မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ်လို့ စစ်အစိုးရ ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် ပြည်နယ်နဲ့ တိုင်းဒေသအလိုက် မဲဆန္ဒနယ်မြေ စာရင်းတွေကို ကြာသပတေးနေ့မှာ စတင် ထုတ်ပြန်သွားမယ်လို့ မြန်မာအစိုးရ ရုပ်သံတွေမှာ ကြေညာလိုက်ပါတယ်။
အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒနယ်မြေ စာရင်းတွေကို ကြာသပတေးနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံမှာ အချပ်ပိုအနေနဲ့ ထည့်သွင်း ဖော်ပြမယ့်အပြင် ပြည်နယ်နဲ့ တိုင်းဒေသ ကော်မရှင် ရုံးခန်းတွေမှာလည်း ကပ်ထားမယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ မှာ လူထုက ၃၃၀ ကို ရွေးကောက် တင်မြှောက်ရမှာဖြစ်ပြီး အမျိုးသားလွှတ်တော် အမတ် နေရာ ၂၂၄ နေရာအတွက် ၁၆၈ ဦးကို ပြည်သူက ရွေးကောက်ရမှာ ဖြစ်ပါတယ်။ ကျန်အမတ် နေရာတွေကိုတော့ စစ်တပ်အကြီးအကဲက တိုက်ရိုက် ခန့်ထားမှာ ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဦးဆုံး ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျင်းပပေးမယ့်ရက်ကို အခုထိ စစ်အစိုးရက မကြေညာသေးပါဘူး။ အခုလို မကြေညာနိုင်သေးတာဟာ စစ်အစိုးရ အနေနဲ့ အတွင်းပြဿနာတချို့ ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
ဒါ့အပြင် ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်ဘဲ NLD ပါတီအပေါ် အာဏာပိုင်တွေက ခြိမ်းခြောက်မှုတွေ ရှိနေတာဟာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
ရွေးကောက်ပွဲဝင်မယ့် ပါတီတွေထဲက ဒီမိုကရက်တစ် ပါတီကလည်း သူတို့ ပါတီဝင်တွေဆီကို ထောက်လှမ်းရေးတွေ လာပြီး ကိုယ်ရေး အချက်အလက်တွေ၊ ဓာတ်ပုံတွေ တောင်းဆိုနေတာမို့ ဒါဟာ ခြိမ်းခြောက်သလို ဖြစ်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တနင်္လာနေ့က တိုင်ကြားထားပြီး ဒါဟာ မလုပ်သင့်တဲ့ ကိစ္စတရပ် ဖြစ်တယ်လို့လည်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။