မြန်မာနိုင်ငံဟာ ၂၀၁၀ ထဲမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံ ၃ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သတ်မှတ်လိုက်ပါတယ်။
ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ INCSR နှစ်ပတ်လည် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့အတူ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေကိုပါ ထည့်သွင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေကို အရေးယူဖို့ ဆန္ဒရှိနေတာ တွေ့ရပေမဲ့ ဒီအဖွဲ့ရဲ့ လုပ်ငန်းတွေကို မြန်မာ စစ်အာဏာရှင်တွေက ပံ့ပိုး ဆောင်ရွက်ပေးတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
အလယ်အလတ်ပိုင်းအဆင့် နိုင်ငံရေးသမားတွေ အကြား မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ အဂတိ လိုက်စားမှုတွေ ရှိနေတာ ထင်ထင်ရှားရှား တွေ့ရတဲ့အပြင် မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီက ထောက်ခံ ပံ့ပိုးမှုတွေ ရရှိအောင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခွင့်တွေ ပေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ အဓိက ဘိန်းစိမ်းထွက်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အပြင် ဘိန်းဖြူ အဓိက ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ်ထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှု လုံးဝ ပပျောက်စေမယ့် ရည်ရွယ်ချက်ကို အောင်မြင်စေဖို့ဆိုရင် အစိုးရ၀န်ထမ်းတွေ အဂတိ လိုက်စားမှုကို အရေးယူရမယ့်အပြင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ မူးယစ်ဆေးဝါး ကုန်သွယ်ခွင့် ပြုနေတာတွေကို ရပ်ဆိုင်းပစ်ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှု အောင်မြင်အောင် နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပြောင်းလဲမှုတွေဟာ အဓိပ္ပာယ်ရှိမှ အကူအညီ ပေးချင်သူတွေကြောင့် ဒီအကူအညီတွေအတွက် အဟန့်အတားတွေ ဖြစ်နေစေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။