သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား


ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။ အောက်တိုဘာ ၂၃၊ ၂၀၁၀။
ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။ အောက်တိုဘာ ၂၃၊ ၂၀၁၀။

ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလား ပင်လယ်အော်မှာ ဗဟိုပြုပြီး မြန်မာနိုင်ငံထဲကို ဆိုင်ကလုံးမုန်တိုင်း ပြင်းပြင်းထန်ထန် ဝင်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီလောက်က တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိမုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ဘက်ကနေပြီး နိုင်ငံအလယ်ပိုင်းထိ ရိုက်ခတ်သွားခဲ့တာပါ။

မြန်မာအာဏာပိုင်တွေရော၊ မြန်မာ့ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကပါ မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါပြီ။ ဒီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့ပြီး အသေအပျောက် တချို့လည်း ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပေမဲ့ အခုထိ အသေအပျောက် စာရင်းကိုတော့ တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီမုန်တိုင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မခွာညိုက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေကတော့ ကမ်းရိုးတန်း ဒေသတွေဖြစ်ပြီး အထူးသဖြင့် ကျောက်ဖြူ၊ မင်းပြား၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော စတဲ့ ဒေသတွေက စက်ရုံ အလုပ်ရုံတွေ၊ အဆောက်အဦးတွေနဲ့ အိမ်တွေ ပျက်စီးသွားခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်ထဲမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်ပေါင်း ၅,၀၀၀ လောက်ရှိပြီး အခု ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရကြောင်း ဒေသခံ ဦးဘရှင်က အခုလို ပြောပါတယ်။

“သံဖြူကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၈၀၀ ကျော်လောက်ရှိတယ်။ မူလာဒွာရ ဘုန်းကြီးကျောင်းမှာလည်း ဒုက္ခသည် ၇၀ လောက်ရှိတယ်။ မူလာရာမ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၂၀၀ ကျော်လောက်ရှိတယ်။ အထက ၂ မှာ ဒုက္ခသည် ၁,၅၀၀ လောက်ရှိတယ်။ စိန်ပန်းဆရာတော်ကျောင်းမှာ ဒုက္ခသည် ၁၀၀ လောက်ရှိတယ်။

“ဘုရားကြီးကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၅၀ လောက် ရောက်နေတယ်။ အလက ၄ မှာ ၁၀၀ နီးပါးလောက် ရောက်နေတယ်။ ကရင်တော အမကမှာ လူ ၁၀၀ လောက် ရှိတယ်။ ပရဟိတ ဆရာတော်ကျောင်းမှာ ၇၀ လောက် စာရင်းရထားပါတယ်။ ကလပါတောင် မူလတန်းကျောင်းမှာ ၁၁၀၊ သိမ်တောင်ကျောင်း ဘုန်းကြီးကျောင်းမှာ လူ ၆၀ လောက်ရှိပါတယ်။ နောက် အထက ၁ မှာ မိသားစု ၅၀ လောက် ရှိပါတယ်။ ပြင်ဖူမော်ဆိုတဲ့ ရေမြုပ်နေတဲ့ရွာမှာ ဒုက္ခသည်က ၈၀၀ လောက်ရှိတယ်။”

ကျောက်ဖြူမြို့ဟာ လူဦးရေ ၂၀၀,၀၀၀ နီးပါးရှိပြီး မုန်တိုင်းကြောင့် အိမ်ခြေစုစုပေါင်းရဲ့ ၇၅% လောက် ပျက်စီးသွားခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူဦးရေ ၁၂၀,၀၀၀ ကျော် နေထိုင်ရာ မြေပုံမြို့နဲ့ ပတ်ဝန်းကျင် ရွာတွေမှာလည်း လူနေအိမ်ခြေတွေဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့တာပါ။ အခုလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရတာကတော့ အားပြင်းတဲ့ မုန်တိုင်းဒဏ်ကြောင့် ကျောက်ဖြူမြို့ကို ပတ်ထားတဲ့ တာဘောင် ကျိုးသွားတဲ့အတွက် ဖြစ်ကြောင်း အခုလို ဆက်ပြီး ပြောပြပါတယ်။

“မြို့ပတ်ထားတဲ့ တာဘောင် ကျိုးသွားတော့ တာဘောင်ကိုကျော်ပြီး ရေကြီးတဲ့အခါ ရေဝင်သွားတယ်။ ဒီရေက ပြန်မထွက်နိုင်တော့ဘူး။ အဓိက အချက်ကတော့ ကျောက်ဖြူမြို့ကို ပတ်ပတ်လည် ဆယ်ထားတဲ့ တာဘောင်၊ အဲဒီတာဘောင် ကျိုးသွားတာကို ပြန်လုပ်နိုင်ဖို့ အရေးကြီးတယ်။ တာဘောင်ဆိုတာက ဆည်မြောင်းဦးစီးဌာန ပိုင်တဲ့ဟာ၊ ဆည်မြောင်းဦးစီးဌာနက လုပ်မှရမှာ။ ဦးလေးတို့ လုပ်လို့မရဘူး။”

ရခိုင်ပြည်နယ်ထဲက မုန်တိုင်းသင့် ပြည်သူတွေအတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေးနေရာ ၆ ခုကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။

ရခိုင်ပြည်နယ်ကတဆင့် မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေဆီကို ဆက်ပြီး ဦးတည် ရွေ့လျားသွားခဲ့တဲ့ မုန်တိုင်းဂီရိကြောင့် လမ်း၊ တံတားတွေ၊ လျှပ်စစ်၊ ကြေးနန်းနဲ့ ဆက်သွယ်ရေးဌာန အဆောက်အဦးတွေလည်း ထိခိုက် ပျက်စီးခဲ့ရပြီး တယ်လီဖုန်းလိုင်းနဲ့ လျှပ်စစ်ဓာတ်အား ပေးမှုတွေလည်း ပြတ်တောက်ကုန်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ရေတိုးပြီး ဆည်ကျိုးကျခဲ့လို့ မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာကို ရေလွှမ်းသွားခဲ့ပါတယ်။ ထို့နည်းတူပဲ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာကျော်လည်း အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးမှု ပမာဏကို အမှန်အတိုင်း တိုင်းတာ တွက်ချက်နိုင်ဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက ကူညီရေး အဖွဲ့တွေကို မုန်တိုင်းသင့် ဒေသဆီ စတင် စေလွှတ်နေပါပြီ။ NDPCC လို့ခေါ်တဲ့ အမျိုးသား သဘာ၀ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီကို ဝန်ကြီးဌာန အတော်များများနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ငယ်တခုတို့ ပူးပေါင်း ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ် မေလဆန်းတုန်းက ဧရာဝတီတိုင်းကို တနာရီ မိုင် ၁၂၀ နှုန်းနီးပါးနဲ့ တိုက်ခတ်သွားခဲ့ ဆိုင်ကလုန်း နာဂစ်ကြောင့် သေဆုံးခဲ့ရသူပေါင်းကတော့ ၁၃၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။

XS
SM
MD
LG