သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး လက်ရှိနဲ့ ရှေ့အလားအလာပေါ်အမြင်


နေပြည်တော်တွင် လုပ်ငန်းခွင်ဝင်နေသည့် လယ်သမားများ။ ၁၁ နိုဝင်ဘာ ၂၀၁၄။
နေပြည်တော်တွင် လုပ်ငန်းခွင်ဝင်နေသည့် လယ်သမားများ။ ၁၁ နိုဝင်ဘာ ၂၀၁၄။

NLD ပါတီ ဦးဆောင်တဲ့အစိုးရ တက်လာကတည်းက စီးပွားရေးပိုင်းနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ လုပ်ဆောင်ချက် တွေ ဘာတွေများ ရှိထားပါပြီလဲ၊ အစိုးရအနေနဲ့ အခုချိန်ထိ မလုပ်နိုင်သေးတာကရော ဘယ်ကဏ္ဍတွေရှိပါသလဲ၊ လူထုအတွက် စီးပွားရေး အကျိုးသက်ရောက်မှုတွေမြင်ရဖို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲဆိုတာနဲ့ တိုင်းပြည်စီးပွားရေး ဘယ်လို လမ်းကြောင်းပေါ်မှာ ရှိနေသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး သုံးသပ်ချက်ဆောင်းပါး ရေးသားထားသူ “ကျီးဖြူ ကျီးမည်း” Facebook စာမျက်နှာကို စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ကိုကျော်ဇောခိုင်ကို ကိုကျော်ကျော် သိန်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

NLD အစိုးရတက်လာချိန်ကတည်းက စီးပွားရေးပိုင်းနဲ့ပတ်သက်ပြီး မှန်ကန်တဲ့လုပ်ဆောင်ချက်တွေအနေနဲ့ တနိုင်ငံလုံး စီးပွားရေးကို ငြိမ်အောင်လုပ်လာနိုင်တယ်လို့ ကိုကျော်ဇောခိုင်ကပြောပါတယ်။

“အစိုးရက တက်လာတော့ အဓိက agenda က ငြိမ်းချမ်းရေးလိုမျိုးဖြစ်တော့ ၂၀၁၆ မှာတော့ သိပ်အများကြီး မတွေ့မိဘူးပေါ့ဗျာ။ ၂၀၁၇ ထဲ ရောက်လာတဲ့အခါမှာတော့ တချို့သတင်းတွေ စတွေ့ရပါတယ်။ အရေးကြီးတယ်ထင်ရတာက အခုတောက်လျှောက် ပြောလာတဲ့ မက်ခရို (Macro) စီးပွားရေးကို ငြိမ်အောင်လုပ်လာနိုင်တယ်၊ နောက်ပြီးတော့ အဲဒါနဲ့ဆက်စပ်ပြီးတော့ မိုက်ခရို (Micro) စီးပွားရေး reform ပေါ့ဗျာ၊ ဒီ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေအတွက် ကမ္ဘာ့ဘဏ်ကနေ တနှစ်ကို ဒေါ်လာ သန်း ၂၀၀ နဲ့ ၆ နှစ် ကူညီရမယ်ဆိုတဲ့ သဘောတူစာချုပ်မျိုးတွေလည်း ချုပ်ထားပြီးသွားပါပြီ။ ဒီနှစ်ဦးပိုင်းမှာပေါ့ နော် …”

စီးပွားရေးနဲ့ပတ်သက်တဲ့ ဥပဒေပိုင်းမှာဆိုရင် ၂၀၁၇ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ထွက်လာတာ၊ ဒီဇင်ဘာလမှာ ကုမ္ပဏီများအက်ဥပဒေသစ် ထွက်လာတာတွေကို ကိုကျော်ဇောခိုင်က ထောက်ပြပါတယ်။

“ပထမတခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးတဲ့ဟာ၊ အခု ဒုတိယတခုဖြစ်တဲ့ ကုမ္ပဏီများအက်ဥပဒေသစ်ကျတော့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေ ဘယ်လိုပေါင်းနိုင်မလဲဆိုတဲ့ဟာတွေက ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်လာတယ်လို့ ပြောကြတယ်။ ဒီဥပဒေသစ်က ADB အကူအညီနဲ့ ဆွဲထားတာဆိုတော့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံကောင်းတွေလည်း ပါလာတယ်ဆိုတဲ့ သဘောပေါ့ နော် … ဒီဥပဒေက ဒါပေမဲ့ ဒီနှစ် သြဂုတ် ၁ ရက်နေ့ကျမှ စပြီးအသက်ဝင်မှာ။ အကျိုးကျေးဇူး အနေနဲ့ ဥပမာ ရန်ကုန်စတော့အိတ်ချိန်းလိုနေရာမျိုးမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်တဲ့သဘော ရှိပါတယ်။”

နောက်တချက်ကတော့ ဘဏ္ဍာနှစ်ကာလ အပြောင်းအလဲလုပ်ထားတာပါ။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ်ကို တောက်လျှောက် သတ်မှတ်လာတာက နှစ်တနှစ်ရဲ့ ဧပြီလ ၁ ရက်နေ့မှာစပြီး နောက်နှစ် မတ်လ ၃၁ ရက်နေ့မှာ အဆုံးသတ်ပါတယ်။ အခု ပြောင်း လဲသတ်မှတ်လိုက်တဲ့ ဘဏ္ဍာနှစ်အသစ်အရဆိုရင် အောက်တိုဘာလ ၁ ရက်နေ့မှာစပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ အဆုံး သတ်မှာဖြစ်ပါတယ်။ အဲဒါနဲ့ဆက်စပ်ပြီး လွှတ်တော်မှာ အစိုးရအသုံးစရိတ်အတွက် တောင်းခံထားတာတွေနဲ့ပတ်သက်လို့ ကိုကျော်ဇောခိုင်က အခုလိုရှင်းပြပါတယ်။

“အဲဒီတော့ ရှေ့လာမယ့် ဧပြီကနေ အောက်တိုဘာ ၆ လမှာ သူက ဘတ်ဂျက် အရင်လို တနှစ်မဟုတ်ဘဲ ၆ လစာ သပ်သပ်ခွဲရ မယ့်သဘောဖြစ်သွားတယ်။ အဲဒီအတွက် ပြည်ထောင်စုအစိုးရက လွှတ်တော်မှာ ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော် တောင်းထား တယ်ဗျ။ အခု ဒီ ဇန်နဝါရီမှာ။ စီမံဘဏ္ဍာဝန်ကြီးက တောင်းထားတယ်။ အဲဒီထဲကမှ အများစုဖြစ်တဲ့ ၂၇% ကျော်ကျော်ကို စီမံ ဘဏ္ဍာက သုံးမယ်လို့ တောင်းထားတယ်။ ဒုတိယလိုက်တာက စွမ်းအင်ပေါ့။ သူလည်း (ကျပ်) ဘီလီယံ ၂,၀၀၀ ကျော်သုံးမယ်။ နောက် တတိယအနေနဲ့မှ (ကျပ်) ဘီလီယံ ၁,၀၀၀ ကျော်ကို တပ်ကသုံးမယ်လို့ တောင်းထားတာရှိတယ်။ ဆိုလိုတာက ဒီ ဘတ်ဂျက်ခွဲငွေတွေမှာပါ အပြောင်းအလဲဖြစ်လာတယ်၊ အဲဒါက ကောင်းတဲ့အပြောင်းအလဲလို့ ကျနော် ယူဆတယ်။”

စီမံကိန်းပိုင်းမှာလည်း စီမံကိန်းကြီးတွေထွက်လာပြီး အဲဒီထဲကမှ အဓိကကတော့ လျှပ်စစ်နဲ့စွမ်းအင်ပိုင်းဖြစ်တယ်လို့ ပြောပါ တယ်။

“LNG Project တွေ လာတော့မယ်။ LNG Project ဆိုတာက Liquefied Natural Gas ပေါ့ဗျာ၊ ကျနော်တို့ လွယ်အောင် ပြောရ လို့ရှိရင် gas ကိုသုံးပြီးတော့ လျှပ်စစ်ဓာတ်အားထုတ်မှာ။ အခု သူတို့ လေးနေရာ လျာထားထားတယ်။ ရန်ကုန်တိုင်းမှာ အလုံ၊ ဧရာဝတီတိုင်းမှာ ချောင်းသာနားမှာ မီးလောင်ချိုင်ဆိုတာရှိတယ်၊ ပြီးရင် ထားဝယ်မှာ၊ နောက်တခုက ရခိုင်မှာဆိုလို့ရှိရင် ကျောက်ဖြူပေါ့။ အဲဒီတော့ ဒီ gas လျှပ်စစ်ဓာတ်ထုတ်တာနဲ့ပတ်သက်လို့ ကျနော်တို့ ဒီ ရေအားတို့ ကျောက်မီးသွေးသမားတို့က လည်း ကန့်ကွက်ထားတာလေးတွေတော့ ရှိတာပေါ့။ အဓိကကတော့ ဈေးကြောင့်ပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီ စွမ်းအင်နဲ့ လျှပ်စစ် project ကြီးတွေက စတော့မယ်ပေါ့ဗျာ။ ဒါတွေဟာ ကောင်းတဲ့အပြောင်းအလဲတွေ၊ အစိုးရရဲ့ အားစိုက်ထားတဲ့ အပြောင်းအလဲ တွေလို့ ကျနော်မြင်ပါတယ်။”

အစိုးရက အားစိုက်ထားတယ်လို့ဆိုတဲ့ အပြောင်းအလဲတွေရှိသလို အစိုးရအနေနဲ့ လုပ်သင့်ပါလျက်နဲ့ မလုပ်သေးတာ၊ မလုပ်နိုင် သေးတာတွေထဲမှာ အဓိကတခုက လယ်ယာမြေပြုပြင်ပြောင်းလဲရေးနဲ့ မြေယာဆိုင်ရာပြဿနာတွေဖြစ်တယ်လို့ ကိုကျော်ဇောခိုင် ကပြောပါတယ်။ နောက်တခုကတော့ စီးပွားရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့အချက်အလက်တွေကို တရားဝင်ထုတ်ပြန်မှု အားနည်း တဲ့အတွက် လူထုအမြင်ကို ဝေဝါးစေတာကြောင့် ဒါကိုအခွင့်ကောင်းယူပြီး ဆိုရှယ်မီဒီယာခေတ်မှာ အစိုးရကို တိုက်ခိုက်ခွင့်ရစေ တယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ပြန်ပြီးချိန်ဆဖို့ သူကအကြံပေးပါတယ်။

“ဗျိူရိုကရေစီယန္တရားဟောင်း အသားကျနေတယ်ဆိုတဲ့ကိစ္စလည်း အင်တာဗျူးတခုမှာ စီးပွားရေးအကြံပေး ရှောင် တာနယ်လ် (Sean Turnell) ကလည်း ပြောထားတာရှိတော့ ဒီအပိုင်းတွေကို ပြန်ပြီးတော့ ပြုပြင်နိုင်ဖို့ လိုတယ်လို့ထင်တယ်။ နောက် ကျနော့် အမြင်တခုကတော့ ပြည်ပမှာရောက်နေတဲ့ ဗမာနိုင်ငံသားတွေအတွက် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးပေါ့၊ Investment Forum (လို့) ခေါ်မယ်နဲ့တူတယ်၊ အဲလိုဟာမျိုး တခုလောက်လုပ်နိုင်ရင် ကောင်းမယ်ထင်တယ်။

“နေပြည်တော်မှာ ဝန်ကြီးဌာနပေါင်းစုံ၊ ဒါမှ မဟုတ် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကပါလာပြီး သူတို့ဆီမှာရှိတဲ့၊ လုပ်ချင်တဲ့ Project တွေကို ချပြမယ်ဆိုလို့ရှိရင် နိုင်ငံခြားမှာ ရောက်နေတဲ့ ဗမာနိုင်ငံသား၊ ဗမာနိုင်ငံသားဆိုပေမဲ့ တခြားနိုင်ငံသားခံယူသွား လည်း ကျနော့်အမြင်က ဒါ ဗမာနိုင်ငံသားပဲ၊ သူတို့ တွေက အရင်းအနှီးနဲ့ နည်းပညာကအစ ပြည်တွင်းမှာ လက်ရှိ ရှိနေတဲ့ လုပ်ငန်းသမားတွေနဲ့ ပေါင်းစည်းသွားနိုင်တယ်လို့ ကျနော် ထင်တယ်ဗျာ။ ဥပမာ၊ မြန်မာတွေချည်းပဲ မလုပ်နိုင်ဘူးဆိုရင်လည်း နိုင်ငံခြားမှာရှိတဲ့ မြန်မာတွေက သူတို့ဖာသာသူတို့ နိုင်ငံခြား အရင်းအနှီးနဲ့ နည်းပညာကို ရှာပြီးသွင်းလာနိုင်တယ်။ ဒီဟာက ခုလို နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်နေရတဲ့ အချိန်မျိုးမှာ အဖြေတခုများ ဖြစ်မလားလို့ စဉ်းစားကြည့်နိုင်ပါ တယ်။”

သူ့ရဲ့ဆောင်းပါးထဲမှာ “ရေတိုမှာ စီးပွားရေးပြေလည်လာပြီလို့ ကြားရဖို့မရှိဘူး၊ ပြေလည်မှုက မိုက်ခရိုအဆင့်ထိရောက်ဖို့၊ တနည်း လူထုတရပ်လုံးချောင်လည်အားနဲ့ လမ်းပေါ်မှာ အကျိုးသက်ရောက်မှုတွေမြင်ရဖို့ လိုနိုင်သေးတယ်” လို့ရေးထားပါတယ်။ ဒီတော့ လူထုတရပ်လုံးအတွက် အကျိုးသက်ရောက်ဖို့ ဘယ်လောက်အကြာဆုံး၊ ဘယ်လောက်အမြန်ဆုံး စောင့်ရမယ်လို့များ သူ မြင်ထားပါသလဲ -

“ကျနော့်အမြင်ပေါ့နော် … ဒီသက်တမ်းမှာတော့ ခုလို ပြင်ရင်းဆင်ရင်း တွန်းရင်းတိုက်ရင်းနဲ့ပဲ ပြီးသွားနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တဘက်မှာလည်း နိုင်ငံရေးအနေနဲ့ ရခိုင်ကိစ္စတို့၊ တခြားအကျပ်အတည်းတွေကို ရှင်းနေရတာတွေ ရှိသေးတာကိုး။ အဲဒီ တော့ အစိုးရအနေနဲ့ကျတော့ ရေရှည် ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဒီ Project တွေ၊ တခြားဟာတွေ လုပ်နေတယ်ဆိုပေမဲ့ လက်ရှိမှာက လူထုရဲ့စီးပွားရေးနိမ့်ကျမှုနဲ့ အစိုးရအပေါ် မျှော်လင့်ချက်တွေကိုလည်း ထည့်တွက်ဖို့လိုမယ်။

“နိုင်ငံရေးပါတီတခုအနေနဲ့လည်း ၂၀၂၀ ဆိုတဲ့ဟာက သူတို့စဉ်းစားမယ့်ကာလတခုလို့ ကျနော်ထင်တယ်။ ဒီတော့ ကျနော် ထင်တယ် အစိုးရက ယာယီအဖြေတွေ ရှာလိမ့်မယ်လို့ ယူဆတယ်။ အဲဒီတော့ ဒီသက်တမ်းမှာ တကယ့်အခြေခံကောင်းတဲ့ အုတ်မြစ်တွေကို ချနိုင်ပြီဆိုရင် နောက်သက်တမ်း ပထမ တနှစ် နှစ်နှစ်လောက်အတွင်းမှာ တကယ်တည်ငြိမ်တဲ့ အသီးအပွင့် တချို့ စ ခံစားရမယ်လို့ ကျနော် ထင်တယ်ပေါ့နော် … ဒါ ကျနော့်အမြင်ပါ။”

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်ထားသလောက် ဝင်မလာဘူးဆိုပေမဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် လျာထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံမှာ ဖေဖော်ဝါရီလကုန်ထိဆိုရင် ဒေါ်လာ ၅.၆ ဘီလီယံရှိနေတာကြောင့် ပြည့်မီလုနီးအခြေအနေ ရှိနေတာ၊ ဒါဟာ လွန်ခဲ့တဲ့နှစ်တွေကထက် နည်းသွားတယ်ဆိုပေမဲ့ တနှစ်ချင်းစီလျာထားချက်တွေ ပြည့်မီနေဆဲဖြစ်တာ၊ ပြည်ပ ကုန်သွယ်ရေး ပိုတက်လာတာ၊ ငွေစက္ကူရိုက်ထုတ်နှုန်းမှာလည်း ၂၀၁၅-၁၆ ထက်စာရင် ၂၀၁၆-၁၇ မှာ ထက်ဝက်လောက် နည်းသွားတာကြောင့် ငွေဖောင်းပွမှုနှုန်းဟာ ဒီနှစ်မှာ ၆% ကျော်လေးပဲရှိမယ်လို့ ခန့်မှန်းထားတာ စတဲ့ အခြေအနေကောင်းတွေ ရှိနေပေမဲ့ အစိုးရရဲ့ သတင်းထုတ်ပြန်မှု အားနည်းတာကြောင့် လူထုက သေချာသိခွင့်မရဘူးလို့ ကိုကျော်ဇောခိုင်ကပြောပါတယ်။

“လူထုရဲ့စိတ်ထဲမှာ စီးပွားရေးက ကောင်းမလာဘူးဆိုတဲ့ ခံစားချက်ကြီးဖြစ်နေတယ်။ ဒါ ကောင်းတဲ့အလားအလာတော့ မဟုတ် ဘူးပေါ့။ ဒီဟာကို အစိုးရအနေနဲ့ တနည်းနည်းနဲ့ တုန့်ပြန်ပေးဖို့လိုတာပေါ့။ ဒါပေမဲ့ လက်ရှိအစိုးရအတွက်က လက်ရှိသက်တမ်းက သူ့ရဲ့ ပထမဦးဆုံး အစိုးရအတွေ့အကြုံဖြစ်ပြီး ဘက်ပေါင်းစုံမှာလည်း တခြား ပြုပြင်ပြောင်းလဲရမယ့်ဟာတွေ၊ နိုင်ငံရေးစိန်ခေါ်ချက် တွေရှိတော့ အကျပ်တည်းဆုံးကာလဖြစ်နေတယ်။ ပြည်သူဘက်ကလည်း မျှော်လင့်ချက်က အမြင့်မားဆုံးအချိန် ဖြစ်နေတယ်။

“ကျနော် အနှစ်ချုပ်ပြောချင်တာက ဘာလဲဆိုတော့ အစိုးရနဲ့ပြည်သူဟာ တကယ်တမ်းပြောရင် တယောက်ကိုတယောက် တကယ်လိုအပ်နေကြတဲ့ အချိန်ပါ၊ ဒါကအရေးကြီးတယ်ဗျ။ ဒီအချက်ကို နှစ်ဘက်စလုံးက မှန်မှန်ကန်ကန် ဆင်ခြင်ကြဖို့လိုတယ်။ ကျနော်တို့ အခက်အခဲတွေတော့ရှိမယ်၊ ဒါပေမဲ့ ကျနော်ရေးခဲ့သလိုပဲ ဒီဟာတွေကို ကျနော်တို့ ရင်ဆိုင်ကြဖို့ပဲပေါ့ဗျာ။ ဒါ ကျနော် နိဂုံးချုပ်ပြောချင်တာပါ။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG