သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် ငလျင်ကြိုတင်ပြင်ဆင်မှု ပူးပေါင်းဆောင်ရွက်နေ


နေပြည်တော်အဆောက်အအုံ
နေပြည်တော်အဆောက်အအုံ

ဒီကနေ့ မတ်လ ၁၁ရက်နေ့ မွန်းလွဲ၂နာရီက နေပြည်တော်မှာ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ မတ်လ၈ရက်နေ့က နေပြည်တော်မှာ လှုပ်ခဲ့တဲ့ အင်အားပြင်း ၅.၅ ရစ်(ခ်)တာစကေးရှိတဲ့ငလျင်ရဲ့ နောက်ဆက်တွဲငလျင်ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ရန်ကုန်လို မြို့ပြအထပ်မြင့်တွေများတဲ့ဒေသမဟုတ်ပေမဲ့လို့ အခုလိုရက်ဆက်တိုက်ငလျင်လှုပ်ခတ်မှုတွေဖြစ်နေတဲ့နေပြည်တော်ဟာ နိုင်ငံတော် အကြီးအကဲတွေ နေထိုင်ရာနဲ့ လွှတ်တော် နောက် အစိုးရရုံးစိုက်ရာဌာနဒေသဖြစ်တဲ့အတွက် နေပြည်တော်ကောင်စီနဲ့ ပူးပေါင်းပြီး မြေငလျင်ဒဏ်အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ ပညာပေးလုပ်ငန်းတွေကို အရေးတကြီး လုပ်ဆောင်နေတယ်လို့လည်း မိုးဇလညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ လှုပ်ခတ်လိုက်တဲ့ မြေငလျင်နဲ့ပတ်သက်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစပြောပြပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦး။ ။ သူကတော့ အင်အားအနည်းငယ်ပေါ့နော် အင်အားက ၃.၈ပဲ ရှိပါတယ်။ တပ်ကုန်းမြို့ကနေ အနောက်ဘက် ၁၈မိုင်ပေါ့နော်။ ကျနော်တို့ နေပြည်တော် ငလျင်စခန်းကနေဆိုရင် ၂၈မိုင် အကွာမှာ လှုပ်တာပေါ့။ အင်အားအနည်းငယ်လှုပ်ရတာကတော့ ပြီးခဲ့တဲ့ရက်က လှုပ်ထားတဲ့ နောက်ဆက်တွဲလှုပ်ခတ်တဲ့ငလျင်အနေနဲ့လည်း ပြောလို့ရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ။ အခုလှုပ်တာက နေပြည်တော်မှာ ဆက်တိုက်လိုလှုပ်တာ နှစ်ကြိမ်မြောက်ရှိပြီဆိုတဲ့အခါကျတော့ ဘယ်လိုများစိုးရိမ်စရာရှိပါသလဲရှင်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦး။ ။ ဟုတ်ကဲ့ အဓိကကတော့ နေပြည်တော်တို့ ပျဉ်းမနားတို့ကလည်း စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာ တည်ရှိနေတာပေါ့နော်။ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတဲ့အတွက်ကြောင့် ခုနကပြောတဲ့မြို့တွေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြို့ကြီးတော်တော်များများက စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတယ်။ အဲ့တာကြောင့်မို့လို့ ပြတ်ရွေ့အနီးအနားမှာရှိတဲ့သူတွေ၊ ပြတ်ရွေ့ပေါ်မှာ ရှိတဲ့သူတွေအနေနဲ့ ကြိုတင်သတိပြုသင့်တယ် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မြေငလျင်ဆိုတာ ဘယ်အချိန်မှာ လှုပ်မယ်။ ဘယ်နေရာမှာ လှုပ်မယ်ဆိုတာ အင်အားဘယ်လောက်နဲ့ လှုပ်မယ်ဆိုတာ ကျနော်တို့က ကြိုတင်ခန့်မှန်းလို့မရဘူးပေါ့နော်။ အတိတ်ကဖြစ်ခဲ့တဲ့ မြေငလျင်တွေကို ကြည့်ပြီးတော့မှ ကျနော်တို့က အနီးစပ်ဆုံး ဘယ်လိုမျိုး ဖြစ်နိုင်တယ်ဆိုတာ ပြောဆိုနိုင်သေးတာကိုး။

