သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရမှုအပေါ် ဗြိတိန်အောက်လွှတ်တော် ကော်မတီစိတ်ပျက်


UK Labour MP Stephen Twigg, Chair of the International Development Committee
UK Labour MP Stephen Twigg, Chair of the International Development Committee

ဗြိတိန်အောက်လွှတ်တော်အမတ်တချို့ မြန်မာပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတဲ့အတွက် ဗြိတိန်အမတ် စိတ်ပျက်ဒေါသထွက်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ လွှတ်တော်ကို တုန့်ပြန်တာထက် ပိုပြီး အရေးကြီးတဲ့ အဆင့်ဖြစ်တယ်လို့လည်း သတ်မှတ်ခဲ့ကြောင်း ဝါရင့်အောက်လွှတ်တော်အမတ်တဦးက ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရဘက်က အဓိက ငြင်းပယ်တဲ့ အချက် သုံးချက်ထဲမှာ မြန်မာနိုင်ငံကို လာဖို့ ဗီဇာ လျောက်ထားတဲ့ ဗြိတိန်အမတ်တချို့ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ဖို့ တောင်းဆိုသူတွေထဲမှာ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က ဗြိတိန်အောက်လွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

UK Parliament- House of Commons
UK Parliament- House of Commons

ဗြိတိန်အောက်လွှတ်တော်ရဲ့ နိုင်ငံတကာဖွံဖြိုးရေး ကော်မတီ IDC အဖွဲ့ဝင် အမတ်တချို့ကို မြန်မာဗီဇာ ထုတ်ပေးဖို့ ငြင်းပယ်တဲ့ အကြောင်းကြားစာကို လန်ဒန် မြန်မာသံရုံးက ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကော်မတီကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ IDC အနေနဲ့ စိတ်ပျက်မိကြောင်း အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့သလို မနေ့က ဗြိတိန် အောက်လွှတ်တော်မှာလည်း ဒီကိစ္စကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။ အောက်လွှတ်တော် နိုင်ငံတကာဖွံဖြိုးရေးကော်မတီ ဥက္ကဌ လေဘာပါတီ ဝါရင့်အောက်လွှတ်တော်အမတ် Stephen Twigg က မြန်မာဘက်က ဗီဇာ ငြင်းပယ်ခဲ့တဲ့အပေါ် ကော်မတီရဲ့သဘောထားကို အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံကို သွားရောက်မယ့် နိုင်ငံတကာဖွံဖြိုးရေးကော်မတီ IDC အဖွဲ့ဝင်တွေကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာထုတ်မပေးတဲ့အပေါ်မှာ အလွန်ပဲစိတ်ပျက်မိပါတယ်။ ဒီလို စိတ်ပျက်ဖွယ်ကောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့လည်း ဆက်သွယ်ပြောဆိုပြီးပါပြီ။ မြန်မာနိုင်ငံနဲ့ ပြင်ပမှာ ရှိနေတဲ့ ဗြိတိန် အကူအညီပေးရေးအစီအစဉ်ရဲ့ နောက်ထပ် ထောက်ပံမှုတွေအဖြစ် လုပ်ဆောင်ပေးနေတဲ့ IDC’s အရေးပါတဲ့ ဆောင်ရွက်ချက်တွေကို ကျနော် အသိအမှတ်ပြုပါတယ်။”

ဗြိတိန် အောက်လွှတ်တော်ရဲ့ နိုင်ငံတကာဖွံဖြိုးရေးကော်မတီ အဖွဲ့ဝင် လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလ ၂၈ နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတာပါ။

မြန်မာအာဏာပိုင်တွေဘက်က ဗီဇာငြင်းပယ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ တရားဝင်တုန့်ပြန်ခဲ့တဲ့ အချက် သုံးချက်ကို ကော်မတီ ဥက္ကဌ Stephen Twigg က အောက်လွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။

“နံပတ် ၁ အနေနဲ့ မြန်မာနိုင်ငံမှာ ရက်ရှည် ရုံးပိတ်ရက်ဖြစ်နေလို့၊ ဒုတိယအချက်အနေနဲ့ လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ဆက်လက်ကန့်သတ်ထားပြီး၊ နောက်ဆုံးအချက်ကတော့ လွှတ်တော်အမတ်တွေ မနေ့က ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာ ပါတဲ့အချက်နဲ့ တိုက်ဆိုင်နေတယ်လို့ ကျနော်ထင်ပါတယ်။ အဲတာကတော့ မြန်မာစစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ဝိုင်းဝန်တောင်းဆိုတဲ့ စာမှာ IDC အဖွဲ့ဝင် လွှတ်တော်အမတ်တွေက သူတို့ရဲ့ ကိုယ်ပိုင်သဘောထားတွေနဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် မြန်မာအာဏာပိုင်တွေဘက်က နှစ်မြို့ခြင်းမရှိခဲ့ဘူး ဆိုတာပါ။”

ရခိုင်ပြည်နယ် ပဋိပက္ခကို ဗြိတိန်အောက်လွှတ်တော်အနေနဲ့ စိတ်ဝင်တစားအနီးကပ်စောင့်ကြည့်နေခဲ့ကြောင်း Stephen Twigg ကဆိုပါတယ်။ ဒါအပြင် အောက်လွှတ်တော်ရဲ့ နိုင်ငံတကာဖွံဖြိုးရေးကော်မတီအနေနဲ့ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအထောက်အကူပေးရေး အကူအညီတွေကို အင်နဲ့အားနဲ့ လုပ်ဆောင်ဖို့ရှိနေကြောင်းလည်း သူကပြောပါတယ်။ IDC အဖွဲ့ဝင် အောက်လွှတ်တော်အမတ်တွေအတွက် ဗီဇာထုတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick နဲ့ ဗြိတိန်နိုင်ငံခြားရေးဌာန အရာရှိတွေကနေ မြန်မာအစိုးရဘက်နဲ့ရော၊ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးနဲ့ပါ ဆက်သွယ် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း Stephen Twigg က အောက်လွှတ်တော်မှာ တင်ပြသွားပါတယ်။ သူကိုယ်တိုင်လည်း လန်ဒန်မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဗီဇာကိစ္စနဲ့ ပတ်သက်လို့ မနေ့မနက်က မြန်မာသံအမတ်ကြီးကို ကျနော်ကိုယ်တိုင် ဖုန်းဆက်ပြောဆိုခဲ့ပါတယ်။ လွှတ်တော်အမတ်တွေကို ဗီဇာငြင်းပယ်ခဲ့မှုကို ဗြိတိန်နိုင်ငံခြားရေးဌာနက အရေးကြီးတဲ့ကိစ္စအဖြစ် ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကိုလည်း ကျနော် ပြောပြခဲ့ပါတယ်။ လွှတ်တော်ကို တုန့်ပြန်တာထက် ပိုပြီးအရေးကြီးတဲ့ အဆင့်အဖြစ် သတ်မှတ်ပါတယ်။ အောက်လွှတ်တော်ဥက္ကဌ ကိုယ်တိုင်လည်း မြန်မာသံအမတ်ဆီကို စာရေးခဲ့တဲ့အတွက် အခုလို ဗီဇာငြင်းပယ်ခဲ့တဲ့ အကြောင်းအရင်းကို သူတို့ဘက်က တရားဝင်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလို ဗီဇာငြင်းပယ်ခံရတဲ့အတွက် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတဲ့ အစီအစဉ်တွေအားလုံးကို ဖျက်သိမ်းလိုက်ရတယ်လို့ Mr. Twigg ကဆိုပါတယ်။

အခုလို ဗြိတိန်အောက်လွှတ်တော်အမတ်တချို့ကို မြန်မာဘက်က ဗီဇာ ထုတ်ပေးဖို့ ငြင်းပယ်တာဟာ အရုပ်ဆိုးအကျည်းတန်သလို နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း မြန်မာရဲ့ သံတမန်ရေးသိက္ခာ ထိခိုက်မှုတွေရှိကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

“ဒီကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေမှာ ထိခိုက်မှုတွေရှိပါလိမ့်မယ်။ မြန်မာနိုင်ငံကို ထောက်ပံပေးနေတဲ့ အကူအညီတွေထဲမှာ အထူးသဖြင့် အစိုးရနဲ့ လွှတ်တော်ကို ထောက်ပံမှုတွေနဲ့ ပတ်သက်လို့ ပြန်ပြီးသုံးသပ်ဖို့ အခုဆိုရင် ဗြိတိန် လွှတ်တော်အမတ်တွေက ဗြိတိန်အစိုးရကို တောင်းဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် အဖြေရှာဖို့ထက် ပြဿနာထဲမှာ ကိုယ်တိုင်ပါဝင်နေပြီလားဆိုတာကို ဗြိတိန်လွှတ်တော်အမတ်တွေက မေးနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အင်မတန်ထောက်ခံအားပေးခဲ့ကြတဲ့ အမတ်တွေတောင်မှ အခုလို ဗီဇာငြင်းပယ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သူ့အပေါ် အံသြ ဒေါသထွက်နေကြပါတယ်။”

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် တနှစ်ကို စတာလင်ပေါင် သန်း ၁၄၀ ကူညီထောက်ပံပေးနေတာဖြစ်တယ်လို့လည်း Mark Farmaner ကဆိုပါတယ်။

ဒါအပြင် ဗြိတိန်လွှတ်တော်ဘက်ကလည်း ၂၀၁၈နဲ့ ၂၀၁၉ ခုနှစ်တွေအတွက် မြန်မာနိုင်ငံကို အကူအညီပေးဖို့ စတာလင်သန်းပေါင်း ၁၀၀ လျာထားပြီးသာဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်အပါအဝင် အခြား တိုင်းနဲ့ ပြည်နယ်တွေမှာ အလွန် ဆင်းရဲတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးအစီအစဉ်တွေကို တိုက်ရိုက် ထောက်ပံဖို့ဖြစ်ပါတယ်။ ဒီအစီအစဉ်အရလည်း အောက်လွှတ်တော် နိုင်ငံတကာဖွံဖြိုးရေးကော်မတီ အဖွဲ့ဝင် အမတ်တွေဟာ မြန်မာနိုင်ငံကို သွားရောက်ကြည့်ရှုမှာဖြစ်သလို စစ်တွေနဲ့ ပခုက္ကူ မြို့တွေမှာ စတင်မယ့် ဗြိတိန်လွှတ်တော်ရဲ့ ထောက်ပံရေးအကူအညီတွေကို လေ့လာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို မြန်မာနိုင်ငံ ခရီးစဉ် ပျက်ပြယ်ခဲ့ပေမယ့်လည်း IDC အဖွဲ့ဝင် ဗြိတိန်အောက်လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ရဲ့ ဒုတိယအစီအစဉ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဗြိတိန်နိုင်ငံက ထောက်ပံကူညီပေးနေတဲ့ အခြေအနေတွေကို လာမယ့် သောကြာနေ့မှာ သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

ဗြိတိန်အောက်လွှတ်တော် နိုင်ငံတကာဖွံဖြိုးရေးကော်မတီကနေ ရိုဟင်ဂျာ အကျပ်အတည်း ဆိုတဲ့ အစီရင်ခံစာကို ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ နေရပ်က အတင်းအကျပ်မောင်းထုတ်မှု ကို အလွန်အင်မတန်မှ စိုးရိမ်မကင်းဖြစ်မိကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒါအပြင် သိန်းနဲ့ချီရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လုံခြုံစိတ်ချမှုမရှိပဲ နေရပ်ပြန်ပို့မယ့် အစီအစဉ် ကိုလည်း အထူးစိုးရိမ်မိကြောင်း အဲဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။ အတင်းအဓမ္မပြုကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် မြန်မာစစ်တပ်က ဆက်ပြီး အသုံးပြုနေဆဲဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း ဗြိတိန်လွှတ်တော်အမတ်တွေက အဲဒီအစီရင်ခံစာမှာ မီးမှောင်ထိုး ထောက်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG