အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကမ္ဘာမှာ အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေ ဖြတ်သန်း သယ်ဆောင်သွားတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာမှာ မြန်မာနိုင်ငံကို ထည့်သွင်း ဖော်ပြထားပါတယ်။
အဲဒီ ၂၂ နိုင်ငံအနက် မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံ ၃ နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တွေအတိုင်း ထိထိရောက်ရောက် တိုးတက်အောင် အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေအဖြစ် ဖော်ပြထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတက ဗင်နီဇွဲလားနဲ့ ဘိုလီးဗီးယားနိုင်ငံ ၂ နိုင်ငံကိုတော့ အမေရိကန် ဥပဒေအရ အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံ ၂ နိုင်ငံက ပြည်သူတွေအတွက် အမေရိကန် ပြည်ထောင်စုက ထောက်ပံ့တဲ့ အကူအညီတွေ၊ အစီအစဉ်တွေ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။
နိုင်ငံခြားဆက်ဆံရေး စီမံခန့်ခွဲမှု အက်ဥပဒေအရ အမေရိကန် သမ္မတက ကွန်ဂရက်လွှတ်တော်ကို အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေ ဖြတ်သန်းသယ်ဆောင်တဲ့ နိုင်ငံတွေ စာရင်းကို နှစ်စဉ် တင်ပြပေးရတာ ဖြစ်ပါတယ်။