သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ရဲ့ အီဘိုလာရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ် လုံလောက်မှုမရှိ


ebola ဗိုင်းရပ်စ် ပြန့်နှံ့နေတဲ့ နိုင်ငံများ
ebola ဗိုင်းရပ်စ် ပြန့်နှံ့နေတဲ့ နိုင်ငံများ

အာဖရိကတိုက်အနောက်ဖက်ခြမ်းမှာ စတင်ဖြစ်ပွားပြီး လူအများကို ကူးစက် သေကျေစေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို နိုင်ငံတကာမှာ သတိထား စောင့်ကြည့်နေကြပါတယ်။ မြန်မာနိုင်ငံ မှာလည်း ကူးစက်မှုမရှိရအောင် စောင့်ကြပ်စစ်ဆေးမှုတွေ စလုပ်နေပြီလို့ အစိုးရပိုင် သတင်းစာနဲ့ မီဒီယာတွေကနေ ပြောနေပေမယ့် အခြေအနေတွေ လုံလောက်မှု ရှိပါရဲ့လား။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်စုံစမ်းတင်ပြထားပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အာဖရိက အနောက်ဖက်ခြမ်း ဂီနီ၊ လိုက်ဘေး ရီးယား၊ နိုင်ဂျီးရီးယားနဲ့ ဆီလာလီယွန်း လေးနိုင်ငံက လူပေါင်း (၁,၃၀၀) ကျော်မှာ အခုချိန်ထိ လူ (၇၃၀) နီးပါး သေဆုံးခဲ့ပြီးဖြစ်ရပါတယ်။ အခုလို ပြင်းထန်တဲ့ ကူးစက်မြန် အီဘိုလာ ရောဂါပိုး အန္တရာယ်ကို တားဆီးကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံမှာ စတင် ဆောင်ရွက်နေတယ်ဆိုပေမဲ့ ထိရောက်မှုရှိအောင် လုပ်ဖို့လိုသေးတယ်လို့ ကျန်းမာရေး ပညာပေး ဆောင်းပါးတွေရေးသားနေသူ ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက ပြောလိုက်ပါတယ်။

“ဒီနေ့ သတင်းစာထဲမှာပါပါတယ်။ ကူးစက်ရောဂါ နှိမ်နင်းရေး ဌာနကနေပြီးတော့ လေဆိပ် ကနေ စမယ်နော်။ နောက် သူတို့က လေဆိပ်တင်မကဘူး၊ other check point တွေ ပေါ့ဗျာ။ ပြည်တွင်းကိုဝင်တဲ့အပေါက်တွေ၊ သင်္ဘောတွေ ပါမှာပေါ့။ နယ်စပ် ဆိုတာတွေ ပါမှာပေါ့။ အဲဒီကနေပြီးတော့မှ အထူးသဖြင့် အာဖရိက ကလာတဲ့လူတွေ၊ ဝင်လာတဲ့လူတွေကို ဖျားနေလား၊ နာနေလား၊ symptom တွေပေါ့။ သူတို့ အန်နေသလားပေါ့၊ ဒါတွေက အဲလို ရှိရင်တော့ သူတို့က Quarantine လုပ်မယ်ပေါ့။ သူတို့လုပ်နိုင်တာက အဖျားတိုင်းတာပဲ လုပ်နိုင်မယ်လေ။ အီဘိုလာဗိုင်းရပ်စ် ရှိလား၊ မရှိလား သွေးဖောက် စစ်နိုင်တဲ့အဆင့် မရှိဘူး။

"ဘာလဲဆိုတော့ အီဘိုလာရဲ့လက္ခဏာတွေပေါ့ဗျာ- သွေးယိုသလို အဲလိုမျိုးလူ ပါလာရင်တော့ Quarantine လုပ်လိုက်မှာပေါ့။ လုပ်ပြီးတော့သူ့ကို နေရာတစ်နေရာမှာထားပြီးတော့ သူ့ကိုစစ်၊ သွေး Smiple တွေ ဖောက်ပြီးတော့ နိုင်ငံခြားကိုပို့၊ အဲလိုမျိုးတော့ လုပ်မှာပါ။ အဲဒီတော့မှ confirm ဖြစ်လာမှာပေါ့။ အဲလိုမသိဘဲနဲ့ လွတ်သွားတဲ့လူတွေ အဖျား မရှိဘဲ ဝင်လာပြီး ပြည်တွင်းကျမှ အဖျားဝင်လာရင်ရော- ဘယ်လိုလုပ်မလဲဆိုတဲ့အဆင့်တွေ၊ ဒါကလည်း ကျန်းမာရေးဌာနကလည်း သိတော့ လုပ်တော့ လုပ်နေပါတယ်။ အခုတော့ ပြည်တွင်းမှာက အရင်ထက်ပိုပြီးတော့ ခရီးသွားတွေက ဝင်လာပြီ။ အာဖရိကလည်း လာမှာလေ။ အဲဒီတော့ ပိုပြီးတော့တော့ စောင့်ကြပ် ကြည့်ရှုရမယ်။ အထူးသဖြင့် လေဆိပ်မှာ check လုပ်တဲ့သူတွေတင်မကဘူး၊ ကျန်းမာရေးဝန်ထမ်းတွေ ထားပြီးတော့ စောင့်ရမယ်။ အဲလိုမျိုးတွေ လုပ်ဖို့တော့ လိုမှာပေါ့။

“လူထုအနေနဲ့ကတော့ အီဘိုလာ-ဆိုတဲ့နာမည် ကြားဖူးတယ်၊ ဘာမှန်းမသိဘူးပေါ့။”

အီဘိုလာ ကူးစက်ရောဂါ မြန်မာနိုင်ငံမှာ ဖြစ်ပွားခြင်း မရှိသေးတဲ့အတွက် လူထုကြား စိုးရိမ်မှု နည်းပါးနေပြီး ပညာပေးမှုအပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်မိကြောင်း ရန်ကုန်မြိုခံ တဦးကလည်း ပြောပါတယ်။

“အီဘိုလာဗိုင်းရပ်စ်ပိုးကတော့ ကိုယ့်နိုင်ငံကို ဝင်ရောက်လာတာမဟုတ်သေးတဲ့အတွက် အရမ်းကြီး စိုးရိမ်စိတ်တော့ မရှိဘူး၊ ရောဂါရဲ့ ကြောက်စရာကောင်းပုံကိုတော့ သိတယ်။ ဘယ်လောက် အတိုင်းအတာအထိ သိကြလဲဆိုတော့ သိတဲ့လူလည်း ရှိတယ်၊ မသိတဲ့လူလည်း ရှိတယ်။ ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်မှာ လူတိုင်းသိအောင် သတိပေး ကြေညာတာမျိုးတော့ မရှိသေးဘူးရှင့်။”

Ebola-CDC brief
Ebola-CDC brief

အီဘိုလာနဲ့ပတ်သက်လို့ ပြည်သူတွေကြား ကျန်းမာရေးပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ ဒေါက်တာမြင့်ဦးက အကြံပြုပါတယ်။

“ဂျပန် ဦးနှောက်ယောင် ရောဂါဆိုတာ ဘာလဲ လူထုက သိပ်မသိဘူး၊ လူထုသိတာ တုပ်ကွေး ဖျားတယ်၊ သွေးလွန်တုပ်ကွေးဖြစ်မယ်၊ ငှက်ဖျားဖြစ်မယ်- ဒါတွေ သိတာပေါ့။ ဒီစကားလုံးတွေက လူထုနဲ့ မရင်းနှီးဘူးပေါ့နော်။ နံပါတ်တစ်က အီဘိုလာ ဗိုင်းရပ်စ်ဟာ ဘာလဲ၊ ဘယ်လောက်အထိ ဒုက္ခပေးသလဲ၊ လူတွေ ဘယ်လောက် သေစေလဲ၊ ကြောက်စရာရောဂါပါလားဆိုတာ ဒါတွေကို သိအောင် လုပ်ရမယ်။ အဲလိုမျိုးတွေပေါ့နော်၊ အခုတော့ ကျနော်တို့မှာက ဝက်ကနေလည်း အီဘိုလာ ဖြစ်လာနိုင်တာပဲလေ။

"ဝက်ကယ်၊ မျောက်ကယ်၊ သူတို့ ပြောထားတာပေါ့နော်။ လူဝံ၊ မျောက်ဝံတွေ၊ နောက် လင်းနို့တွေ ဒီလိုအကောင်တွေကနေ သေမယ်၊ အဲဒီကနေ ရောဂါရတဲ့လူက သေသွားမယ်၊ သေသွားတဲ့လူကို ကိုင်မယ်၊ တွယ်မယ်။ ပြည်တွင်းမှာကတော့ အီဘိုလာ ကူးလာဖို့က အင်မတန် ရှားပါသေးတယ်။

"အီဘိုလာ ဘယ်လောက် ကြောက်စရာကောင်းလဲ၊ အခုဟာက ကုသစရာ ဆေးမရှိဘူး။ အီဘိုလာဟာ ကာကွယ်ဆေးမရှိဘူး၊ ကုသဆေး မရှိဘူး။ အဲဒီတော့ ကျောက်ကပ်တွေ ပျက်စီးမယ်၊ အသည်းတွေ ပျက်စီးမယ်။ အဲဒါတွေကို လိုက်ကာရတာ။ အဲဒီတော့ သေနှုန်းကလည်း ၉၀ % ရှိတယ်။ ဖြစ်ပြီဆိုရင် သေမယ်ဆိုတဲ့သဘော ရှိတယ်။ အီဘိုလာကို သုတေသနလုပ်တဲ့ ဆရာဝန်ကိုယ်တိုင်တောင်မှ အခု သေသွားပြီ။ အဲဒီလိုမျိုးတွေပေါ့နော်။ အဲဒီလိုမျိုးတွေ ရှိတဲ့အခါကျတော့ အင်မတန် ကြောက်စရာကောင်းတဲ့ ရောဂါဆိုတာတော့ လူထုထဲမှာ ပညာပေးဖို့ လိုမယ်ပေါ့နော်။”

လူတွေကို အလျှင်အမြန်သေစေပြီး ထိန်းချုပ်ဖို့ခက်ခဲ့တဲ့ အီဘိုလာ ကူးစက်ရောဂါအန္တရယ်ကို တားဆီးကာကွယ်နိုင်ဖို့ ပြည်ပက ဝင်လာနိုင်တဲ့ ရန်ကုန် နိုင်ငံတကာလေဆိပ်နဲ့ အခြားပြည်ဝင်ပေါက်တွေမှာ စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပြီလို့ မြန်မာ အစိုးရပိုင် သတင်းမီဒီယာတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အီဘိုလာကူးစက်ရောဂါအပြင် အခြား ကူးစက်ရောဂါတွေကိုပါ စောင့်ကြည့်နေတယ်လို့ အစိုးရက ကြေညာထားပါတယ်။

quarantine - ရောဂါပိုးတခုခု ရှိပြီး နာမကျန်းဖြစ်နေသူကို သီးသန့်ခွဲထားခြင်း။

XS
SM
MD
LG