သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငလျင်ဒဏ် လူ ၃ ဦး အနည်းဆုံးသေဆုံး


(Myanmar Fire Services Department)
(Myanmar Fire Services Department)

မကွေးတိုင်း ချောက်မြို့ကိုဗဟိုပြုပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်း ၅ နာရီကျော်မှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ၆.၈ ရှိ ငလျှင်ဒဏ်ကြောင့် ရေနံချောင်းနဲ့ ပခုက္ကူမြို့နယ်တွေမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး၊ ပုဂံ ညောင်ဦး က ရှေးဟောင်းဘုရားတွေ အပါအဝင်၊ ကျန်မြို့တွေမှာလည်း စေတီပုထိုး အများအပြား ပျက်စီးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကျော် ပုဂံမှာလှုပ်ခဲ့တဲ့ ငလျှင်နောက်ပိုင်း အတော်ပြင်းထန်တဲ့ ငလျှင်အဖြစ် ဒေသခံတွေက ရှုမြင်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ပြင်းအား ၆.၈ ရှိတဲ့ငလျှင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ရဲ့အနောက်ဘက် ၁၅ မိုင်ကျော်အကွာကို ဗဟိုပြုပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်း ၅ နာရီကျော်မှာ လှုပ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန USGS က သတင်းထုတ်ပြန်ပါတယ်။ ငလျှင်ကြောင့် ချောက်မြို့နယ်မှာ လူအသေအပျောက် မကြားရသေးပေမဲ့ သမိုင်းဝင်စေတီ အပါအဝင် အနည်းဆုံး စေတီ ၁၁ ဆူလောက် အပျက်အစီးတွေ ရှိခဲ့တယ်လို့ ဒေသခံ ဦးစိုးဝင်းက သူ့အတွေ့အကြုံကို ပြောပါတယ်။

“ငလျှင်လှုပ်တာ ကျနော့်အသက် ၅၀ အတွင်း တော်တော်ပြင်းတယ်၊ ဘေးတိုက်ကြီးလှုပ်တာ အဲဒီဘေးတိုက်ကို တော်တော်လေး ကြာတယ်။ အဲလိုလေး လှုပ်နေပြီးကျမှ ဗြုန်းဆို တခါတည်း အထက်အောက် လှုပ်ပစ်လိုက်တာ။ အထက်အောက်လှုပ်နေချိန် ကျနော်ဆို တိုက်ထဲမှာ ကျနော်တို့ သံမံတလင်းက အထပ်သားပြားကြီး အောက်လွှတ်ချလိုက်သလို ဂွမ်းဆို အဲလိုဖြစ်သွားတာ။ သစ်ပင်တွေ ဘာတွေတော့ လဲတာ မျိုးတော့ မတွေ့ဘူး။ ချောက်မြို့နယ်က စလေမှာဆိုလို့ရှိရင် စေတီ ၁၁ ဆူလောက်ရှိတယ်။ ရွှေဖြူချောင်းဘုရားဆိုတာ ဟိုးအရင်က သမိုင်းဝင် ဘုရားပေါ့ အဲဒီဘုရားဆိုရင် လည်စည်းကနေ ပြတ်ကျသွားတယ်။ ဟို ကြာလှန်ကြာမှောက်ကနေ ပြတ်ကျတာများတယ်။ ခု ဘုရားတွေ တော်တော်များများက ဟို ရှေးအဆောက်အဦးကြီး တွေကတော့ ပြိုကျတာ ကျနော်တို့ဆီမှာဆို ခုလောလောဆယ် တိုက်နှစ်လုံးရှိတယ်။ ဟုတ်တယ် မင်းဘုရင်တွေ လက်ထက်ကတည်းကလေ။ လူအသေအပျောက် ဘာညာတော့ မရှိဘူး”

ချောက်မြို့နဲ့ မဝေးလှတဲ့ ရေနံချောင်းမြို့မှာတော့ ငလျှင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ကမ်းပါး ပြိုကျချိန်မှာ ၉ တန်း ကျောင်းသူတဦးနဲ့ ၃ တန်း ကျောင်းသားတဦး မြေပိသေဆုံးသွားရတယ်လို့ ရေနံချောင်းမြို့နယ်က NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။

