သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးပြား သိန်းနဲ့ချီ သယ်လာတဲ့ မြန်မာ၂ ဦး ထိုင်းနယ်စပ်မှာ ဖမ်းမိ


ဓါတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်
ဓါတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ထဲမှာ စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာတဲ့ မြန်မာနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဇွန်လ ၁၅ ရက်နေ့က ထိုင်းနဲ့ မြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မသင်္ကာဖွယ် လူ ၃ ဦးကို နယ်ခြားစောင့်တပ်တွေနဲ့ တာဝန်ရှိသူတွေ တွေ့ရှိတဲ့အတွက် စစ်ဆေးစဉ် စိတ်ကြွဆေးပြား ၃၀၀,၀၀၀ ကျော်နဲ့ နှစ်ဦးကို ဖမ်းမိတယ်လို့ နယ်မြေခံ ဒုရဲချုပ် Somprasong Yentuam က အခုလို ပြောကြားခဲ့ပါတယ်။

“အခုနှစ်အတွင်း ရွှေတြိဂံဒေသမှာ စိတ်ကြွဆေးပြား မှောင်ခိုကူးမှု ပမာဏ များပြားလာနေတဲ့အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက အထူးပိတ်ဆို့ စောင့်ကြည့် ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ကြောင်း ထိုင်းဘာသာနဲ့ ပြောကြားသွားတာပါ။ ဖမ်းမိသူတွေက သူတို့ဟာ မြန်မာလူမျိုးတွေ ဖြစ်တယ်လို့ ပြောကြတယ်လို့ ဆိုပါတယ်။

၃ ဦးထဲက ၁ ဦးကတော့ ရဲအစစ်ဆေး မခံရချိန် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိသူ ၂ ယောက်ကို ချင်းဒေါင်မြို့ ရဲစခန်းမှာ ဖမ်းချုပ်ထားပါတယ်။ သူတို့ကို ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး တားမြစ်ဥပဒေတွေအရ အရေးယူမှာဖြစ်ပြီး ကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာ မကြာခဏဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းမိနေတာဖြစ်ပြီး ဇွန် ၁၃ ရက်ကလည်း တာချီလိတ်ဘက်ကလို့ ယူဆရတဲ့ ဘိန်းဖြူနဲ့ ကတ်တမင်း ၆ ကီလိုဂရမ်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းမိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြား အရေအတွက် ဟာ ၄၃ သန်း ရှိပါတယ်။

အဖမ်းအဆီးတွေများတဲ့ မူးယစ်ကုန်သည်တွေဟာ စိတ်ကြွဆေးပြားတလုံးကို ထိုင်းငွေ ၁၀ ဘတ်အထိ ဈေးလျှော့ ဖြန့်ချိနေတာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ စိတ်ကြွဆေးပြား တလုံးကို ဘတ်ငွေ ၂၀၀ လောက်ထိ ဈေးရှိပေမဲ့ စိတ်ကြွးဆေးပြားအသစ်တွေ အထွက်များတာ၊ မကြာခဏ ဖမ်းမိနေတာတွေကြောင့် အခုလို ဈေးချပြီး ရောင်းနေကြတာဖြစ်တယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး အာဏာပိုင်တွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG