တရုတ်နိုင်ငံမြောက်ပိုင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်စေတဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်စ်ဟာ ဆောင်းရာသီမှာပုံမှန်ဖြစ်ပွားတတ်တဲ့ ဗိုင်းရပ်စ် တမျိုးသာဖြစ်တယ်ဆိုပြီး တရုတ်အစိုးရ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဌာနရဲ့ ပြောဆို ချက်ကို မြန်မာစစ်ကောင်စီအာဘော်သတင်းစာမှာ ပြန်လည်ဖေါ်ပြပါတယ်။
HMPV ဗိုင်းရပ်စ်ဟာ ကိုဗစ် 19 ရောဂါပိုးလို အသစ်ဖြစ်ပေါ်နိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားသစ် Novel Virus မဟုတ်ကြောင်းနဲ့ တရုတ်နိုင်ငံမှာ ဒီရောဂါကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ သတ်မှတ် ကြေညာထားတာမရှိကြောင်း မြန်မာ့အလင်းသတင်းစာမှာ ရေးသားပါတယ်။ ရောဂါဖြစ်ပွား မှုကြောင့် သေဆုံးတဲ့အရေအတွက်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့် သေဆုံးမှုအားလုံးရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိတယ်လို့လည်း ရေးသားပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်ပွားမှု မြင့်တက်တဲ့အတွက် တရုတ်နိုင်ငံကဆေးရုံတွေမှာ လူအများအပြားရောက်နေတဲ့ ဗွီဒီယိုတချို့ မကြာခင်ရက်ပိုင်းက လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
ကမ္ဘာမှာ လူတွေ သန်းချီသေဆုံးခဲ့တဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြုံရပြီး ငါးနှစ်အကြာ တရုတ်နိုင်ငံမှာ HMPV ဗိုင်းရပ်စ်ပိုးကူးစက်တဲ့သတင်းတွေ ထွက်လာတာကြောင့် အာရှနဲ့ကမ္ဘာ့နိုင်ငံ တော်တော်များများ ရောဂါဖြစ်ပွားမှု သတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြပါတယ်။ အခုအချိန်အထိ အိန္ဒိယနဲ့ မလေးရှားနိုင်ငံတွေမှာ (HMPV) ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ ရှိနေတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာတော့ ရောဂါဖြစ်ပွားတာ မတွေ့ရသေးတဲ့အကြောင်း သက်ဆိုင်ရာ ကျန်းမာရေး အရာရှိတွေက ပြောဆိုပါတယ်။ (HMPV) ရောဂါပိုးဟာ ကလေးငယ်တွေမှာ အဖြစ်များပြီး အသက်ကြီးသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ရောဂါပိုပြီး ပြင်းပြင်းထန်ထန်ခံစားရနိုင်တယ်လို့ ကျန်းမာရေးအရာရှိတွေ သတိပေးထားပါတယ်။
Forum