ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပါတီဝင် စုဆောင်းခြင်း၊ စည်းရုံးဟောပြောခြင်းတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေဟာ တင်းကျပ်လွန်းတယ်လို့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။ ဒါပေမဲ့ ပါတီတွေအနေနဲ့ လူထုနဲ့ ထိတွေ့ဖို့ တရားဝင် အခွင့်အရေး ရတာမို့ တင်းကျပ်တဲ့ အခြေအနေအောက်မှာ ဆက်လုပ်သွားရမှာပဲလို့ ပြောတာတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ပါတီဝင်အင်အား စုဆောင်းရာမှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ရဲ့ ခွင့်ပြုချက်ယူဖို့ လိုတာနဲ့ စည်းရုံးဟောပြောစဉ်မှာလည်း လုံခြုံရေးအရ ပိတ်ပင်ဖို့ လိုအပ်ရင် ခွင့်ပြုမိန့်ကို ရုပ်သိမ်းနိုင်ခွင့် အပါအဝင် လိုက်နာရမယ့် စည်းကမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဒီညွှန်ကြားချက်အတိုင်း လိုက်နာရမယ်လို့လည်း ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က ဆိုပါတယ်။
စည်းရုံးရေးကာလမှာ လွတ်လပ်ခွင့်ရှိမှ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ချင်းအမျိုးသား တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနိုကမ်းထမ်က ပြောပါတယ်။
“တကယ့်မဲပုံးမှာ မဲသွားထည့်တဲ့ အချိန်ထက် စည်းရုံးရေးကာလက ပိုအရေးကြီးပါတယ်။ ဒီလို ကန့်သတ်ချက်များတော့ စိတ်မကောင်း ဖြစ်မိတယ်လေ။ စည်းရုံးရေးကာလမှာ လွတ်လွတ်လပ်လပ် ဟောပြောနိုင်ကြမယ်၊ စည်းရုံးနိုင်ကြမယ် ဆိုရင်တော့ တကယ့် ရွေးကောက်ပွဲမှာ လွတ်လပ်မှုရှိတယ်၊ တရားမျှတမှု ရှိတယ်လို့ ပြောလို့ရမှာပေါ့။ အခုညွှန်ကြားမှုအတိုင်း ဆိုရင်တော့ ကန့်သတ်ချက်တွေ တော်တော်များတဲ့ အခါကျတော့ လွတ်လပ်မှုရှိတယ်လို့ ပြောရခက်လိမ့်မယ်။”
ဒီညွှန်ကြားချက်ကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသွားမယ်လို့လည်း ချင်းအမျိုးသား တိုးတက်ရေးပါတီက ဆိုပါတယ်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းကတော့ တင်းကျပ်တဲ့ စည်းကမ်းတွေ ဖြစ်ပေမဲ့ လူထုနဲ့ထိတွေ့ဖို့ အခွင့်အလမ်းတခုလို့ ပြောပါတယ်။
“တင်းကျပ်တဲ့ ဥပဒေတွေတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က လူထုနဲ့ တိုက်ရိုက် စည်းရုံးဟောပြောခွင့် ရမယ်ဆိုတဲ့ အခြေအနေပေါ်မှာ လက်ခံသဘောတူပါတယ်။ ဘာကြောင့်လဲဆို တင်းကျပ်တယ်ပေါ့ဗျာ၊ ဘယ်သူဟောမှာလဲ၊ ဘယ်အချိန်ဟောမှာလဲ၊ ဘယ်အချိန်လုပ်မယ်၊ ဘယ်အချိန်ပြီးမယ်၊ ဘယ်အချိန်ကျရင် ဘယ်လိုလုပ်၊ ကျနော်တို့ အသံချဲ့စက် သုံးမယ်ဆို အသံချဲ့စက် လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေ၊ ဒီအချက်အလက်တွေ အများကြီးပါပါတယ်။ သို့သော် ကျနော်တို့က ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရရေးဟာ အခု နှစ် ၂၀ သက်တမ်းအတွင်း တရားဝင် ထိတွေ့မှု ရနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။”
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ စည်းရုံးဟောပြောတဲ့ နေရာကို အလံကိုင်ပြီး လာတာတွေ၊ စီတန်း လမ်းလျှောက်တာတွေ မလုပ်ရဘူးလို့လည်း ပါရှိပါတယ်။ ပြီးခဲ့တဲ့လက ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ရုံးဖွင့်ပွဲမှာ အလံတွေ ကားပေါ်တင်ပြီး သွားခဲ့တာကြောင့် ခရိုင်ကော်မရှင်က တားမြစ်ခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။
“အေးပေါ့ဗျာ၊ ကော်မရှင်ကတော့ အဲဒါမျိုးပြောတယ်။ ကျနော်တို့ကလည်း ပြောတယ်၊ ဒါ ဥပဒေနဲ့ မညီဘူးလို့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပါတီ တခုဟာ ကိုယ့်ရဲ့အလံ သင်္ကေတကို လူထုသိအောင် လုပ်ရမှာပဲလို့၊ အဲဒါကို တားခဲ့လို့ရှိရင် ပါတီက လုပ်လို့ရမှာ မဟုတ်ဘူးလို့၊ နိုင်ငံရေးဆိုတာ လူထုသိအောင် လုပ်ရတာလို့ သူတို့ကို ပြောပြခဲ့တယ်ဗျာ။”
အခုလို စည်းကမ်းသတ်မှတ်ချက်တွေကြောင့် စည်းရုံးရေး လုပ်ငန်းတွေ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကလည်း ပြောပါတယ်။
“ဒါကတော့ ရွေးကောက်ပွဲဆိုတော့ လုပ်ပိုင်ခွင့်တွေ တချို့ ရတာပေါ့။ လူထုနဲ့ တွေ့ပိုင်ခွင့်တွေ၊ အစည်းအဝေး လုပ်ပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တော့ရှိတယ်၊ ကန့်သတ်ချက်ပါတယ်၊ ဒါပါပဲ။ ကိုယ်လုပ်ချင်ရာ မလုပ်နိုင်ဘဲ ဒါက ကန့်သတ်ချုပ်ချယ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျနော်တို့လုပ်တဲ့ ဟာတွေမှာ ဘာတွေ သတိထားပါ၊ ညာတွေ သတိထားပါ ဆိုတော့ လုပ်ရကိုင်ရ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့တွေ လုပ်နေတာ ဘောင်ထဲကပဲ၊ ကျနော်တို့ကတော့ ဒီလိုပဲ အခက်အခဲတွေနဲ့ ကြုံရမယ်လို့ မျှော်လင့်ထားပြီးသား။”
ဒါကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အပေါ် နိုင်ငံရေးပါတီ တချို့ရဲ့ အမြင်သဘောထားတွေ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ပါတီထူထောင်ခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။ ပါတီထူထောင်ခွင့်ရပြီး ၂ လနီးပါး အကြာမှာ ပါတီတွေ လိုက်နာရမယ့် ညွှန်ကြားချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ပါတီစည်းရုံးရေး လုပ်ရာမှာ အင်တာနက် စာမျက်နှာ ဖွင့်တာ၊ ပုံနှိပ်ထုတ်ဝေတာနဲ့ ဟောပြောတာတွေကို ချမှတ်ထားတဲ့ စည်းကမ်းဥပဒေ ဘောင်ထဲက လုပ်ပိုင်ခွင့် ရှိပေမဲ့ အခုချိန်ထိ တီဗွီနဲ့ ရေဒီယိုတွေကို အသုံးပြုပြီး မဲဆွယ်စည်းရုံးခွင့်တော့ မရသေးဘူး။