သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးခွဲခြားမှုဝေဖန်ချက် မြန်မာကိုယ်စားလှယ် ကုလမှာ တုန့်ပြန်


A preserved Sumatran Tiger that was collected by the Natural Resources Conservation Board as evidence is burned in Palembang, Indonesia.
A preserved Sumatran Tiger that was collected by the Natural Resources Conservation Board as evidence is burned in Palembang, Indonesia.

(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကိုအဓိကရေးဆွဲမယ့် တတိယကော်မတီမှာ အင်္ဂါနေ့က ကျင်းပတဲ့လူမျိုးရေးအရ အစွန်းရောက်မှု၊ ခွဲခြားမှု ပပျောက်ရေးဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်က ရိုဟင်ဂျာ ပြဿနာ အကြပ်အတည်းနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုသွားပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီး ၄၀,၀၀၀ လောက် ကလေးမွေးဖွားခဲ့ပြီး အဲဒီထဲမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ကိုယ်ဝန်ရခဲ့ပြီး မွေးလာတဲ့ ကလေးငယ်တွေရှိနေကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အလှည့်ကျဥက္ကဌ၊ ဘိုလီဗီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ပြောသွားပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ အောက်တိုဘာလ (၃၀) ရက်နေ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံအနေနဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေ၊ ဒီအတွက် ပြစ်မှုကျူးလွန်မှုတွေကို လက်သင့်မခံကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ်က အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ နိုင်ငံခြားသားမုန်းတီးရေး ပြစ်မှုကျူးလွန်မှုတွေကို လက်မခံပါဘူး။ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ ဘာသာတွေ ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးပါတယ်။မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လူမျိုးရေး၊ ဘာသာရေး၊ လူနည်းစု တွေဆိုပြီး ခွဲခြားမှုမရှိပဲ နိုင်ငံသားအားလုံးရဲ့ တန်းတူအခွင့်အရေး သေချာအောင် အာမခံထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံတော်က ကိုးကွယ်တဲ့ဘာသာဆိုပြီး ဘယ်ဘာသာကိုမှ သတ်မှတ်ပြဌာန်းထားတာ မရှိပါဘူး။”

ဒါအပြင် လူမျိုးတုန်းသတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng ရဲ့ မတ်လက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာပါ အချက်တချို့ကို ကန့်ကွက်ကြောင်း မြန်မာကိုယ်စားလှယ်က ဆိုပါတယ်။

လူအခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် နိုင်ငံတကာရာဇဝတ်ကျူးလွန်မှု တွေနဲ့ ပတ်သက်လို့ သက်သေခိုင်လုံမှုရှိရင် မြန်မာအစိုးရက ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။

“မြန်မာအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာ ပြစ်မှုကျူးလွန်မှုတွေကို လက်ခံမှာ မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်ခံရသူတွေကို သက်သေအထောက်အထားအခိုင်အမာနဲ့ ပြဖို့လည်း အစိုးရက ကြိမ်ဖန်များစွာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရင် ကျနော်တို့အနေနဲ့ ဥပဒေအရ အခိုင်အမာ အရေးယူသွားမှာဖြစ်ပါတယ်။”

အစီရင်ခံစာမှာပါတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့လည်း မြန်မာကိုယ်စားလှယ်က အခုလို တုန့်ပြန်ပြောဆိုသွားပါတယ်။

“အစီရင်ခံစာ အပိုဒ် ၄၃ မှာ လည်း ရိုဟင်ဂျာအမျိုးသမီးတွေကိုကလေး နှစ်ဦးထက် ပိုပြီး မွေးမဖွားရလို့ မြန်မာအစိုးရက တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတယ်ဆိုပြီး ဖေါ်ပြထားပါတယ်။ တကယ်တန်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်လူဦးရေဟာ ရခိုင်ပြည်နယ်တွင်း အခြား တိုင်းရင်းသားလူဦးရေနဲ့ နှိုင်းယှဉ်ရင် နှစ်ဆကျော် ရှိနေပါတယ်။”

မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် နိုင်ငံတကာသဘောတူညီချက် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နေကြောင်း လည်း မြန်မာကိုယ်စားလှယ်က ဆွေးနွေးပွဲအတွင်း ပြောပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့သီတင်းပတ်က လုံခြုံရေးကောင်စီမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း အလှည့်ကျဥက္ကဌ၊ ဘိုလီဗီးယားနိုင်ငံရဲ့ သံကိုယ်စားလှယ်ကတော့ မြန်မာလုံခြုံရေးတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ကိုယ်ဝန်ရလာတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အခုလိုပြောသွားပါတယ်။

“UNICEF ရဲ့ စစ်တမ်းကောက်ယူချက်အရ ကိုယ်ဝန်ရှိနေတဲ့ ရိုဟင်ဂျာအမျိုးသမီးဦးရေ ၄၀,၀၀၀ လောက်ဟာ ဒုက္ခသည်စခန်းတွေအတွင်း မွေးဖွားခဲ့ကြသလို၊ တချို့လည်း မွေးဖို့ လစေ့နေကြပါပြီ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရမှုကြောင့် ရလာတဲ့ကိုယ်ဝန်ကနေ မွေးဖွားလာတဲ့ကလေးတွေကို မျိုးမသန့်ဘူး၊ ရန်သူတွေရဲ့ ကလေးတွေလို့ သတ်မှတ်ပြီးသူတို့ အမေတွေခံခဲ့ရတဲ့ ဘေးဒုက္ခအမွေဆိုးတွေဖြစ်တယ်ဆိုပြီး ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ကြီးပြင်းလာဖို့ရှိပါတယ်။ ဒါကြောင့် နိုင်ငံသားဖြစ်ခွင့်ပေးရေး အစီအစဉ်နဲ့ ပြဿနာရဲ့ ဇာတ်မြစ်အကြောင်းအရင်းကို ဖြေရှင်းဖို့ လိုအပ်နေပါတယ်။ ဒါမှသာ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေးကုသခွင့်ရမှာပါ။”

ဒါအပြင် အမျိုးသမီးအခွင့်အရေးတွေကို အကာအကွယ်ပေးရေး ပျက်ကွက်နေတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေကြောင်းပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆိုင်ရာ ကုလသမဂ္ဂ အတွင်ရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten က အခုလိုပြောသွားပါတယ်။

“ဒုက္ခသည်စခန်းတွေ၊ IDP စခန်းတွေမှာ မွေးစာရင်းတွေ မှတ်ပုံတင်တဲ့နေရာမှာ အထူးကန့်သတ်ချက်တွေ ချထားတဲ့ နိုင်ဂျီးရီးယား၊ အီရတ် ဒါမှမဟုတ် မြန်မာနဲ့ အခြားနိုင်ငံတွေမှာ နိုင်ငံမဲ့အဖြစ်မွေးလာတဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။”

မြန်မာအပါအဝင် အဲဒီနိုင်ငံက အစိုးရတွေအနေနဲ့ မဖြစ်မနေလိုက်နာရမယ့် ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး သဘောတူညီချက်တွေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို အကာအကွယ်ပေးထားတဲ့ CEDAW သဘောတူညီချက် စာချုပ် အတိုင်း လိုက်နာပြီး အမျိုးသမီးနဲ့ ကလေးတွေကို အကာအကွယ်ပေးရမှာဖြစ်တယ်လို့ Pramila Patten ကလုံခြုံရေးကောင်စီမှာ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG