သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မူးယစ်ဆေးတွေ ထိုင်းနယ်စပ်မှာ မိ


၂၀၁၈ နှစ်ဆန်းပိုင်းက ဖမ်းမိသော မြန်မာဘက်ခြမ်းက ထိုင်းနိုင်ငံထဲ သွင်းလာတဲ့ မူးယစ်စိတ်ကြွဆေးများ။
၂၀၁၈ နှစ်ဆန်းပိုင်းက ဖမ်းမိသော မြန်မာဘက်ခြမ်းက ထိုင်းနိုင်ငံထဲ သွင်းလာတဲ့ မူးယစ်စိတ်ကြွဆေးများ။

မြန်မာနိုင်ငံ ဝ ဒေသ တောင်ပိုင်းမှာ ထုတ်လုပ်တယ်ဆိုတဲ့ စိတ်ကြွဆေးပြား ၅ သန်းနီးပါးနဲ့အတူ ice လို့ခေါ်တဲ့ မူယစ်ဆေးတွေကို ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းအာဏာပိုင်တွေ ဒီကနေ့ စနေနေ့မှာပဲ ဖမ်းဆီးမိလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးတိုက်ဖျက်ရေး စီမံကိန်းတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်နေချိန်မှာ အခုနောက်ဆုံး ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်းပေါင်း ၂,၀၀၀ ကျော်ဖိုးစိတ်ကြွဆေးပြား ၅ သန်းနီးပါး နဲ့ ice မူးယစ်ဆေး ကီလို ၁,၀၀၀ ကို ဖမ်းဆီးမိလိုက်တာ ဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံ ဆက်ပြောပြပေးပါမယ်ရှင်။

သြဂုတ်လ (၄) ရက် မနက်နှစ်နာရီအချိန်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည် နယ်၊ ထုန်တောခရိုင် လမ်းအမှတ် ၁,၁၅၅ မှာ နယ်ခြားစောင့် စစ်ဆေးရေးဂိတ် ချပြီး ကားတွေစစ်ဆေးနေချိန် မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ ကားငယ်နှစ်စီးက စစ်တပ်ကင်းကိုတွေ့ပြီး လာလမ်းအတိုင်း ပြန်လှည့်မောင်းပြေးခဲ့တာလို့ ဆိုပါ တယ်။ စစ်တပ်အဖွဲ့ဝင်တွေက ကားကို ဖမ်းဆီးရာမှာ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တာ ဖြစ်ကြောင်း အမှတ် ၃ စစ်ဒေသ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ မှုခင်း ကျဆင်းရေးဌာနက တာဝန်ရှိသူ ဗိုလ်ချုပ် ချလောင်ချိုင်းက သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ကားတစီးကတော့ လိုက်လံဖမ်းဆီးရင်းနဲ့ လမ်းဘေးကို ထိုးကျသွားခဲ့ပြီး အဲဒီကားပေါ်မှာ စိတ်ကြွဆေးတွေကို ဆာလာအိတ် ၄၄ အိတ်နဲ့ ထုတ်ပိုးထားပါတယ်။ နောက်ကားတစီးမှာတော့ စိတ်ကြွဆေးတွေကို ဆာလာအိတ် ၂၃ အိတ်ထဲမှာ ထုတ်ပိုးထားခဲ့တာပါ ။ ကား ၂ စီးလုံးထဲကနေ ice လို့ခေါ်တဲ့ မူးယစ်ဆေး ကီလို ၁,၀၀၀ ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ စိတ်ကြွဆေးတွေကတော့ ၉၉၉ တံဆိပ်တွေဖြစ်ပြီး ဝတောင်ပိုင်းထုတ် ဆေးတွေ” ဖြစ်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံတဝှမ်းလုံးမှာ ရွှေကြိဂံဒေသကနေ လာနေတဲ့မူးယစ်ဆေးတွေနဲ့ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်ထဲက လာတဲ့ စိတ်ကြွဆေး အလုံးရေပေါင်း ၇၅ သန်းထက်မနည်း ဒီလပိုင်းတွေအတွင်း ခပ်စိတ်စိတ် ဖမ်းဆီးမိနေတာဖြစ်ပါတယ်။ ဒါဟာ ထိုင်းအစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာ ဖြစ်သလို သက်ဆိုင်ရာနယ်မြေအလိုက် အာဏာပိုင်တွေက ပူးပေါင်း ဆောင်ရွက်ကြတာကြောင့်လည်း အခုလို ဖမ်းဆီးနိုင်တာဖြစ်ကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG