) အင်တိုက်အားတိုက်နဲ့ လိုသလောက် ရောင်းပေးနိုင်တဲ့ အနေအထားရှိမလား၊ အဲဒီလိုမျိုး ကျနော်ပြောသလို နဂိုတည်းကမှ နည်းနေတဲ့အတွက်ကြောင့် သူတို့ချည်း လုပ်လည်း လုပ်ဖို့က မဖြစ်နိုင်ဘူးပေါ့လေ။ ကျနော်တို့ရဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့ ရောင်းဝယ်နေတဲ့ အခါမျိုးမှာ တရုတ်နဲ့ဆိုရင်လည်း ယွမ်ကို ကျနော်တို့ အရောင်းအဝယ်သုံးနိုင်အောင်လို့၊ ထိုင်းနဲ့ ဆိုရင်လည်း ဘတ်ပေါ့နော်။ အဲဒီလိုအိမ်နီးနားချင်းနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ ရောင်းဝယ်ခွင့်ရနိုင်ဖို့ပေါ့...”

မြန်မာ့ငွေတန်ဖိုး ကျဆင်းမှုဟာ ဒီတခေါက်မှာ ဘယ်တုန်းကမှနဲ့မတူအောင် ကျနေတဲ့အတွက် NLD အစိုးရကို ကိုယ်တိုင်မဲပေး တင်မြှောက်ခဲ့တဲ့ အိမ်ရှင်မ မဆွေက ခုလိုဝေဖန်လိုက်ပါတယ်။

“ကိုယ် မဲပေးခဲ့တဲ့အစိုးရကို ကျမတို့က အများကြီးမျှော်လင့်ထား ခဲ့တဲ့အတွက်ကြောင့်မလို့ အခု အများကြီးမျှော်လင့်ထားတာကို နည်းနည်းလေမှ ဖြစ်မလာတဲ့အတွက်ကြောင့်မလို့ အရမ်းကိုပဲ စိတ်ပျက်ပြီးတော့ အရမ်းကိုပဲ ဝမ်းနည်းရပါတယ်။ ကိုယ်မျှော်လင့် ထားတာတွေ ဘာမှ ဖြစ်မလာတဲ့အပြင်ကို သူတို့ဟာနဲ့သူတို့ ဘယ်လိုပဲပြောပြော ပြောတာနဲ့လုပ်တာနဲ့က တခြားစီ။ အခုဟာက ဒေါ်လာဈေးက ဖြေးဖြေး ဖြေးဖြေးနဲ့ ဒီထက်ပိုပြီးအများကြီး တက်တက် တက်တက်လာတဲ့ အခါကျတော့ ပြည်သူတွေ အခြေခံလူတန်းစားတွေမှာ တကယ့်ကိုပဲ ပြည်သူလူထုမှာ အရမ်းကို ဒုက္ခရောက်ရတယ်။ အဲဒါတွေကိုလည်း ပြည်သူလူထုဘက်က ဘာမှစဉ်းစားမပေးပဲ ဘာမှလည်း မလုပ်ပေးနိုင်ဘူးရှင့် အဲဒီတော့ အခုရှိနေတဲ့ လက်ရှိအစိုးရကိုလည်း ကျမတို့ တော်တော်လေးကိုလည်း စိတ်ပျက်မိတယ်။ တော်တော်လေးကိုလည်း အားမလိုအားမရဖြစ်ပြီးတော့ တော်တော်လေး ဝမ်းနည်းမိပါတယ်။ ကိုယ်မဲပေးခဲ့တဲ့ အစိုးရ ကိုယ်အရမ်းယုံကြည်ခဲ့တဲ့ အစိုးရက ပြည်သူတွေအပေါ်ဘာမှ မလုပ်ပေးနိုင်တဲ့ အတွက်ကြောင့် တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ်။”

တရုတ်နဲ့ အမေရိကန်ကြားဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲရဲ့ အရှိန်ကြောင့် နိုင်ငံတကာမှာတော့ ဒေါ်လာဈေးတွေ အတော်လေး တက်နေပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ အခုကြုံနေရတဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကတော့ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပိုပြီး ဆိုးတယ်လို့ စီးပွားရေးပညာရှင် တွေကပြောပါတယ်။ ဒါကြောင့် အခုကြုံနေရတဲ့ ကျပ်ငွေတန်းဖိုး ကျဆင်းမှုဟာ နိုင်ငံတကာအခြေနေအပြင် မြန်မာနိုင်ငံရဲ့ပင်ကိုယ် စီးပွားရေး အခြေအနေနဲ့လည်း သက်ဆိုင်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG