သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ မကြာခင်တုန်းက ရွေးကောက်ပွဲ လုပ်ခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်ပြီမို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တနည်းနည်းနဲ့တော့ တိုးတက်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေပါတယ်။ တိုးတက်လာနိုင်ခြေရှိတဲ့ အထဲမှာ စီးပွားရေးပိုင်းမှာရော ဘယ်လောက် တိုးတက်လာနိုင်တယ်လို့ မျှော်လင့်နိုင်ပါသလဲ၊ ဒေသတွင်းက နိုင်ငံရေး သုံးသပ်သူတွေကတော့ ကြိုမြင်ရတဲ့ အနာဂတ်မှာ စီးပွားရေးအရ တိုးတက်မှုတွေ သိပ်မရှိနိုင်ဘူးလို့ ပြောနေတဲ့အကြောင်း ဘန်ကောက်ရုံးက ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) က သုံးသပ်ထားပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ် အကြီးအကဲက တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေဟာ အလွန်ကို ကောင်းမွန်တယ်လို့ ကမ္ဘာ့ဘဏ်ကို မကြာသေးခင်က ပြောကြားလိုက်ပြီးတော့ သဘာဝဓာတ်ငွေ့နဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရာကနေ တိုင်းပြည်ရဲ့ စီးပွားရေးဟာ အခုနှစ်အတွင်းမှာ ၁၂% တိုးတက်လာဖွယ် ရှိတယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၁၀ ခုနှစ်မှာ ၅% ပဲရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ အဲဒီ အကဲဖြတ်ချက် ၂ ခုစလုံးကတော့ မြန်မာပြည်သူ အများစုရဲ့ ဘ၀တွေကို ပိုပြီး တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ဆိုနေကြပါတယ်။ သြစတြေးလျနိုင်ငံ မကွာရီ တက္ကသိုလ်က စီးပွားရေး ပညာရှင် အလစ်စန် ဗစ်ကေရီ (Alison Vicary) ကတော့ မြန်မာနိုင်ငံဟာ အခက်အခဲတွေ အတော်များများကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အခြေအနေတွေကတော့ အတော်လေးကို ရှုပ်ရှုပ်ထွေးထွေးနဲ့ ဆိုးနေတဲ့ အနေအထားလို့ ကျမ ပြောချင်ပါတယ်။ ကျမတို့ ဆက်တိုက်ရနေတဲ့ အစီရင်ခံစာတွေ အရတော့ လူတွေဟာ နေ့စဉ် ထမင်းပုံမှန် စားဖို့အတွက် အခက်အခဲ ရှိနေပါတယ်။ ဒီအချက်က အခြေအနေမှန်ကို ပြသနေတယ်လို့ ကျမ ထင်ပါတယ်။ သာမန်ပြည်သူတွေ အတွက်တော့ အခြေအနေတွေဟာ အချိန်နဲ့အမျှ ဖြည်းဖြည်းချင်း ပိုပြီးတော့ ဆိုးဆိုးလာနေတယ်လို့ ကျမ အနေနဲ့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် တိုင်းပြည် လူဦးရေရဲ့ ၃ ပုံ ၁ ပုံ နီးပါးဟာ အလွန်ကို ဆင်းရဲနွမ်းပါးတဲ့ အခြေအနေမှာ နေနေရပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ရေကြောင်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံစနစ်တွေ ကောင်းမွန်ခြင်း မရှိတာကလည်း ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ပိုပြီး ပွင့်လင်း လွတ်လပ်လာနိုင်တယ်လို့ ဒေသတွင်းက တချို့ စီးပွားရေး ပညာရှင်တွေနဲ့ အကဲခတ်တွေကတော့ မျှော်လင့်နေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုကို စစ်အစိုးရနဲ့ သူတို့နဲ့ နီးစပ်သူတွေက လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

ဒေသတွင်း လူ့အခွင့်အရေး ကိစ္စရပ်တွေကို လှုပ်ရှားနေတဲ့ Alt ASEAN အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဒက်ဘီ စတော့တ်ဟာ့ဒ် (Debbie Stothard) ကတော့ မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ကျေးလက်ဒေသက နေရာအတော်များများမှာ အခြေအနေတွေက ဆိုးနေပါတယ်။ အဲဒီမှာ လယ်မြေသိမ်းမှုတွေ၊ အာဏာပိုင်တွေဘက်က အခွန် မတရား ကောက်ခံမှုတွေနဲ့ အလုပ်လုပ်ဖို့အတွက် အခွင့်အလမ်းတွေ မရှိတာကြောင့် လူတွေဟာ သူတို့ဟာသူတို့ စားဖို့အတွက်တောင် မစိုက်နိုင်ကြတော့ပါဘူး။ ပြည်သူ အတော်များများကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်မချမ်းသာကြသလို အယုံအကြည်လည်း မရှိကြပါဘူး။ ဒီရွေးကောက်ပွဲက အခွန်ကောက်ခံတာတွေ ပိုများလာစေပါတယ်။”

မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန် အပါအ၀င် ကမ္ဘာပေါ်က နိုင်ငံအတော်များများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ အခုလို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာတွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်တဲ့ နိုင်ငံဖြစ်ပြီး အထူးသဖြင့် သဘာဝဓာတ်ငွေ့နဲ့ ရေနံလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ် အဓိက ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ နိုင်ငံတနိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး စွမ်းအင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံး လုပ်နေတာပါ။ မြန်မာနိုင်ငံကနေ တခြား အဓိက တင်ပို့နေတဲ့ ပြည်ပပို့ကုန်တွေကတော့ သစ်နဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေဖြစ်ပြီး ဟောင်ကောင်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ စင်ကာပူ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေက အဲဒီကဏ္ဍတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံတာတွေကို လုပ်ကြပါတယ်။

အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပေမဲ့လည်း အစိုးရရဲ့ စီမံခန့်ခွဲပုံ ညံ့ဖျင်းမှုကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဆက်ပြီးတော့ အားနည်းနေတုန်းပဲလို့ မြန်မာနိုင်ငံ အကြောင်းကို စာရေးသားနေတဲ့ စာရေးဆရာ ဘာတေးလ် လစ်တနာ (Bertil Lintner) က ပြောပါတယ်။

“တိုင်းပြည်အတွင်းမှာ ငွေကြေးအလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ မရှိသလောက်ပါပဲ။ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ရေရှည် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မရှိပါဘူး။”

လွန်ခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ မြန်မာအစိုးရဟာ ဆိပ်ကမ်းတွေနဲ့ ပို့ဆောင်ရေး လုပ်ငန်းတွေ အပါအ၀င် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ နိုင်ငံပိုင် ပစ္စည်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စစ်အစိုးရ ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ စစ်တပ်အရာရှိတွေကို ရောင်းချခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြန်မာအစိုးရက အခုလအတွင်းမှာ လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာက စီးပွားရေး အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြန်လည်လျှော့ချသင့်၊ မသင့် ဆိုတာကို ပြန်ဆွေးနွေးသုံးသပ်ရမယ့် အနေအထား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်မချင်း အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်ပြီးတော့ ထားသင့်တယ်လို့ စာရေးဆရာ ဘာတေးလ် လစ်တနာက ဆိုပါတယ်။

“အစိုးရဘက်က လိုက်လျောမှု တစုံတရာ မပြဘဲနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှာ မဟုတ်ပါဘူး။ ဒါဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့တဲ့ ကနဦး ရည်ရွယ်ချက်ပါ။ ဒီတော့ အစိုးရဘက်က ထူးခြားတဲ့ တိုးတက်မှု ဘာမှ မပြဘဲနဲ့ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံမယ်လို့ ကျနော် မမြင်ပါဘူး။ ပိတ်ဆို့အရေးယူမှု ဆိုတာ ဒီအတွက် လုပ်တာဖြစ်ပြီး နိုင်ငံရေးအရ ဖိအားပေးထားတာပါ။”

အသစ်တက်လာမယ့် အစိုးရက တိုင်းပြည်ရဲ့ စီးပွားရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မယ် ဆိုတာရယ်၊ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ အခြေအနေ ဘယ်လိုဖြစ်လာမယ်ဆိုတာ ရေရာမှု မရှိတာကြောင့် ရင်းနှီးမြှုပ်နှံနိုင်ချေ ရှိသူတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် သတိထား စောင့်ကြည့်နေကြပါတယ်။ ပညာရှင်တွေကတော့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသတွင်းမှာ ဆက်ပြီးတော့ နောက်ကျ ကျန်နေသွားမယ့် အလားအလာ ရှိနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG