သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ ခုနှစ် အတွက် မြန်မာ့ စီးပွားရေး နှစ်ချုပ် အပိုင်း( ၁)


၂၀၁၉ ခုနှစ်မှာ မြန်မာ့ စီးပွားရေးရဲ့ အဓိက မောင်းနှင်အား ဖြစ်တဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်ပ တင်ပို့မှုမှာ အခက်တွေ့ရတဲ့နှစ်ဆိုရင် မမှားပါဘူး။ စိုက်ပျိုးရေး အဓိက ထွက်ကုန် ဆန်တင်ပို့မှုမှာ ဘင်္ဂလားဘက်ရော တရုတ်ဘက်ပါ တင်ပို့နိုင်ရေး အခက်တွေ့ကြရတဲ့ အထဲ အာဖရိက ကိုပို့တဲ့ မြန်မာ့ ဆန်ကလည်း စားသုံးရန် မသင့်ဆိုပြီး ဖျက်စီးခံခဲ့ရပါတယ်။ နောက် တရုတ် ဝယ်လက်ကို အားကိုးရတဲ့ စိုက်ပျိုးရေး သီးနှံတွေမှာလည်း တရုတ် ဈေးကွက်က အချိုးအကွေ့တခုကို ပြောင်းလဲလာနေပါပြီ။ ၂၀၁၉ ခုနှစ် အတွင်း ကုန်သွယ်ရေး ထူးခြားဖြစ်စဉ်တွေနဲ့ ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေကို စုစည်းပြီး နှစ်ချုပ် အစီအစဉ် အဖြစ် အပတ်စဉ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

၂၀၁၉ ခုနှစ် အတွင်းမှာတော့ မြန်မာပြည်သူတွေ အများစု မှီခိုနေကြတဲ့ စိုက်ပျိုးရေး လုပ်ငန်းက ဈေးကွက် မရေရာမှု ပိုပြီး ပေါ်လွင်ခဲ့ပါတယ်။ ဆန် အကြောင်းက စပြီး ပြောရမယ်ဆိုရင်တော့ ဘင်္ဂလားဒေရှ့်ဘက်က မြန်မာ့ဆန်ကို အခွန်သုံးဆ တိုးပြီး ကောက်ခဲ့တာကြောင့် နယ်စပ်ဖြတ်ကျော် ဆန်တင်ပို့မှု ရပ်တန့်သွားပါတယ်။ ဒါက ၂၀၁၉ ခုနှစ်မှာ ထူးထူးခြားခြား နယ်စပ် ကုန်သွယ်ရေး ထိခိုက်မှု ဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်တွေ အခြေစိုက် ဆန်စက်လုပ်ငန်းရှင်ကြီး တဦး ဖြစ်တဲ့ ဦးသန်းဝင်း က အခုလို ပြောပါတယ်။

" မနှစ်က ကျနော်တို့ ဒီ ၂၀၁၇၊ ၂၀၁၈ မှာ အိတ်ပေါင်း သိန်း ၅၀ လောက် ရောင်းခဲ့ရပါတယ်။ ကျနော်တို့ ဒီ ရခိုင်ပြည်ကနေ တဆင့်လေ။ အခုက ဘင်္ဂလားဒေရှ့်က အရင်က တအိတ်ကို အခွန်ငွေ ၄၀၀၀ ကျပ်လောက် ကောက်ပါတယ်။ အခုအချိန်မှာ သူတို့ တအိတ်ကို အခွန်ငွေ ၁၅,၀၀၀ တိုးမြှင့် ကောက်လိုက်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက လာတဲ့ဟာကိုလေ။ အဲတော့ ဧည့်မထ တအိတ်ကိုမှ ၂၀,၀၀၀ ကျော်ကျော် ရှိတဲ့ဟာကိုမှ ၁၅,၀၀၀ ကောက်လိုက်ရင် ကျနော်တို့ကို မပို့နဲ့လို့ ပြောတာနဲ့ အတူတူပါဘဲ။ အဲတော့ ကျနော်တို့ ဘင်္ဂလားဒေရှ့်ကို ပို့တာ အရောင်းအဝယ်ကလည်း ရပ်တန့်နေပါတယ်။ တနှစ်ပတ်လုံးမှာလေ။"

ရခိုင်ပြည်နယ်မှာက ဒေသတွင်းကနေ မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရတဲ့ ဂယက်ကြောင့် မြန်မာ ဘင်္ဂလားဒေရှ့် နယ်စပ် ကုန်သွယ်ရေးမှာ နောက်ထပ် အထိနာတဲ့ အချက်ကတော့ ဘင်္ဂလားဒေရှ့်ဘက်က မြန်မာ ကုန်သည်တွေ ဝင်ရောက်မှုကို တားမြစ်လိုက်တဲ့ အချက်ပါ။ မြန်မာဘက်က ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေရှ့်ဘက် တင်ပို့ခွင့် ရှိပေမယ်လို့ ကုန်သည်တွေ ကိုယ်တိုင်သွားခွင့် မရှိပါဘူး။ ဒါကြောင့် ဘင်္ဂလားဒေရှ့်မှာ လူယုံ ရှိမှာ လူခံရှိမှ ကုန်သွယ်ရေး လုပ်လို့ရတဲ့ အခြေအနေကို ရောက်နေပါတယ်။

တချိန်တည်းမှာဘဲ တရုတ်နယ်စပ်ကနေ ဆန်တင်ပို့မှုကလည်း လုံး၀ ရပ်သွားခဲ့ပြန်ပါတယ်။ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးက ၂၀၁၉ နှစ်ဦး ဆန်တင်ပို့မှု အခြေအနေကို အခုလို ပြောခဲ့တာပါ။

" ကျနော်တို့ဘက်က အရင် ကျနော်တို့ဘက်က Formal ဖြစ်ပေမယ့် သူတို့ဘက်က Unfromal ပေါ့နော်။ အခုကျတော့ နယ်စပ်ကို ကြပ်လိုက်တဲ့ အတွက်ကို ကျနော်တို့ အနေနဲ့ကတော့ အရင်နှစ်တွေ နှစ်တွေကထက် တော်တော်လေး အလုပ်ကြပ်သွားတယ်။ ပြီးတော့ ထွက်တဲ့နှုန်း နည်းသွားတယ်ပေါ့နော်။ အဲဒီ အတွက်ကို အခု Formal ဖြစ်အောင် လုပ်နေတဲ့ သဘောတရားမျိုးပေါ့။"

တရုတ် ယူနန် ပြည်နယ်နဲ့ မြန်မာကြား နယ်စပ် ကုန်သွယ်ရေးကနေ ကုန်ပစ္စည်းချင်း ဖလှယ်တဲ့ ဘာတာ စနစ်နဲ့ ဆန်တင်ပို့နိုင်ဖို့လည်း ကြိုးစားခဲ့ကြပါတယ်။ ကုန်ပစ္စည်းချင်း ဖလှယ်တဲ့ စနစ် အရ ယူနန် ပြည်နယ်ထုတ်ကုန်တွေနဲ့ မြန်မာ့ ဆန်နဲ့ လဲလှယ်ကုန်သွယ်ဖို့ ဖြစ်ပါတယ်။

တရုတ်ဘက်ကို တရားဝင် တင်သွင်းခွင့်ရဖို့ ကြိုးစားနေတဲ့ အချိန်မှာဘဲ မြန်မာ့ ဆန် အတွက် နောက်ထပ် အထိနာစရာ တခုကတော့ အာဖရိက နိုင်ငံတခု ဖြစ်တဲ့ အိုင်ဗရီကိုစ့်မှာ မြန်မာ့ဆန် တန်ချိန် ၁၈,၀၀၀ ကို စားသုံးရန် မသင့်ဆိုပြီး ဖျက်စီးခံရ တာကြောင့် မြန်မာ့ဆန် နာမည်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ နှစ်ကုန်ပိုင်း အထိ မြန်မာ့ ဆန်ကတော့ ဝယ်လက် ရှာနေကြရဆဲ အနေအထားမှာ ရှိနေဆဲပါ။

နောက် စိုက်ပျိုးရေး ထုတ်ကုန် အများစု ဖြစ်တဲ့ သစ်သီး ဝလံ ဈေးကွက်ကလည်း တရုတ်ဘက်ကို အဓိက သွားနေရာကနေ ၂၀၁၉ ခုနှစ်မှာ တရုတ်ဘက်က ပိတ်ပင်ကန့်သတ်မှုတွေကြောင့် အခက်တွေ့ခဲ့ရပါတယ်။ တရုတ်ဘက်က နာနတ်သီး အဝယ် ရပ်လိုက်တဲ့ အခြေအနေကို မူဆယ် နယ်စပ် သစ်သီး ကုန်စည်ဒိုင် လုပ်ငန်းရှင် စိုင်းခင်မောင် ပြောပြတာကတော့