ဒါကြောင့်မို့လို့ အဓိကကတော့ မြေငလျင်ရပ်ဝန်းဒေသမှာ ရှိတဲ့ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အဓိကအားဖြင့်တော့ မိမိတို့နေထိုင်တဲ့ အဆောက်အဦးတွေ ရုံးတွေ ဆေးရုံတွေ ဒါတွေဟာ မြေငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးအမျိုးအစားတွေ ဖြစ်ဖို့လိုပါတယ်။ အဓိကကတော့ မြေငလျင်လှုပ်ခတ်တဲ့အချိန်မှာ မြေငလျင်ကြောင့်ပျက်ဆီးဆုံးရှုံးတာ မြေငလျင်လှုပ်လိုက်တဲ့အချိန်မှာ ခုနကပြောတဲ့အဆောက်အဦးတွေဟာ မြေငလျင်ဒဏ်ကို ခံနိုင်ရည်မရှိတဲ့အတွက်ကြောင့်မို့လို့ အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှုတွေဖြစ်ပြီး ထိခိုက်မှုတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိက မြေငလျင်ရပ်ဝန်း၊ မြေငလျင်ကြောတွေပေါ်မှာ ရှိတဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ အဆောက်အဦးတွေ ဆောက်လုပ်မယ်ဆိုရင် မြေငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားသင့်ပါတယ်။ ဥပမာ မိမိတို့အိမ်မှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားလိုမျိုးတွေကအစ ခိုင်မြဲအောင်ဆောင်ရွက်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဟာတွေဟာ မြေငလျင်လှုပ်တဲ့အချိန်မှာ ပြုတ်ကျတာတွေဖြစ်တတ်လို့ပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆရာ။ နေပြည်တော်နဲ့ အနီးတဝိုက်ကတော့ ရန်ကုန်မြို့လို အထပ်မြင့်အဆောက်အဦးတွေတော့ မရှိဘူးပေါ့နော် ဒါပေမဲ့လို့ အရေးကြီးတဲ့ ရုံးဌာန လွှတ်တော်လိုအဆောက်အဦးတွေလည်း ရှိနေတဲ့အခါကျတော့ ငလျင်ဒဏ်ဖြစ်လာလို့ရှိရင် ဘယ်လိုမျိုး ဘေးအန္တရာယ်မထိအောင် ကာကွယ်နိုင်မလဲဆိုတဲ့ ပညာပေးမှုတွေ ခုနကဆရာတို့ပြောတဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာတွေရှိပါသလားဆရာ။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦး။ ။ ဟုတ်ကဲ့။ လုပ်နေပါတယ်ခင်ဗျ။ လုပ်နေပါတယ် ကျနော်တို့ဒီဌာနကနေ နေပြည်တော်ကောင်စီပေါ့နော် နေပြည်တော်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှ နေပြည်တော်ရဲ့ဒေသတချို့မှာ ငလျင်ပညာပေးဟောပြောမှုတွေလုပ်နေပါတယ်။ ပြီးခဲ့တဲ့လတွေကလည်း လုပ်ခဲ့ပါတယ်။ ဒီလထဲမှာလည်းပဲ ဆက်လုပ်သွားမယ့်အနေအထားရှိပါတယ်။ လာမယ့် ၁၄ရက်နေ့မှာဆိုရင် နေပြည်တော်က ဟိုတယ်မှာ ဟိုတယ်ပညာရှင်တွေ ဟိုတယ်မှာရှိတဲ့ဝန်ထမ်းတွေအတွက်ကို လုပ်မှာပါ ၁၆ရက်နေ့ဆိုရင်လည်း ကျန်တဲ့နေပြည်တော်မှာ ရှိတဲ့ နေပြည်တော်ကောင်စီမှာရှိတဲ့ ပြည်သူတွေကိုလည်း နေပြည်တော်ကောင်စီအစီအစဉ်နဲ့ ကျနော်တို့ဆောင်ရွက်ပြီးတော့မှ ပညာပေးဆောင်ရွက်သွားမှာပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ။ ဒီနေ့ နေပြည်တော်မှာ လှုပ်ခဲ့တဲ့ငလျင်အထိပေါ့နော် လူသေဆုံးမှု ထိခိုက်ဒဏ်ရာရမှုအနေအထားကရော ဘယ်လိုများရှိပါသလဲရှင်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦး။ ။ ဟုတ်ကဲ့ ကျနော်တို့ လူသေဆုံးမှုတော့ မရှိဘူးပေါ့နော် ပြီးခဲ့တဲ့ နေပြည်တော်မှာ လှုပ်သွားခဲ့တဲ့ငလျင်မှာရောပေါ့နော် ဒါပေမဲ့ ထိခိုက်ဒဏ်ရာရမှုတော့ အနည်းငယ်ရှိပါတယ်။ အနည်းငယ်ဆိုတဲ့နေရာမှာလည်း ပြောပလောက်အောင် မရှိပါဘူး ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ငလျင်လှုပ်ခတ်မှုကလည်း အင်အားက ၅ကျော်ကျော်ပဲဆိုတော့ အင်အားအသင့်အတင့်လောက်ပဲရှိခဲ့တယ် အင်အားပြင်းငလျင်အမျိုးအစားမဟုတ်ခဲ့တဲ့အတွက် ထိခိုက်ဆုံးရှုံးမှုနည်းပါတယ်။ အဓိက အဆောက်အဦးတွေရဲ့ မြေနံရံတွေ အက်လာတာတို့ တချို့သောအဆောက်အဦးတွေ ဆေးပေးခန်းတခုပေါ့နော် ခိုင်ခံ့မှုမရှိတဲ့အတွက် နံရံပြိုကျတာတို့ ဒီလိုဖြစ်စဉ်မျိုးတွေတော့ ရှိခဲ့ပါတယ်။

မဆုမွန်။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG