သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်လာရင် သမ္မတရဲ့ ဆုံးဖြတ်ခွင့် အာဏာကို ကန့်သတ်တယ်ဆိုပြီး ဝေဖန်မှု တွေထွက်ပေါ်နေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိ လွှတ်တော်သက် တမ်းမှာ မတင်သွင်းတော့ဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဒီဇင်ဘာလ (၂၁)ရက်နေ့ရက်စွဲနဲ့ အမျိုးသားလွှတ်တော်မှာ ဖြန့်ဝေခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီ (ကာ/လုံ) ဥပဒေမူကြမ်းကို အချိန်မလုံလောက်တဲ့အတွက် လက်ရှိ လွှတ်တော်သက်တမ်းမှာ ဆက်လက်ဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ မ နက်ပိုင်း အမျိုးသားလွှတ်တော် အစည်းအဝေး အပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါ တယ်။

“အဲဒီ ဥပဒေက ၂ နှစ်ရှိပြီ။ ဒီလွှတ်တော်မှာရောက်နေတာ။ ၂ နှစ်ရှိပြီ ဘာလို့မလုပ်ဖြစ်သလဲဆိုတဲ့အခါကျတော့ ဘာတွေထပ်လိုဦးမလဲဆိုတာမျိုးပေါ့။ ကာလုံဆိုတဲ့ Institution က ဒါ တော်တော်မြင့်တဲ့ Institution ပေါ့။ ဆိုတော့ ဒီ Institution တခုမှာ ဥပဒေပြဌာန်းချက်တခုရှိဖို့တော့ သင့်တယ်။ ဒါ့ပေမယ့် အတွေ့အကြုံမရှိသေးဘူး။ မရှိတော့ ဘာတွေထပ်လုပ်ဦးမလဲစောင့်ရင်း စောင့်ရင်းနဲ့ မလုပ်ဖြစ်တာ ၂ နှစ်ဖြစ်သွားပြီ။ တခုက အချိန်က မရဘူးပေါ့။”

ကာလုံဥပဒေကြမ်းအရ အမျိုးသားလုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ကျတဲ့အခါမှာ သမ္မတက သ ဘာပတိ အနေအထားမှာပဲရှိပြီး မဲပေးခွင့်မရတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါ တယ်။

ဒီ ဥပဒေမူကြမ်းကို ပြည်ထောင်စုအဆင့်အနေနဲ့မဟုတ်ဘဲ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ပြည်ခိုင်ဖြိုး ပါတီ အမျိုးသားလွှတ်တော်အမတ် ဦးတင်မြက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကို ပေးပို့ ထားတာဖြစ်ပါတယ်။ လက်ရှိမှာ ဦးတင်မြက ကျန်းမာရေးအရ ဆေးခွင့်ယူထားပြီး အမျိုးသားလွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို ကိုယ်တိုင် တင်သွင်းနိုင်ခြင်းလည်း မရှိတဲ့အချိန်မှာ အမျိုးသားလွှတ်တော်ရုံးကနေ လွှတ် တော် အမတ်တွေလေ့လာဖို့ဆိုပြီး ရုတ်တရက် ဖြန့်ဝေခဲ့တာမို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က လက်ရှိ လွှတ်တော်သက်တမ်းမှာ မဆောင်ရွက်တော့ဘူး လို့ အတည်ပြုပြောဆိုလိုက်တာပါ။

ကာလုံဥပဒေကြမ်းဟာ လွှတ်တော်ထဲကို ရောက်ရှိနေတာ ၂နှစ်လောက် ရှိနေပြီ ဖြစ်သလို နောက်လာမယ့် လွှတ်တော်သက်တမ်းမှာ ဆက်ပြီးလုပ်ချင်ရင် လုပ်နိုင်အောင်အတွက် ဥပဒေမူကြမ်း ပြုစုပေးခဲ့ခြင်းသာဖြစ် တယ်လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

“မူလတင်တဲ့ ပုဂ္ဂိုလ်ကလည်း ကျန်းမာရေးက အခြေအနေဆိုးနေတယ်။ နောက် ရက်ကလည်း သိပ်မရှိတော့ မတင်ပါဘူး။ မတင်သော်လည်း လုပ်ငန်းလက်ကျန်အနေနဲ့ နောင်လူတွေ လုပ်ချင်ရင်လည်း လုပ်လို့ရအောင် ၊ မလုပ်ချင်ရင်လည်း မလုပ်နဲ့ပေါ့။ ဘာမှ မလုပ်ဘဲ ထားခဲ့မယ့်ကိစ္စပါ။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ အစိုးရအဖွဲ့နဲ့ နိုင်ငံ တော်သမ္မတ အထက်မှာ ရှိနေတာမို့ ကာလုံဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်းမှာ အတည် မပြု တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က ဘာမှ မထူးခြားဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက အခုလို ပြောပါတယ်။

“ဒီကာလုံ ဥပဒေကြမ်းဆိုတာက အတည်ပြုသည်ဖြစ်စေ အတည်မပြုသည်ဖြစ်စေ ၊ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာလုံက အစိုးရအဖွဲ့နဲ့ သမ္မတရဲ့ အထက်မှာ ရှိနေတဲ့အနေအထားကို ပြောင်းလဲနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျနော့်အမြင်က အမျိုးသားလွှတ်တော်မှာ လက်ရှိသက်တမ်းအတွက် အတည်မပြုဖို့ဆုံးဖြတ်ချက်ဟာ သိပ်ပြီးထူးခြားတဲ့ ဆုံးဖြတ်ချက်လို့ ကျနော်က မမြင်ဘူး။ ဒီကာလုံ တည်ရှိနေမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ ပြောမယ်ဆိုရင်သမ္မတနဲ့အစိုးရအဖွဲ့မှာရှိနေတဲ့အနေအထားမျိုး တွေ့နေရတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အဲဒီအနေအထားကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်နိုင်ခြင်းမရှိဘူးဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးပြုနိုင်ခြေ နဲတယ်လို့ မြင်တယ်။”

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိလွှတ်တော်မှာ မတင်တော့ဘူးလို့ ဆို ပေမယ့်လည်း ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ သမ္မတ တဦးရဲ့ သက်တမ်းအတွင်း ဆောင် ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အရေးယူတာမျိုး မလုပ်ဖို့ဆိုတဲ့ "နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့ သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း" ကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG