သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၁-၂၀၂၂ အခြေခံပညာသင်နှစ်ကာလ ၆ လလောက်သာရှိမည်


{{Zawgyi/Unicode}}

၂၀၂၁-၂၀၂၂ အခြေခံပညာစာသင်နှစ်ကာလဟာ ၆ လလောက်ပဲ ရှိမှာဖြစ်ပြီးတော့ အဲဒီ ၆ လတာကာလအတွင်း အတန်းလိုက် စာမေးပွဲတွေကို သင်္ကြန်မတိုင်ခင် အပြီးစစ်ဆေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။ ကျောင်းအပ်တဲ့ ကျောင်းသားအရေအတွက်ထက် အမှန်တကယ် တက်ရောက်နေတဲ့ အရေအတွက်က ပိုနည်းနေတာကိုလည်း ဒီကနေ့ပြောသွားတဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၂၁-၂၀၂၂ အခြေခံပညာ စာသင်နှစ်အတွက် ကျောင်းအပ်ထားသူပေါင်း ၄၇ သိန်းကျော်ရှိပြီးတော့ တက်ရောက်နေသူကတော့ ၃၃ သိန်းသာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် စာသင်ကာလနဲ့ လိုက်လျောညီထွေအောင် ကျောင်းသင်ခန်းစာတွေကို ဖြေလျော့ထားတဲ့ သင်ရိုးနဲ့ သင်ကြားပေးနေပြီး အဲဒီသင်ရိုးရဲ့ ၆၀% ကို ကျောင်းမှာသင်မှာ ဖြစ်ပြီးတော့ ကျန်တဲ့ ၄၀% ကိုတော့ ကျောင်းသားကိုယ်တိုင် လေ့ကျင့်ရမယ့်ပုံစံမျိုးနဲ့ ပြောင်းလဲသင်ကြားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အခြေခံပညာ ကျောင်းသားအားလုံးအတွက် စာသင်ကာလ ၆ လတာအတွင်း စာမေးပွဲတွေကို အတန်းအလိုက်စစ်ဆေးသွားမယ့် ပုံစံနဲ့ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"ကျောင်းသားများရဲ့ သင်ယူမှု၊ တတ်မြောက်မှု ရလဒ်ကိုတိုင်းတာဖို့ ကျောင်းတွင်း စစ်ဆေး အကဲဖြတ်ခြင်းကို ပထမနှစ်ဝက် စစ်ဆေးခြင်းနဲ့ နှစ်ဆုံးစစ်ဆေးခြင်းဆိုပြီး နှစ်ကြိမ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမနှစ်ဝက် စစ်ဆေးခြင်းကိုတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီစစ်ဆေးခြင်းမှာ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ သင်ယူခဲ့တဲ့ သင်ခန်းစာများ ပါဝင်မှာဖြစ်ပါတယ်။ နှစ်ဆုံးစစ်ဆေးခြင်းကိုတော့ မတ်လလောက်မှာ စစ်ဆေးဖို့ ရည်မှန်းထားပြီး ဇန်နဝါရီမှ မတ်လအထိ သင်ယူခဲ့တဲ့ သင်ခန်းစာတွေကို စစ်ဆေးအကဲဖြတ်တာ ဖြစ်ပါတယ်။ သင်ရိုးအဟောင်း Grade 11 တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဧပြီလ သင်္ကြန်မတိုင်ခင်မှာ စစ်ဆေးသွားမှာဖြစ်လို့ ကျောင်းတွင်းစစ်အတန်းများရဲ့ နောက်ဆုံးစစ်ဆေးခြင်းများသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် မတ်လအတွင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ Grade 1 ကနေ Grade 3 အထိ တတ်မြောက်မှုစစ်ဆေးခြင်းကိုတော့ စာသင်ခန်းအတွင်း ပုံမှန်စစ်ဆေးအကဲဖြတ်ခြင်းဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စာသင်နှစ်ကာလဟာ တွက်ကြည့်ရင် ၆ လခန့်သာ ကြာမှာဖြစ်ပါတယ်။"

တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာသင် ကျောင်းအားလုံး ပြန်ဖွင့်နိုင်ဖို့ကတော့ ကိုဗစ်ဖြစ်ပွား ကူးစက်မှုပေါ် မူတည်နေပါတယ်။ ကပ်ရောဂါအခြေအနေကြောင့် မြို့နယ် ၄၆ မြို့နယ်က စာသင်ကျောင်းတွေကို အခုထိ ပိတ်ထားရတုန်းပါ။ အခုဖွင့်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်နေတဲ့ အသက် ၁၂ နှစ်အထက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂ သိန်းကျော်ကိုတော့ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးထားပြီလို့ သိရပါတယ်။ အဆင့်မြင့်ပညာကျောင်းတွေကိုတော့ ၂၀၂၂ ဇန်နဝါရီလထဲ ပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးတာက နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းအရ လူဦးရေ ၁၅.၃ သန်းရှိပါပြီ။ အသက် ၁၈ နှစ်အထက်ရှိသူ လူဦးရေ အားလုံးရဲ့ ထက်ဝက်ကို အခုနှစ်ကုန်အတွင်း ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။

"COVID-19 ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ကာကွယ်ဆေး ထပ်မံရရှိဖို့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ ညှိနှိုင်းဆောင်ရွက်နေသလို စက်မှုဝန်ကြီးဌာနအနေနဲ့လည်း တရုတ်နိုင်ငံနဲ့ သဘောတူညီချက်ရယူပြီး ပြည်တွင်းမှာ ကာကွယ်ဆေးထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။"

အခုပြည်တွင်းမှာ ထိုးပေးနေတာက တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ဖြစ်ပွား ကူးစက်နှုန်း လျော့နည်းလာတာနဲ့အညီ ခရီးသွားလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ကို စစ်ကောင်စီအနေနဲ့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

========

{{Unicode}}











========

XS
SM
MD
LG