သုံးရလွယ်ကူစေသည့် Link များ

တိုင်းဒေသကြီးနဲ့ ပြည်နယ် သယံဇာတ အခွန်ကောက်ရေး လက်တွေ့ မလုပ်နိုင်သေး


တိုင်းဒေသကြီးနဲ့ ပြည်နယ် သယံဇာတ အခွန်ကောက်ရေး လက်တွေ့ မလုပ်နိုင်သေး

မြန်မာနိုင်ငံမှာ အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကို သူတို့ ဒေသဆိုင်ရာအလိုက် သဘာဝ အရင်းအမြစ်တွေက ရရှိတဲ့ ၀င်ငွေတွေပေါ်မှာ အခွန်ကောက်ခံတာ အပါအ၀င် အခွန်အခ ၁၉ မျိုးကို ကောက်ခံခွင့် ပေးထားပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အခွန်နဲ့ ပတ်သက်လို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွင်း ဆွေးနွေးတာ ပြင်ဆင်နေတာမျိုး မရှိသေးတဲ့အပြင် အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာတွေ အပြည့်အ၀ ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက သက်ဆိုင်ရာ ဒေသတွင်းမှာ ရှိနေတဲ့ သတ်မှတ်ထားတဲ့ သစ်တောတွေ၊ ကုန်းတွင်းနဲ့ ကမ်းလွန် ငါးဖမ်းလုပ်ကွက်တွေ၊ ရတနာသိုက်တွေက ရတဲ့ အခွန်အခတွေကို ကိုယ်ပိုင် ကောက်ယူခွင့် ရရှိမယ်လို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေ ဖွဲ့စည်းပြီး အခုချိန်ထိအောင် အခွန်နဲ့ ပတ်သက်လို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“အခွန်အခနဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေထဲမှာ တရား ၅ ဆိုတာ ပါတယ်ဗျ၊ အဲဒီ တရား ၅ အတိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရက ကောက်ခံခွင့် ရှိတာပေါ့။ နောက်ပိုင်း စပြီးတော့ ဆောင်ရွက်မှာပါ။ ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်ဆိုတော့ ဒါ လုပ်ရမှာပေါ့။ အခုကတော့ နည်းနည်း စောပါသေးတယ်။”

တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက ဒေသတွင်းက စီးပွားရေး လုပ်ငန်းတွေ၊ သဘာဝ အရင်းအမြစ်တွေဆီက ၀င်ငွေတွေကနေ အခွန်အကောက်တွေကို ဥပဒေအရ သုံးစွဲခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခွန်နဲ့ ပတ်သက်လို့ ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

“အခုလောလောဆယ် မရှိသေးပါဘူး။ နောက်ပိုင်းကျရင် ကျနော်ထင်တာ ပြည်နယ်လွှတ်တော်ထဲမှာ ဆွေးနွေးပြီး သတ်မှတ်လို့လည်း ရတာပဲလေ။ ပြည်နယ်လုပ်ပိုင်ခွင့်ဆိုတော့ ပြည်နယ်လွှတ်တော်က လုပ်လို့ရတာပဲလေ။”

တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေက ကောက်ခံခွင့်ရမယ့် အခွန်တွေမှာ မြေယာခွန်၊ ယစ်မျိုးခွန်၊ သတ်မှတ်ထားတဲ့ ဆည်၊ တာတမံခွန်၊ ရေအားလျှပ်စစ် သုံးစွဲခ၊ လမ်းတံတား ဖြတ်သန်းခ၊ ငါးဖမ်းလုပ်ငန်းခွန်၊ ဒေသတွင်း ၀န်ဆောင်မှု လုပ်ငန်းခွန်၊ သစ်တောခွန်၊ ရတနာသိုက်တို့မှ ကောက်ယူရရှိမယ့် အခွန် အပါအ၀င် အခွန်အခ ၁၉ မျိုး ကောက်ယူခွင့် သတ်မှတ်ထားပေမဲ့ အခုချိန်ထိ တိုင်းဒေသကြီး၊ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် မပေးသေးတာ ဖြစ်တယ်လို့ အစိုးရ အဖွဲ့ဝင်တွေက ပြောနေကြပါတယ်။

XS
SM
MD
LG