သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ ခုနှစ် စီးပွားရေး နှစ်ချုပ် အပိုင်း (၂)


ကမ္ဘာ့ စီးပွားရေးမှာ အခက်ကြုံနေပေမယ့် မြန်မာ့ စီးပွား ဖွံ့ဖြိုးမှုကတော့ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ မှတ်ချက် ပေးပါတယ်။ အစိုးရဘက်ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် နေသလိုဘဲ ပြည်တွင်း စီးပွားရေး ပိုပြီး လည်ပတ်လာစေဖို့ ရည်ရွယ်ပြီး အခွန် သက်သာခွင့်လိုမျိုး အစီအစဉ်တွေလည်း ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ အစိုးရရဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေကို ၂၀၁၉ ခုနှစ် အတွက် နှစ်ချုပ် အစီအစဉ် အဖြစ် ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

" ရင်းနှီးမြှုပ်နှံမှုတွေကို အားတက်သရော ကြိုဆိုမှာပါ။ ပိုပြီး တိုးတက် ကောင်းမွန်တဲ့ အနာဂတ် အတွက် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု အပေါ် ပံ့ပိုးမှုတွေ အပေါ်မှာလည်း ကျမတို့ဘက်က ခိုင်မာတဲ့ ပိုင်းဖြတ်ချက်နဲ့ ပူးပေါင်းဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။ တိုးတက်စည်ပင်တဲ့ အနာဂတ်ကို ဦးတည်ကြမယ့် စိတ်လှုပ်ရှားဖွယ် ခရီးမှာ ကျမတို့နဲ့ အတူ ပူးပေါင်းကြဖို့ ဖိတ်ခေါ်ပါတယ်။ "

ထိုင်းနိုင်ငံက မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခမ်းအနား တခုမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်သွားတာပါ။ ဒီနှစ် အတွင်းမှာတော့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း မြန်မာနိုင်ငံကို လာရောက်ပြီး ကိုရီးယား - မြန်မာ စက်မှုဇုန် စီမံကိန်းကို အုတ်မြစ်ချခဲ့ပါတယ်။
“ပထမဆုံး အနေနဲ့တော့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရေး အတွက် အခြေခံ အဆောက်အအုံတွေ၊ အဖွဲ့အစည်းဆိုင်ရာ အခြေခံတွေ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကိုရီးယား မြန်မာ စက်မှုဇုန်ဟာဆိုရင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ ထူးခြားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုရီးယား ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာစေမှာ ဖြစ်ပြီး နှစ်နိုင်ငံ အကျိုးတူ ဖွံ့ဖြိုးစေမှာပါ။ စက်မှုဇုံမှာ one-stop ဝန်ဆောင်မှုကိုလည်း တည်ဆောက်မှာပါ။ မြန်မာ အစိုးရရဲ့ ထောက်ပံ့ပေးမှု အတွက် ကျေးဇူးတင်ပါတယ်။ ဒီအချက်ကြောင့် ဈေးကွက်ချဲ့ထွင်ဖို့ စဉ်းစားနေကြတဲ့ ကိုရီးယား ကုမ္ပဏီတွေ အတွက် အထောက်အကူကောင်း ဖြစ်မယ်လို့ မျှော်လင့်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း တွန်းအား ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။”

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ဝင်ရောက်လာရေး အတွက် ပြည်တွင်း ကားတပ်ဆင် ထုတ်လုပ်မှုတွေကိုလည်း အခွန်သက်သာခွင့် ပေးခဲ့တာလိုမျိုး စွဲဆောင်မှုတွေ လုပ်ခဲ့သလိုဘဲ ဌာနဆိုင်ရာ လုပ်ငန်းတွေမှာ ပိုပြီး မြန်ဆန်စေဖို့ ဆောင်ရွက်မ ယ်ဆိုတာကိုလည်း မြန်မာ အစိုးရဘက်က ကတိပြုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်ရမှု အပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆက်စပ်လုပ်ရတဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေကတော့ အခုအချိန်ထိ မြန်ဆန် သွက်လက်မှု မရှိသေးပါဘူး။ ထင်ရှားတဲ့ ဥပမာ တခုကတော့ အခွန်ဆောင်တဲ့ နေရာမှာပါ။ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက အခွန်ဆောင်ရတဲ့ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကို အခုလို ရှင်းပြပါတယ်။

" ကျေနော် မြင်တာကတော့ အခွန်နဲ့ ပတ်သက်တဲ့ System (စနစ်) ပေါ့နော် အထူးသဖြင့်တော့ အွန်လိုင်း System ၊ Data Base System ဒီဟာကို အဓိက လုပ်ရမယ် ထင်တယ်။ အခုဟာက အဲဒီ စနစ် မရှိဘူးပေါ့နော်။ ပြောရမယ်ဆိုရင်။ ပြင်ရမှာ စနစ်ကို ပြင်ဖို့ လိုတာပေါ့။ အခွန်ဆောင်ဖို့ ဆိုတာ ပါးစပ်က ပြောပေမယ့် လက်တွေ့မှာ တကယ်ဆောင်တဲ့သူ တောင်မှ ထင်သလောက် လွယ်လွယ်ကူကူ ဆောင်ရတာ မဟုတ်ဘူး။ ကျန်တဲ့ တိုင်းပြည်တွေလို အွန်လိုင်းနဲ့ အွန်လိုင်း Payment နဲ့ ပေးလိုက်လို့ ရတာမျိုး မဟုတ်ဘူး။ ကျနော်တို့က သက်ဆိုင်ရာ ဝန်ကြီးဌာနကို သွားတွေ့ရတယ်။ တွေ့တဲ့ နေရာမှာလည်း ရှိတဲ့ ဝန်ထမ်းနဲ့ အခွန်ဆောင်တဲ့သူနဲ့က မမျှဘူး။ မမျှတဲ့ အခါကျတော့ ကျနော်တို့က စောင့်ရတာပေါ့နော်။ ဆောင်တဲ့ နေရာမှာလည်း သူတို့ဆီက ချလံထုတ်၊ အစိုးရဘဏ် သွားဆောင် ဆိုတော့ အစိုးရဘဏ်၊ သူတို့ သတ်မှတ်တဲ့ဘဏ်မှာ တန်းစီပြီး စောင့်ရတယ်။ အဲတော့ အခွန်ဆောင်ရတဲ့ သူတွေအတွက်လည်း လွယ်ကူအောင်ပေါ့နော် ကျနော်မြင်တာက စနစ်ကို ပြောင်းဖို့ လိုတယ်။ နောက်တခုက အခွန်ဆောင်တာနဲ့ မဆောင်တာနဲ့ ဘာမှ ခံစားခွင့်မရှိဘူး။ "

ပြည်သူတွေ ပိုပြီး အခွန် ထမ်းဆောင်လာစေဖို့ ၊ အခွန်ဆောင်မထားတဲ့ ငွေတွေ ဈေးကွက်ထဲကိုဝင်လာဖို့ ရည်ရွယ်ပြီး အစိုးရက အခွန် သက်သာခွင့်နဲ့ ဆောင်ရွက်နေပေမယ့် ဘယ်လောက် ထိရောက်သလဲ ဆိုတာတော့ မသိရပါဘူး။ ဒါ့အပြင် ၂၀၁၉ ခုနှစ် အတွင်းမှာ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးကို နိုင်ငံတော်ကို ပေးစပ်စရာတွေ ပေးသွင်းဖို့ ပျက်ကွက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အစိုးရကို ရွှေပိသာချိန် ထောင်ချီ ပေးဖို့ ရှိနေတဲ့ မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ငန်းရှင် သူဌေး ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံက ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်ပြီး လွှဲပေးခဲ့ပါတယ်။
အခွင့်ထူးတွေ ရရှိခဲ့တဲ့ မိုးထိမိုးမိ လုပ်ငန်းရှင် သူဌေးကို ဖမ်းဆီးလိုက်တာက မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်နည်းလုပ်ဟန် အခင်းအကျင်း အပြောင်းအလဲ တရပ်လို့တော့ မဆိုနိုင်သေးပါဘူး။ လက်သင့်ရာ စားတော်ခေါ်တဲ့ အငွေ့အသက်မျိုးတော့ ရှိနေသေးတယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဦးမင်းခင်က ပြောပါတယ်။

" ရှိသလောက်တော့ ရှိသေးတယ်ဗျ။ ရှိသေးတယ်။ ရှိနေသေးတယ်။ ဟို အသစ်ရတဲ့ ဟာတွေတောင် ရှိတယ်။ ဆိုတော့ အားလုံး ခြုံပြောရင်သာ တနိုင်ငံလုံး အခြေအနေ အားလုံး ခြုံပြောရင်သာ ကျနော်တို့ ခုနလို အပြောင်းအလဲ ဘက်ကို ရွေ့ နေတယ် ဆိုပေမယ့် ဒီကြားထဲမှာ အခွင့်အရေး ရတဲ့သူတွေ လူမသိ သူမသိ အဆင်ပြေ နေတဲ့လူတွေ ပြန်ပြီးတော့ ထောင်လာတဲ့ လူတွေ ရှိနေကြတယ်။ အဲဒါတွေကို တချို့ အရင်တုန်းကလိုတော့ ပေါ်ပေါ်ထင်ထင် လုပ်လို့ မရတော့ဘူးပေါ့လေ။ သို့သော်လည်း သူ့လမ်းကြောင်းနဲ့သူ ထောင်နဲ့ကြတာတွေ ချဉ်းကပ်နေကြတာတွေ၊ ချိတ်ဆက်ပြီး လုပ်နေကြတာတွေ အဲဒါတွေကတော့ ရှိနေသေးတယ်။ ဒီဘက်ခေတ်မှာ အလုပ်ကောင်း အကိုင်ကောင်း ရပြီးတော့ အရင်တုန်းက လမ်းကြောင်းမျိုးနဲ့ အဲဒါမျိုးကတော့ ရှိနေသေးတယ်။"

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ကတော့ မြန်မာ့ စီးပွားရေး တည်ငြိမ်မှုရှိတယ်လို့ ပြောထားပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ရှိနေတဲ့ အပေါ် အခြေအနေ စောင့်ကြည့်နေတာကြောင့် ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာတော့ လျော့နည်းသွားတယ်လို့လည်း IMF က ပြောပါတယ်။


ရခိုင် ပဋိပက္ခကြောင့် မူဆလင် ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေး ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ တရားစွဲဆိုခံရမှုတွေ ဒဏ်ခတ် ပိတ်ဆို့မှုတွေလည်း ၂၀၁၉ မှာ ဖြစ်လာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘာသာရေး နှိပ်ကွပ်မှု စတဲ့ စွဲချက်တွေနဲ့ လူပုဂ္ဂိုလ်တွေ အပေါ်မှာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ် ဒဏ်ခတ်ဖို့ တိုက်တွန်းနေကြတာပါ။ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ် ဒဏ်ခတ်ရေး ဥပဒေကြမ်းက အမေရိကန် အထက်လွှတ်တော်မှာ ရောက်ရှိ နေပြီ ဖြစ်ပေမယ့်လည်း အတည်မဖြစ်နိုင်သေးတဲ့ အကြောင်းရင်းကိုတော့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က အခုလို သုံးသပ်ပါတယ်။

“ စစ်တပ် ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မယ့် ဥပဒေကြမ်း တခုက အမေရိကန် လွှတ်တော်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ အထက်လွှတ်တော် အမတ် Mitch McConnell က ဒါကို ထိန်းထားပါတယ်။ ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ကို သူက ခွင့်မပြုပါဘူး။ အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ဒီလိုမျိုး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကိုတော့ ချမှတ်နေပါတယ်။ အခုအချိန်ထိတော့ မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီးတွေ အမေရိက မလာနိုင်အောင် တားဆီးထားပါတယ်။ အမေရိကန်က ဘဏ်တွေမှာ သူတို့ အပ်ထားတဲ့ ငွေကြေးတွေ ရှိရင် အဲဒီ ပိုက်ဆံတွေကို ထိန်းချုပ် ရယူထားမယ်လို့ ပြောဆိုထားပါတယ်။ ဒါမျိုးက လွဲပြီး ထူးခြားတဲ့ စီးပွားရး အရ ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ထားတာ မရှိသေးပါဘူး။ ကျနော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံတွင်းက စစ်တပ် စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ Mytel ၊ Myanmar Beer တို့လို သူတို့ပိုင်ပြီး ငွေကြေးပမာဏလည်း များတဲ့ ဒီ လုပ်ငန်းတွေ အပေါ်မှာ ဒဏ်ခတ်မှုတွေ ပိုပြီး တွေ့လိုပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဒီ ကုမ္ပဏီတွေ အပေါ် သီးသီးသန့်သန့် ဒဏ်ခတ်မှု မရှိသေးပါဘူး။ ”

တိုက်ရိုက် လင့်ခ်

(Unicode)










XS
SM
MD
LG