“ရေနံချောင်းရဲ့ ဈေးအရှေ့ဘက်နားက ကျမ်းကိုင်ဘုရားက ပဲ့သွားတယ်ပေါ့နော်၊ သပိတ်မှောက်နားက ပဲ့သွားတယ်။ ဒီဘုရားက တန်ခိုးကြီး ဘုရားဆိုတော့ ဒီဘုရားမှာ ဌာပနာတို့ဘာတို့ ရှိတာပေါ့နော်။ အဲဒါကြောင့် တပ်ကလာပြီးတော့ ဒါကို စောင့်ရှောင့်တယ်ပေါ့။ လာပြီး ဝိုင်းထားတာ ရှိတာပေါ့။ နောက်တခုက မြို့နဲ့ကပ်လျှက် ရွာပေါ့နော်။ အဲဒီရွာမှာ ကလေးနှစ်ယောက် မြေပိ သေဆုံးတယ်ပေါ့နော်။ သူက မြစ်ကမ်းပါးနဲ့ နီးတာကိုး၊ ဟို ရေတက်ရင် ရေက အဲဒီကို ရောက်တာကိုး။ အဲဒီ ကမ်းပါးနဲ့ နီးတဲ့နေရာမှာ ကလေးနှစ်ယောက်က ငလျင်လှုပ်တော့ မြေပိပြီး သေဆုံးတာပေါ့နော်။ တယောက်က ၉ တန်းကျောင်းသူလို့ပြောတယ်။ နောက်တယောက်က ၃ တန်းကလေး။ ဒီငလျင်ကတော့ နှစ်ပေါင်း ၄၀ အတွင်းမှာတော့ အပြင်းထန်ဆုံးပေါ့နော်။ လှိုင်းစီးနေရသလိုပါပဲ။ တော်တော်လေးကို လှုပ်တော့ ထိပ်လန့်သွားတယ်ပေါ့နော်။”

ပခုက္ကူမြို့နယ် ကွမ်းရွာမှာ ငလျှင်ဒဏ်ကြောင့် ဆေးပေါင်းရုံ အုတ်နံရံပြိုကျရာက အသက် ၂၀ ကျော် အမျိုးသားတဦး သေဆုံးသွားရတယ်လို့ ပခုက္ကူမြို့ခံ ဦးဟန်ဇော်ဝင်းက ပြောပါတယ်။

“ပခုက္ကူမြို့နယ် ကွမ်းရွာမှာပေါ့နော် အရင်က ဗာဂျီးနီးယားဆေးပေါင်းရုံဘေးမှာ သူက တဲလေးကပ်ဆောက်ထားတာ။ အဲဒီတဲလေးမှာ မောင်နှမနှစ်ယောက် အသက် ၂၂၊ ၂၃ ပတ်ဝန်းကျင်ပေါ့ မောင်နှမ ၂ ယောက် အဲဒီမှာ ငလျင်လှုပ်တော့ ဆေးပေါင်းရုံအပေါ်က နံရံပြိုကျပြီးတော့ တယောက်က ဒဏ်ရာရတယ်။ ယောကျာ်းလေးဖြစ်တဲ့ မောင်က ဆုံးသွားတယ်ပေါ့။ ကျန်တာကတော့ ပခုက္ကူမှာလည်း မြို့မလမ်းပေါ်မှာ တိုက်ခန်းပေါ့ အဲဒီတိုက်ခန်းကလည်း နှစ်က ကြာပြီဗျ အဲဒီတိုက်ခန်း အပေါ်ပိုင်းလေး ပြိုကျတယ်။ နောက်တခါ ကိုင်းရွာမှာဆိုရင် စေတီတော် အက်ကွဲပြီးတော့ ထီတော် မြေခတယ်။ ပြီးတော့ ခြင်္သေ့ရုပ်က တော်တော်ကြီးတယ်။ ငလျင်လှုပ်တော့ နားရွက်တဘက် ပြိုကျတယ်ပေါ့နော်။”

ချောက်မြို့ ငလျှင်ဒဏ်ကြောင့် ပုဂံညောင်ဦးမြို့တွေမှာ ဘုရားစေတီပေါင်း ၁၈၅ ဆူ ပျက်စီးသွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ ငလျှင်ကြောင့် မင်းဘူးမြို့ နဂါးပွက်တောင် ရွံ့ချော်ရည်တွေလျှံကျပြီး အမတော်၊ မောင်တော်နတ်နန်းဆောင် နံရံတွေ အက်ကွဲသွားခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာတော့ ရတနာ့မာန်အောင် စေတီထီးတော်မြေခသွားပြီး၊ ကျောက်ဖြူမြို့ စေမော်ကျေးရွာနားမှာ ရွှံ့မီးတောင်ဟာ ပေ ၂၀ အမြင့်ထိ ပေါက်ထွက်ခဲ့ပေမဲ့ လူတွေကို ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ပြန်ကြားရေးဌာနသတင်းမှာ တွေ့ရပါတယ်။

မြန်မာငလျင်ဒဏ် လူ ၃ ဦး အနဲဆုံးသေဆုံး
please wait

No media source currently available

0:00 0:03:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG