သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄၈ နှစ်အတွင်း မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ ပထမဆုံး အမေရိကန်ခရီး


မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ဦးရော်နီညိမ်း က ဟိုနိုလူလူမှာ တွေ့ဆုံမေးမြန်းနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ဦးရော်နီညိမ်း က ဟိုနိုလူလူမှာ တွေ့ဆုံမေးမြန်းနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဖိတ်ကြားချက်နဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာကာကွယ်ရေးဝန်ကြီး အမေရိကန်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ကာကွယ်ရေး ဝန်ကြီးတွေကြား ဆွေးနွေးကြမယ့် ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့က ထိပ်သီးအစည်းအဝေးကိုတော့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်လာတာပါ။

ဆယ်စုနှစ် ၅ ခုလောက်အကြာ ပြန်လည်နွေးထွေးလာတဲ့ ဆက်ဆံရေး အခြေအနေတွေကိုတော့ ဟိုနိုလူလူမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သတင်းပေးပို့ထားပါတယ်။

ပထမဦးဆုံးသော ဝန်ကြီးများအဆင့် အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကို အမေရိကန် ပြည်ထောင်စုမှာ ၂၀၁၄ ခုနှစ်မှာ ကျင်းပဖို့ အမေရိကန်ဘက်က ကမ်းလှမ်းခဲ့တဲ့ အကြောင်းရင်းကိုလည်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“အဲဒီတုန်းက သူပြောတာက ကျနော်တို့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေကို သူကဖိတ်တာက ၂၀၁၄ ခုနှစ် မတ်လလောက်ကို ကျနော်တို့ မြန်မာနိုင်ငံကလည်း အဲဒီအချိန်မှာ အာဆီယံ အိမ်ရှင်နိုင်ငံ အစည်းအဝေးတွေ ကျင်းပမယ့်၊ တာဝန်ယူရမယ့် ကာလဖြစ်ပါတယ်။ ဆိုတော့ ဒီဟာအပေါ်မှာ ကျနော်တို့ မြန်မာနိုင်ငံကနေ ပြီးတော့မှ အာဆီယံကို ဦးဆောင်နေတဲ့ အချိန်အခါမှာ သူ့အနေနဲ့ ဟာဝိုင်ယီကို ဖိတ်ပြီးတော့ ဒီအစည်းအဝေးကို ကျင်းပချင်တယ်လို့ ကျနော်တို့ ကာကွယ်ရေး ဝန်ကြီးတွေကို ဖိတ်ပါတယ်။ အထူးသဖြင့် ထူးခြားတာက ဘာလဲဆိုတော့ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာ အမေရိကန်ကနေ ဖိတ်ကြားလာတာဆိုတာ ဒါဟာ သမိုင်းဝင်ပါပဲ။ အင်မတန်လည်း ဝမ်းသာဖို့ ကောင်းပါတယ်။”

မြန်မာ့တပ်မတော်နဲ့ အမေရိကန် တပ်မတော် ၂ ရပ်ကြားမှာ ဆက်ဆံရေး တာဝန်တွေကို ထမ်းဆောင်နေတဲ့ အမေရိကန် အရန်တပ်မတော်က မြန်မာနိုင်ငံဖွား ဒုတိယဗိုလ်မှူးကြီး မီမီဝင်းဘတ် ကတော့ ဒီဒေသရဲ့ လုံခြုံရေးကို စည်းဝေးတိုင်ပင်ရာမှာ ဒီဒေသမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံကို ချန်ထားလို့ မရဘူးလို့ အခုလို ပြောပါတယ်။

“ဒီကနေ့ Security Environment က နိုင်ငံတခုတည်းနဲ့ လုပ်လို့မရဘူး။ အားလုံး ပူးပေါင်းပြီးတော့ လုပ်ရမယ်။ ဆိုတော့ မြန်မာနိုင်ငံဟာလည်း အာရှ-ပစိဖိတ် ထဲမှာလည်း ရှိနေတဲ့နိုင်ငံ။ နောက်ပြီးတော့ Strategic location (မဟာဗျူဟာကျတဲ့ နေရာ) လည်း ဖြစ်နေတယ်၊ အဲဒီအတွက် မြန်မာနိုင်ငံ မပါလို့ မရဘူး။ ဆိုတော့ ဒီ dialogue တွေဘာတွေ as a part of international community ပေါ့နော် ဆွေးနွေးပွဲတွေ ဘာတွေ သူတို့ရောက်သင့်တယ်၊ ရောက်ရမယ်။ ကျမတို့လည်း ဒီဘက်က အမေရိကားကလည်း အဲဒီလိုမျိုးတွေ လုပ်တဲ့အခါကျတော့ မြန်မာနိုင်ငံကို ဖိတ်ခေါ်တာပေါ့နော်။ ဆိုတော့ အဲဒါက ဒီဥစ္စာ ပထမဆုံး တွေ့ရတာပဲ။ ဒီနှစ်ကတော့ အရမ်း historic ဖြစ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီနှစ်ကတော့ မြန်မာနိုင်ငံ ပထမဆုံး ဟာဝိုင်ယီကို လာပြီးတော့ participate လုပ်တယ်ဆိုတော့ အရမ်းထူးခြားတာပေါ့။ အဲဒီဥစ္စာ မြန်မာနိုင်ငံ အတွက်လည်းကောင်းတယ်၊ မြန်မာနဲ့ US relation အတွက်လည်း သိပ်ကောင်းပါတယ်။”

ဒေသတွင်း လုံခြုံရေးဆိုတာမှာ လက်နက်နဲ့ လုပ်ဆောင်ရတဲ့ လုံခြုံရေးအပြင် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး ကိစ္စရပ်တွေလည်း ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“လုံခြုံရေးဆိုတဲ့ နေရာမှာလည်း သမားရိုးကျ လုံခြုံရေး ခြိမ်းခြောက်မှုဆိုတာ လက်နက်ကိုင်ဆောင်ပြီးမှ လုံခြုံရေး ဆောင်ရွက်ရတယ်ဆိုတဲ့ ခေတ်ကာလက ကုန်ခဲ့ပါပြီ။ ဒီနောက်ပိုင်းမှာ လုံခြုံရေးဆိုတဲ့ဟာက သမားရိုးကျ လုံခြုံရေးအပြင် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးတွေပါ ပါလာပါတယ်။ နိုင်ငံတကာ အကြမ်းဖက်မှုတွေ၊ အဖျက်စွမ်းအား ကြီးမားတဲ့ လက်နက် ထုတ်လုပ်မှုတွေ၊ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် မှုခင်းတွေ၊ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင် ရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ ပင်လယ်ရေကြောင်း လုံခြုံမှုတွေ၊ သဘာဝဘေးအန္တာရာယ် ကျရောက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ၊ ကူးစက်ရောဂါ ဖြစ်ပေါ်ပျံ့ပွားမှုတွေ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေဟာ ဒေသရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို ခြိမ်းခြောက်နေတဲ့ အချိန်မှာ ခုနက သဘာဝဘေးအန္တာရာယ် ကျရောက်မှုတို့၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုတဲ့ဟာလည်း လုံခြုံရေး ကျိုးပေါက်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ကျနော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ ဒေသရဲ့ တည်ငြိမ်ရေး၊ နောက် ဒီကနေတဆင့် ကမ္ဘာ့ရဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ အစည်းအဝေး Forum တရပ် ဖြစ်မယ်၊ သမိုင်းဝင်တဲ့ Forum တရပ်ဖြစ်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။”

အမေရိကန် ပြည်ထောင်စုရဲ့ ဖိတ်ကြားမှုနဲ့ ၁၉၆၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဝန်ကြီးပါ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် ၄၈ နှစ်အကြာမှာ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG