သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်ချက်နဲ့ လွှတ်ပေးရင် ဒေါ်စု လက်ခံမည်မဟုတ်


ကန့်သတ်ချက်နဲ့ လွှတ်ပေးရင် ဒေါ်စု လက်ခံမည်မဟုတ်
ကန့်သတ်ချက်နဲ့ လွှတ်ပေးရင် ဒေါ်စု လက်ခံမည်မဟုတ်

ဒေါ်အောင်ဆန်းစုကြည် ဒီရက်ပိုင်း လွတ်မြောက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် လွှတ်မယ်ဆိုရင် ကြိုတင် အကြောင်းကြားပေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုံခြုံရေးတပ်ဖွဲ့တွေကို မေတ္တာရပ်ခံထားပါတယ်။ ကန့်သတ်ချက်တွေ ထားပြီး ခြွင်းချက်နဲ့ လွှတ်တာမျိုးကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံမှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြင်ဆင်နေတယ်ဆိုပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အရာရှိတချို့ ပြောတာကို ကိုးကားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၃ ရက်၊ နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သွားတဲ့နေ့မှာ လုံခြုံရေးတာဝန် ယူနိုင်အောင် ပြင်ဆင်ခိုင်းတာကလွဲလို့ တခြား တိတိကျကျ ညွှန်ကြားချက်မျိုးတော့ မရှိဘူးဆိုပြီး လုံခြုံရေး အဖွဲ့ဝင်တချို့ ပြောတာကိုလည်း သတင်းတွေက ရေးပါတယ်။

ဒီလို သတင်းတွေ ထွက်နေတဲ့အချိန် NLD ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် လွှတ်မယ်ဆိုရင် ကြိုပြီး အသိပေးဖို့ အာဏာပိုင်တွေကို အကြောင်းကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“ကျနော် လုံခြုံရေးအဖွဲ့ကို တရားဝင် စာနဲ့ မေးမြန်းထားပါတယ်။ ကျနော်တို့ သိဖို့လိုအပ်တဲ့အတွက် အဲဒါလေး ခွင့်ပေးပါ၊ ဘယ်နေ့လဲ၊ ဘယ်အချိန်လဲဆိုတာ။ အဲဒါ ဘာမှတော့ ပြန်ကြားချက် မရသေးပါဘူး။ အဓိကကတော့ ခုန စာထဲမှာလည်း ကျနော် ဖော်ပြတယ်၊ အခုလည်း ကျနော်တို့ ဆွေးနွေးတယ်။ အရေးကြီးတာက တကယ်လို့ လွတ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကျနော်တို့ စီမံဖို့၊ အဲဒါ အရေးကြီးပါတယ်။ ဒီကိစ္စပဲ ကျနော်တို့ ဆွေးနွေးပါတယ်။”

အခုချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့မှာ လုံခြုံရေး အခြေအနေ တိုးချတာမျိုး တစုံတရာ ထူးခြားတဲ့ အခြေအနေ မတွေ့ရဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ပုံမှန်ထက် ခပ်စိပ်စိပ် စစ်ဆေးခဲ့တာတွေ ရှိတဲ့အတွက် ဒီရက်ပိုင်းမှာ လွတ်လာနိုင်တယ်ဆိုတဲ့ တွက်ဆချက်မျိုးတွေတော့ ရှိခဲ့ပါတယ်။

“ကျနော်တို့ အဲဒီလို မျှော်မှန်းတာက အောက်တိုဘာ ၁၈ ရက်နေ့ကနေစပြီး ကြားနာတယ်။ ရက်ချိန်းတွေကို စိပ်စိပ်ကလေး သွားတယ်။ ၁၈၊ ၂၀၊ ၂၁၊ ၂၉၊ အဲဒါတွေအပေါ်မှာ တွက်ပြီးတော့ အမြန်ဆုံး အော်ဒါထွက်လိမ့်မယ်လို့ ကျနော်တို့ အဲဒီအပေါ်မှာ ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

NLD အဖွဲ့ဝင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဘယ်နှစ်ရက်ပဲ လိုတော့တယ် ဆိုတာမျိုး လာမယ့် ၁၃ ရက်နေ့ကို လွတ်ရက်သတ်မှတ်ပြီး ရုံးရှေ့မှာ စာတွေ ရေးနေပါတယ်။ ဒီလို NLD အဖွဲ့ဝင်တွေ မျှော်လင့်ထားပေမဲ့ ကျင်းပပြီးစ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတဲ့အချိန်၊ မဲမသမာမှုတွေအကြောင်း ပြောဆိုဝေဖန်တာတွေ ကြုံနေရတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကန့်အသတ်မရှိ စစ်အစိုးရဘက်က လွှတ်ပေးနိုင်ပါ့မလား၊ ခြွင်းချက်နဲ့ လွှတ်ပေးတာမျိုး မဖြစ်နိုင်ဘူးလား၊ ဦးဉာဏ်ဝင်းကတော့ ဒီလို ကန့်သတ်ချက်နဲ့ လွှတ်တာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။

“ကျနော် နားလည်သလောက် ပြောရရင် အခုချိန်မှာ ခြွင်းချက်နဲ့ လွှတ်ပေးတာမျိုး လုပ်လို့မရတော့ဘူး၊ ဥပဒေအရ ကုန်သွားပြီ။ ကန့်သတ်ချက်တွေတော့ အစဉ်အလာအရ ပြောရင် ဘယ်တုန်းကမှ သူ လက်မခံခဲ့ဘူး။ အဲဒီလို ကန့်သတ်တာလည်း ဥပဒေမရှိဘူး၊ တကယ်က။”

၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့အကြိမ် ၁၃ နှစ်ကျော် ရှိသွားခဲ့ပြီလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ် ဆိုရင်ရော အခြေအနေ ဘာတွေထူးလာဦးမလဲ၊ စိတ်ဝင်တစား မေးမြန်းမှုတွေ ရှိနေပါတယ်။ သူလွတ်မြောက်မှုက တခြား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ ဒီ့ထက်ပိုပြီး မြန်မာပြည်သူတွေ လွတ်မြောက်ဖို့အတွက် လမ်းစတခု ဖြစ်မယ်၊ မဖြစ်ဘူး၊ ဘယ်သူမှတော့ အတတ်မပြောနိုင်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အချိန်မှာပဲ စစ်အစိုးရ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့ တခဲနက် အနိုင်ရတယ်ဆိုပြီး ပြောဆိုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အချိန် စစ်အစိုးရ အတွက်ရော ရွေးကောက်ပွဲကနေ ပြောင်းလဲဖွဲ့စည်းမယ့် အရပ်သား အစိုးရ အတွက်ရော အမြဲတစေ ခြောက်လှန့်နေမယ့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တယောက် အဖြစ်တော့ ဆက်ရှိနေဦးမယ်လို့ လေ့လာသူတွေက မြင်ပါတယ်။

ရွေးကောက်ပွဲအလွန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို စိတ်ဝင်တစား စောင့်ကြည့်နိုင်ဖို့ လွတ်မြောက်လာမယ့် အချိန်ကို လူတွေ စိတ်ဝင်စားနေကြပါတယ်။

XS
SM
MD
LG