နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) က သူ့အသက် ၇၉ နှစ် ပြည့်ခဲ့တဲ့အတွက် သူလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တစိုက်မတ်မတ် အားပေးလာခဲ့တာကိုတော့ မရပ်ဘဲ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒီစကားကို မကြာသေးခင်က တောင်အာဖရိကမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတချို့နဲ့ တွေ့ဆုံတဲ့အချိန်မှာ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်လ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါသေးတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
တောင်အာဖရိကနိုင်ငံက လူဖြူလူမည်း ခွဲခြားဆက်ဆံတဲ့ apartheid စနစ်ကို ဦးဆောင်ကြိုးပမ်းခဲ့သူထဲက တဦးလည်းဖြစ်၊ ပထမဆုံး လူမည်း အန်ဂလီကန် (Anglican) ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်လည်း ဖြစ်ခဲ့ဘူးတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်မွန် တူးတူးဟာ မြန်မာ့ဒီမိုကရေစီအရေး အပါအ၀င် ကမ္ဘာတ၀န်းက လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာလည်း တစိုက်မတ်မတ်နဲ့ တက်တက်ကြွကြွ အားပေး ထောက်ခံလာခဲ့တာ ကမ္ဘာက အသိပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အောက်တိုဘာလ ၇ ရက်နေ့က အသက် ၇၉ နှစ်ပြည့် မွေးနေ့ ကျင်းပတဲ့အခါမှာတော့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးကနေ တရားဝင် အငြိမ်းစား ယူတော့မယ်လို့ သူက ပြောခဲ့ပါတယ်။ အခုလို အငြိမ်းစား ယူတော့မယ်လို့ ဆိုပေမဲ့ သူ့ရဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ကို ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တဲ့အပြင် ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ အငြိမ်းစားယူပြီး ကမ္ဘာ့ခေါင်းဆောင်တွေ အဖွဲ့ထဲမှာလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“ကျနော်က ကျနော်တို့ရဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ တစိတ်တပိုင်းအားဖြင့် ပါဝင် ပတ်သက်ခဲ့တာပါ။ အဲဒီလို ကြိုးပမ်းမှုတွေက ဖြစ်ပေါ်လာတဲ့ အောင်ပွဲခံမှုတွေမှာလည်း ကျနော် ပါဝင်ခဲ့ပါတယ်။ နောက်ပြီးတော့ ကျနော်ဟာ တောင်အာဖရိကက လူဖြူ လူမည်း ခွဲခြားမှုကိစ္စ နောက်ပိုင်းမှာလည်း ပါဝင် ပတ်သက်ခဲ့ပါတယ်။ ဒီအခြေအနေတွေကနေ ဆက်ပြီး ကောင်းသထက် ကောင်းအောင် လုပ်ဖို့လည်း ကျနော် မျှော်လင့်ထားပါတယ်။”
အဲဒါနဲ့ တဆက်တည်းမှာပဲ သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံ ပြောဆိုမှုတွေကိုလည်း ရပ်သွားမှာ မဟုတ်ဘူးလို့ သူ့မွေးနေ့အပြီး နောက်တရက် တောင်အာဖရိကက မြန်မာ့အရေး လှုပ်ရှားသူတချို့ကို ကိပ်တောင်းမြို့လယ်က သူရုံးထိုင်နေကြ စိန့်ဂျော့ခ်ျ (St. George) ဘုရားကျောင်းမှာ လက်ခံတွေ့ဆုံရင်း ပြောခဲ့တဲ့အကြောင်း သူနဲ့ တွေ့ခွင့်ရခဲ့တဲ့ Free Burma Campaign အဖွဲ့က ကိုယ်စားလှယ် တောင်အာဖရိက နိုင်ငံသူတဦးက အခုလို ပြောပြခဲ့ပါတယ်။
“သူကပြောပါတယ်၊ သူ့အနေနဲ့ မြန်မာနိုင်ငံအတွက် ဆက်ပြီး ဆုတောင်းပေးမယ်၊ လိုအပ်တဲ့ အခါကျရင် လူသိရှင်ကြား ထောက်ခံမှုပေးဖို့လည်း အသင့်ပဲလို့ ပြောပါတယ်။ သူနဲ့ အခုလို အင်တာဗျူး လုပ်ခွင့်ရတာ တကယ့်ကို အခွင့်ထူးပါ။ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး သူ့ကိုမေးတဲ့ မေးခွန်းတွေကို သူက တကယ်ပဲ အလေးအနက်ထား ထောက်ခံကြောင်း ဖြေကြားခဲ့ပါတယ်။”
ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးနဲ့ တွေ့ဆုံခဲ့တဲ့ အထဲမှာ Free Burma Campaign အဖွဲ့ရဲ့ ကိုယ်စားလှယ် တဦးနဲ့အတူ တောင်အာဖရိကမှာ ပညာသင်ကြားနေတဲ့ မြန်မာလူငယ် ၃ ဦးတို့လည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ကမ္ဘာက ဘယ်လို တုံ့ပြန်သင့်လဲဆိုတဲ့ မေးခွန်းကိုတော့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက အခုလို ဖြေကြားခဲ့ပါတယ်။
“ဒါ အတုအယောင်ပါ။ သူတို့လည်း သိပါတယ်။ အတုအယောင် ဆိုတာကို လူတိုင်းကလည်း သိပါတယ်။ အတိုက်အခံလည်း မရှိဘူး၊ မရှိအောင်လည်း သူတို့က သေသေချာချာ စီမံထားတာဆိုတာ အရင်ကတည်းက သိထားကြပြီး ဖြစ်ပါတယ်။ ဒါကို ကမ္ဘာက လက်မခံသင့်ပါဘူး။ မြန်မာနိုင်ငံမှာ တကယ်ပဲ ဒီမိုကရေစီ ပေါ်ထွန်းလာစေဖို့ ကမ္ဘာ့နိုင်ငံတွေက ဆက်ပြီး စည်းရုံး လှုပ်ရှားသင့်ပါတယ်။”
တဆက်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့အတွက် ၀န်လေးနေတဲ့ အာဆီယံ နိုင်ငံတွေကိုရော ဘာပြောချင်သလဲလို့ သူနဲ့ တွေ့ခွင့်ရသူတွေက မေးတဲ့အခါမှာ သူက အခုလို ဖြေကြားခဲ့ပါတယ်။
“တရားမျှတမှု ကင်းမဲ့တာနဲ့ ဖိနှိပ်ချုပ်ချယ်တာဟာ အခြေခံအားဖြင့် မတည်ငြိမ်မှုတွေကို ဖြစ်စေပါတယ်။ အာဆီယံထဲမှာ မြန်မာစစ်အစိုးရလို ကိုးလိုးကန့်လန့် လုပ်တတ်တဲ့သူတွေ ပါနေသ၍ အာဆီယံဟာ လွတ်လပ်တဲ့ တည်ငြိမ်မှု အစစ်အမှန်ကို ခံစားနိုင်မှာ မဟုတ်ပါဘူး။ လက်တွေ့မှာ ဖြစ်နေတာက အာဆီယံ ခေါင်းဆောင်တွေ သိပါတယ်။ မြန်မာပြည်က ဒုက္ခသည်တွေ အများကြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးလာနေရတယ်၊ HIV/AIDS ရောဂါတွေကလည်း ပျံ့နှံ့နေတယ်၊ ယေဘုယျအားဖြင့် နယ်စပ်ဒေသတွေမှာ မငြိမ်မသက်မှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်နေတာပါ။”
ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်အတွင်းမှာ သူ့ရဲ့ မြန်မာ့အရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာတ၀န်းက ကျေးဇူးတင် အသိအမှတ်ပြုတဲ့ စာတွေကို ပေးအပ်ခဲ့တဲ့အပြင် သူ့မွေးနေ့နဲ့ ပတ်သက်တဲ့အကြောင်း ဖော်ကျူးထားတဲ့ ကာတွန်း ဟန်လေးရဲ့ ကာတွန်းနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံ၊ သတင်းအချက်အလက်တွေနဲ့ မြန်မာ့ရိုးရာ ပစ္စည်းလက်ဆောင် တခုကိုလည်း ပေးခဲ့တယ်လို့ ဘုန်းတော်ကြီး တူးတူးနဲ့ တွေ့ခွင့်ရခဲ့တဲ့ Free Burma Campaign အဖွဲ့က ကိုယ်စားလှယ်တဦးက ပြောပြခဲ့ပါတယ်။