၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွှတ်တော်ခေါ်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီပါတီက ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဆီကို အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ပြည်ထောင်စု ဒီမိုကရေစီပါတီက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ဒါကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီစာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အာဏာတည်တဲ့နေ့ မတိုင်မီ ပြည်သူ့လွှတ်တော် အပါအဝင် လွှတ်တော်အဆင့်ဆင့်ရဲ့ ပထမအကြိမ် အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် နအဖအနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွှတ်တော်ခေါ်ဖို့ ခက်မယ်လို့ ဆိုပါတယ်။
“အဓိက အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆို လွှတ်တော်ခေါ်လို့ မရဘူး။ မရတဲ့ အကြောင်းရင်းက ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာတည်မယ့်ရက်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ယူတဲ့ အချိန်ကျမှ အာဏာတည်မှာ၊ ခေါ်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ပါတယ်၊ ကျနော်တို့စာမှာ ဖော်ပြထားတယ်။ ဒါတွေကို လုပ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံက အတည်ပြုပြီးမှ ဖြစ်မှာ။ Referendum လုပ်ပြီးတဲ့အချိန်မှာ အာဏာမတည်ဘဲ ပထမအကြိမ် ပြည်သူ့လွှတ်တော်ခေါ်မှ အာဏာတည်ရမယ် ဆိုတဲ့အတွက် ပြောင်းပြန်ဖြစ်သွားတယ်။
“ဘယ်လိုဖြစ်သွားလဲဆိုတော့ ပြည်သူ့လွှတ်တော် ခေါ်ယူရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်ရမယ့် ကိစ္စတွေက ဆောင်ရွက်လို့ မရဘူး ဖြစ်နေတယ်၊ ဘာလို့ဆိုတော့ အာဏာမတည်သေးလို့။ အမျိုးသား ညီလာခံက ချမှတ်လိုက်တဲ့မူမှာ အဲဒီအတိုင်း ပါတယ်၊ Referendum လုပ်ပြီးရင် အာဏာတည်စေရမယ်လို့ ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံကို ၂၀၀၈ မှာ အတည်ပြုထားရင် ၂၀၁၀ အထိ လက်ရှိ စစ်အစိုးရက ဖွဲ့စည်းပုံအောက်ကို ရောက်မှာ၊ အဲဒီ ဖွဲ့စည်းပုံအောက် ရောက်မှာစိုးလို့ သူက နောက်ကို ရွှေ့လိုက်တာ။”
၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်သူ့လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရက် ၉၀ အတွင်း ခေါ်ယူရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ခေါ်ယူတဲ့နေ့မှာပဲ ဖွဲ့စည်းပုံအာဏာ တည်တယ်လို့ ပါရှိပါတယ်။
NLD ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးအောင်သိန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ လွှတ်တော်အဆင့်ဆင့် ခေါ်ယူရေး အချိန်ကာလကို တိတိကျကျ မဖော်ပြထားဘူးလို့ ဆိုပါတယ်။
“အဲဒါကတော့ မှန်တယ်ဗျ၊ သူက လွှတ်တော်ပေါ်ပြီးတဲ့ နောက်မှာက နအဖက နေပြီးတော့ သူ အာဏာလွှဲပေးမယ်ပေါ့။ အာဏာလွှဲပေးမယ်ဆိုတာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ပြီးတဲ့ နောက်ပိုင်းမှာ အာဏာလွှဲပေးမယ်ဆိုတာ ဘယ်ကာလလဲဆိုတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကလည်း ဘယ်လို အချိန်အခါမျိုးကျမှ လုပ်မလဲဆိုတဲ့ ကိစ္စရပ်တွေတော့ ရှိတာပေါ့ဗျာ။ ဒါက တဘက်က မြှုပ်ထားတဲ့ အကွက်တကွက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
“ရက်ပေါင်း ၉၀ အတွင်း ခေါ်ပေးမယ်ဆိုတာ ရွေးကောက်ပွဲပြီး ပြည်သူ့လွှတ်တော် ခေါ်မယ်ဆိုတာ ရွေးကောက်ပွဲ ပြီးတာနဲ့ ပြည်သူ့လွှတ်တော် တန်းခေါ်လို့ မရနိုင်သေးဘူးခင်ဗျ။ ဒါတွေက သူတို့ ကိုယ်စားလှယ် စိစစ်တာတို့၊ ဘာတို့၊ ညာတို့ ရှိဦးမှာပေါ့။ အဲဒီကိစ္စတွေ ပြီးမှသာလျှင် သူတို့ဘက်က အဆုံးအဖြတ်ပေးမယ့် ဟာတခု ဖြစ်ပေါ်လိမ့်မယ် ထင်ပါတယ်။”
အခုလို တိတိကျကျ မဖော်ပြတဲ့အတွက် ၉၀ ခု ရွေးကောက်ပွဲရလဒ်လို ဖြစ်လာနိုင်တယ်လို့ ဦးဖြိုးမင်းသိမ်းက ဆက်ပြောပါတယ်။
“ဘာထိခိုက်နစ်နာမလဲဆိုရင် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် လွှတ်တော်ခေါ်ယူလို့ မရဘူးဆိုရင် ဒီရွေးကောက်ပွဲဝင်တာ ဘာအဓိပ္ပာယ်မှ မရှိနိုင်ဘူးလေ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဖော်ပြထားချက်အရ၊ ရွေးကောက်ပွဲ ဥပဒေရဲ့ ဖော်ပြထားချက်တွေ အရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ လွှတ်တော်ခေါ်ယူဖို့အတွက် ခိုင်မာတဲ့ ဥပဒေတရပ် မရှိဘူး။
“၉၀ ခုနှစ်တုန်းကလည်း အဲဒီလို ပြဿနာမျိုး ပေါ်ခဲ့ဖူးတယ်။ ၉၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူရေး အစီအစဉ်တွေ မပါလာတဲ့အတွက် အခု နှစ် ၂၀ လုံးလုံး လွှတ်တော်မခေါ်နိုင်ခဲ့ဘူး။ အခုတကြိမ်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လွှတ်တော်ခေါ်လို့ မရဘူးဆိုရင် ဒီတကြိမ်မှာလည်း ရွေးကောက်ပွဲဝင်လို့ အဖြေမှန်တွေ မထွက်လာမှာကို ကျနော်တို့က စိုးရိမ်တယ်။”
ဒီအခြေအနေအပေါ် အခြား နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဆိုပါတယ်။