“ အခု ပိတ်တာက ဗဟိုအစိုးရ လက်အောက်မှာ ရှိတဲ့ သူတို့ရဲ့ အကောက်ခွန် ဌာနက ပိတ်တာ၊ ဒါမှမဟုတ်ရင်လည်း သူက ဘာခေါ်လဲ ဆိုတော့ တရုတ်ဘက်က AQSIQ ခေါ်တာပေါ့။ သူ့ရဲ့ အရည်အသွေး ထိန်းချုပ်ရေးနဲ့ နောက်ပြီးတော့ ရောဂါတားဆီးရေးပေါ့။ ကျနော်တို့ဘက်က FDA လိုမျိုးပေါ့နော်။ အစားအသောက် ထိန်းသိမ်း ကွပ်ကဲရေး ဌာနက ပြည်ဝင် အစားအသောက် ကွပ်ကဲရေး ဌာနလို့ ခေါ်မှာပေါ့နော်။ အဲဒီက ပိတ်လိုက်တာ။ ပိတ်လိုက်တယ်ဆိုတဲ့ အနေအထားက ဒါကတော့ ကျနော်တို့ ဆိုလိုတာက အဲလိုမျိုး ပိတ်မယ်ဆိုရင်လည်း ဒီက တင်ပို့တဲ့ နာနတ်သီးတွေက ပိုးသတ်ဆေး ဓာတ်ကြွင်း ဓာတ်ကျန် များနေလို့လား၊ စားသုံးရန် မသင့်လို့လား၊ အဲဒါဆို လက်ခံလို့ ရတယ်။ တောက်လျှောက် နှစ် ၂၀၊ ၃၀ လောက် တင်ပို့နေတဲ့ ပစ္စည်းတခုကို ရုတ်တရက် အဲလိုမျိုး သိပ်ပြီးတော့ ခိုင်မာတဲ့ အကြောင်းရင်း မရှိဘဲနဲ့ ပိတ်တယ်လို့ ယူဆရတယ်။”

တရုတ်ဈေးကွက်ကို သစ်သီးဝလံ တင်ပို့နိုင်ရေးက တဆစ်ချိုး ပြောင်းသွားတဲ့ အနေအထားပါ။ တရုတ်ဘက်ကို သစ်သီးဝလံ တင်ပို့ရေးက တရုတ် ဗဟို အစိုးရရဲ့ အရည်အသွေး စစ်ဆေးမှု အတည်ပြုချက် ရဖို့ လိုအပ်နေပြီး တခြားနိုင်ငံတွေက သစ်သီးဝလံတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်လာကြရပါတယ်။ ဒီနှစ် အတွင်း အရည်အသွေးပိုင်း တိုးတက်စေဖို့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ နည်းပညာ အကူအညီတွေနဲ့လည်း ဆောင်ရွက်လာပါတယ်။ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းရဲ့ တွဲဖက် အတွင်းရေးမှူး ကိုကျော်စိုးမင်း က အခုလို ပြောပြပါတယ်။

“ ကျနော်တို့ ထောပတ် ဆိုရင် အမေရိကန် Experts တွေက ၂၀၁၃ လောက်ကတည်းက Training (သင်တန်း) လာပေးတယ်ပေါ့နော်။ Training (သင်တန်း) လာပေးတော့ ကျနော်တို့ အဲဒီတုန်းကတော့ သိပ် ဂရုမစိုက်ဘူးဗျ။ ဒီတိုင်း ရောင်းလို့ ရနေတာပေါ့နော်။ ၂၀၁၅၊ ၂၀၁၆ စကားပြောလာတဲ့ အချိန်မှာ ကျနော်တို့ တရုတ် သွားတဲ့ အချိန်မှာ တရုတ်တွေက ကျနော်တို့ကို သတိပေးတယ်။ ဘာတုန်း ဆိုတော့ ငါတို့ ပိုက်ဆံ ရှိလာပြီ။ ငါတို့ Food Safety ကို နည်းနည်း အဓိက ထားလာမယ်။ နောက်နှစ်မှာ ဆိုရင် မင်းတို့ Food Safety က မကောင်းဘူးဆိုရင် ငါတို့ နိုင်ငံထဲ ဝင်ခွင့် မပေးနိုင်ဘူးလို့ ကျနော်တို့ကို သတိပေးတယ်။ ကျနော်တို့ တောင်သူ ထောပတ် တောင်သူကတော့ တနှစ် ၂ နှစ် အတွင်း အဆင်ပြေသွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်ပေါ့နော်။ ”

မြန်မာ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ဈေးကွက်ရဖု့ိ လုံးပမ်းနေရတဲ့ အချိန်မှာဘဲ နယ်စပ် ကုန်သွယ်ရေး အဓိက ကျတဲ့ ပြည်ထောင်စု လမ်းမကြီး တလျှောက် ၂၀၁၉ ခုနှစ်က တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး လမ်းတံတားတွေ ဖျက်စီးခံခဲ့ရတာကြောင့်လည်း ကုန်သွယ်ရေးမှာ အထိနာခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)















XS
SM
MD
LG