သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီရုပ်သံသတင်းထောက် ၂ ဦး နေပြည်တော်ရဲ ဖမ်းဆီး


နေပြည်တော် လွှတ်တော်အဆောက်အဦးများ။
နေပြည်တော် လွှတ်တော်အဆောက်အဦးများ။

တူရကီနိုင်ငံပိုင် ရုပ်သံလွှင့်ဌာန TRT အတွက် လုပ်ကိုင်နေတဲ့ သတင်းထောက်နှစ်ဦး၊ သူတို့ရဲ့ဘာသာပြန်နဲ့ ယာဉ်မောင်းတို့ကို လွှတ်တော်အဆောက်အဦးနားမှာ အဝေးထိန်း ဒရုန်းယာဉ်ကို မောင်းနှင် ပျံသန်းမှုနဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။

စင်္ကာပူနိုင်ငံသား Lau Hon Meng, မလေးရှားနိုင်ငံသား Mok Choy Lin တို့ကို ဖမ်းဆီးပြီးတဲ့နောက် နေပြည်တော်က ရဲစခန်း တခုမှာ စစ်ဆေးမေးမြန်းခဲ့တယ်လို့ ရဲအရာရှိတဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ညနေပိုင်းမှာ ရန်ကုန်ရဲတပ်ဖွဲ့က စကားပြန်ဖြစ်သူ မြန်မာသတင်းထောက် ကိုအောင်နိုင်စိုးရဲ့အိမ်ကို ဝင်ရှာပြီး သူ့ရဲ့ ကွန်ပြူတာ memory stick တွေကို သိမ်းသွားသလို စာရွက်စာတမ်းတွေကိုလဲ ရှာဖွေ ကြည့်ရှုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ထားတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မန်မာနဲ့ တူရကီနှစ်နိုင်ငံအကြား ဆက်ဆံရေး သိပ်အဆင်မပြေ လှချိန်မှာပဲ အခုဖြစ်ရပ် ဖြစ်လာတာပါ။

ဖြစ်ရပ်ရဲ့ အခြေခံအချက်တွေနဲ့ပတ်သက်ပြီး သူတို့လေးဦးကို ထိန်းသိမ်းထားတဲ့ နေပြည်တော် အမှတ် ၁ ရဲစခန်းက ရဲအရာရှိ တဦးဖြစ်သူ ဦးရွှေသောင်းက အတည်ပြုပြောဆိုပေမဲ့ စွဲချက်တခုခု တင်ထားသလားဆိုတာအပါအဝင် တခြားအချက်တွေကိုတော့ စုံစမ်းဆဲဖြစ်ရပ်ဆိုတာကို ထောက်ပြပြီး ပြောဖို့ ငြင်းခဲ့ပါတယ်။

သတင်းထောက်တွေကို လွှတ်တော်ကို ဒရုန်းနဲ့ ဗွီဒီယိုရိုက်ယူဖို့ ခွင့်ပြုချက်ယူမထားဘူးလို့ နိုင်ငံပိုင် MRTV ရုပ်သံဌာနက ပြော သွားပါတယ်။ သတင်းထဲမှာ ထိန်းသိမ်းထားသူတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ပြသခဲ့ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စင်္ကာပူနဲ့ မလေးရှားသံရုံးတွေကို နိုင်ငံခြားရေးဌာနက အကြောင်းကြားထားပြီးပြီလို့လဲ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး တူရကီနိုင်ငံပိုင် TRT ရုပ်သံဌာနဘက်က တခုခုပြောဆိုတာ ထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG