သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆွယ်ဖို့ စည်းကမ်းချက်တွေ များလွန်း


ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လိုက်နာရမယ့် ကြေညာချက်ကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့အကြောင်း စစ်အစိုးရပိုင် သတင်းစာတွေမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ တချို့ နိုင်ငံရေးပါတီတွေကတော့ ဒီကြေညာချက်မှာပါတဲ့ အချက်တွေ လိုက်နာဖို့ မခဲယဉ်းလှဘူးလို့ ဆိုကြပေမဲ့ တချို့ ပါတီတွေကတော့ အချိန်နည်းရတဲ့ အထဲမှာ စည်းကမ်းချက်တွေ များလွန်းနေတယ်လို့ ပြောနေပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ကိုကျော်အောင်လွင် သတင်းပေးပို့ထားပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ် စည်းရုံးခွင့်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ရမယ်၊ မလိုက်နာရင် အရေးယူခံရမယ်ဆိုတဲ့ ကြေညာချက်ကို မနေ့က သြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တာကို သတင်းစာတွေမှာ ဒီကနေ့ ဖော်ပြထားတာပါ။

အဲဒီကြေညာချက်ထဲမှာ စည်းကမ်းချက်တွေက တော်တော်များပါတယ်။ စည်းရုံးဟောပြောမယ်ဆိုရင် ပါတီရုံးတွေမှာ လုပ်တဲ့ ပွဲတွေကလွဲရင် ကော်မရှင်ရဲ့ ခွင့်ပြုချက် မပါဘဲ လုပ်ခွင့် မရှိပါဘူး။ ပါတီရုံးတွေမှာ လုပ်မယ်ဆိုရင်တောင်မှ ကြိုပြီးတော့ အကြောင်းကြားရမှာပါ။ ဒီလို ကန့်သတ်ချက်တွေဟာ မကြာခင်ကမှ ဖွဲ့ခွင့်ရကြတဲ့ နိုင်ငံရေး ပါတီတွေအတွက် တင်းကျပ်မှုတွေပဲလို့ ယူဆသူတွေလည်း ရှိပါတယ်။

“ကိုယ့်ရုံးမှာ ကိုယ်လုပ်ရင်တောင်မှ သူတို့ကို ကျနော်တို့က ကြိုပြီး အကြောင်းကြားရမှာလေ။ အရေးပေါ် ချက်ချင်းထလုပ်လို့ မရတဲ့ အနေအထားပေါ့ဗျာ။ ချုပ်ကိုင်မှု တခုပေါ့။ ဟောပြောမည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာ၊ လျှောက်ထားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာ၊ အဲဒါတွေက အသေးစိတ် သူတို့ကို ကျနော်တို့ တင်ပြတော့ အချိန်ကုန်တာပေါ့ဗျာ။

“လျှောက်ထားချက်ကို လိုအပ်သလို စိစစ်ပြီး၊ လိုအပ်သလိုဆိုတဲ့ အသုံးအနှုန်းက တော်တော်ဆိုးတာဗျ။ လျှောက်ထားချက်ကို လိုအပ်သလို စိစစ်ပြီး ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်တဲ့၊ သူတို့ဘက်က။ အဲဒီအချက်တွေက ကျနော်တို့အပေါ်မှာ အခွင့်အလမ်းတွေ နည်းနိုင်သမျှ နည်းအောင် သူတို့က ချုပ်ကိုင်ထားတာပေါ့။”

ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဌေး ပြောသွားတာ ဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့ စည်းကမ်းချက်တွေဟာ သူတို့အတွက်တော့ သိပ်ဆန်းလှတာ မဟုတ်ပါဘူး ဆိုတာကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံ ရှိထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီပဲ ဖြစ်ပါတယ်။

“NDF အနေနဲ့ သိပ်ပြီးတော့ အခက်အခဲ ကြီးကြီးမားမား မရှိဘူး၊ အဲဒီကြေညာချက်တွေနဲ့ ပတ်သက်ပြီး။ ကျနော်တို့က ၉၀ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိခဲ့တာကိုး။ ၉၀ ရွေးကောက်ပွဲတုန်းကလည်း အဲဒီလိုပဲ အကန့်အသတ်တွေနဲ့ပဲ လုပ်ခဲ့ရတယ်။ အခုသတ်မှတ်တဲ့ အချက်တွေကလည်း ၉၀ ရွေးကောက်ပွဲမှာ သတ်မှတ်တဲ့ အချက်တွေနဲ့ သိပ်အကွာကြီးတော့ မဟုတ်ဘူး။”

NDF ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း ပြောသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် ရတဲ့အချိန် နည်းရတဲ့အထဲမှာ စာရွက်စာတမ်း ရုံးလုပ်ငန်းတွေနဲ့ အသိပေး အကြောင်းကြားရတာတွေကလည်း ထပ်ရှိလာတော့ အလုပ်တွေ ပိုရှုပ်ရတယ်လို့ မြန်မာဒီမိုကရေစီ ကွန်ဂရက်စ်ရဲ့ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

“မလိုအပ်တဲ့ Paper Works တွေကို ပိုပိုပြီးတော့မှ များအောင် လျှောက်လုပ်နေတယ်လို့ပဲ ကျနော် မြင်တယ်။ ဥပမာ နိုင်ငံရေးပါတီ ခေါင်းဆောင်တယောက် အနေနဲ့ သူ့ရဲ့ အချက်အလက်တွေ အားလုံးကို ကော်မရှင်က သိပြီးပြီ။ ထောက်လှမ်းရေးကလည်း သိပြီးပြီ။ အားလုံး ပြောပြီးသားလေ။ အဲဒါကို နောက်တခါ ထပ်ရေးရဦးမယ်၊ ထပ်တင်ရဦးမယ်၊ သွားပြီးတော့ တင်ရဦးမယ်ဆိုရင်၊ ဒီရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကျနော်တို့ လုပ်နိုင်မယ့် ပွဲအရေအတွက်က တပွဲ နှစ်ပွဲထက်တောင် မပိုလောက်ဘူးလို ဖြစ်နေတယ်။

“ကျနော်တို့က နီးနေတဲ့အတွက် မနက်လည်း တပွဲလုပ်မယ်၊ နေ့လယ်လည်း တပွဲလုပ်မယ်၊ အဲဒီလိုသွားမှ ရမှာလေ။ ပေးထားတဲ့ အချိန်က နည်းတယ်၊ အချိန်နည်းနည်းလေး အတွင်းမှာ တက်သုတ်ရိုက်ပြီးတော့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ရမယ်။ အဲဒီလို လုပ်ဖို့အတွက်လည်း ပွဲစဉ်တိုင်း၊ ပွဲစဉ်တိုင်း သူတို့ကို ကြိုပြီး တင်ပြရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။”

ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဌေးကတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေး ပါတီတွေကို အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့က တိုင်းပြည်ရဲ့ နိုင်ငံရေး ပဋိပက္ခကို ရွေးကောက်ပွဲ သွားခြင်းအားဖြင့် ပြေလည်မှုတခုက အတန်အသင့် ရှိကောင်း ရှိနိုင်တယ် ထင်ပြီးတော့ ကျနော်တို့ဘက်က အပြုသဘောဆန်ဆန် သွားတဲ့အချိန်မှာ ကျနော်တို့ကို သူတို့က အပြုသဘောဆန်ဆန် ဆက်ဆံတာ၊ ခွင့်ပြုတာ မရှိဘူးဗျ။ မရှိဘဲနဲ့ သူတို့က တဖက်သတ် တအားဆန်တာ တနေ့ထက်တနေ့ ပိုပို ဆိုးဆိုးလာတယ်ဗျ။ ဆိုးဆိုးလာတဲ့အပိုင်းမှာ ကျနော်တို့က ရပ်တည်ရတာ၊ ရှင်သန်ရတာ တအားခက်ခဲတယ်ဗျ။”

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တချို့ပါတီတွေက ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ခွင့်ရဖို့ လျှောက်ထားကြတုန်း၊ တချို့ပါတီတွေက မှတ်ပုံတင် ချမပေးသေးလို့ စောင့်နေကြတုန်းပါ။ အခုလ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို အချိန်မီ တင်သွင်းနိုင်ဖို့နဲ့ ကိုယ်စားလှယ်လောင်း တဦးအတွက် ကျပ်ငွေ ၅၀၀,၀၀၀ ဘဏ်ကို ပေးဆောင်ရမယ့် ကိစ္စတွေနဲ့ နိုင်ငံရေး ပါတီတွေ အကြီးအကျယ် အလုပ်ရှုပ်နေကြတဲ့ အချိန်မှာ အခုလို စည်းကမ်းချက်တွေ ထွက်ပေါ်လာတာပါ။ အဲဒါကြောင့် နိုင်ငံရေး ပါတီတွေ အနေနဲ့ သတ်မှတ်ချက်၊ ကန့်သတ်ချက်တွေနဲ့ အညီ လုပ်ဆောင်နိုင်ဖို့ အတော် သတိထား ဆောင်ရွက်နေကြရပါတယ်။

XS
SM
MD
LG